သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က လူငယ် ရာနဲ့ချီပြီး အိန္ဒိယဘက် တိမ်းရှောင်


အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြသူများ။ (မတ် ၁၃၊ ၂၀၂၁)
အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြသူများ။ (မတ် ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိဆက်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့က မြို့တွေမှာ ဆန္ဒပြသူတွေအပေါ် တပ်တွေက ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးမှုတွေ လုပ်နေတာကြောင့် အများအပြား အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးနေကြပါတယ်။ တမူးနဲ့ မိုရေးနယ်စပ်မှာ သောင်တင်နေကြသူတွေ ရှိသလို အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက် တိမ်းရှောင်နေကြသူတွေလည်း ရှိတဲ့အကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဆန္ဒပြသူတွေကို တပ်တွေက ပစ်ခတ်ဖြိုခွဲသလို ဆန္ဒပြသူတွေဘက်ကလည်း ရရာလက်နက်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်တပ် နောက်ဆက်တွဲ ဖမ်းဆီးနှိမ်နင်းနေတာကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံဘက် ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ဘက် ရောက်လာသူ ၄၀၀ လောက် ရှိနေပြီလို့ မိုရေးမြို့မှာနေသူတယောက်က ပြောပါတယ်။

“မနေ့ကရောက်တာ အယောက် ၂၀၀ ကျော်တယ်ဗျ။ ဒီနေ့လည်း ၂၀၀ ကျော်လောက်ရှိမှာ။ ကျနော်တို့ အခု သွားကြိုရမှာ။ အဓိကတော့ မြန်မာနဲ့ အိန္ဒိယနဲ့နယ်စပ်ကြားမှာ ရှိတဲ့အပေါက်တွေ အားလုံးပေါ့နော်။ ရွာက ကျနော်တို့ လူရှိတယ်။ ၄ ရွာရှိတယ်။ အဲဒီ ၄ ရွာကို ကျနော်တို့ မြို့ရှောင်လမ်းဘက်ပေါ့နော်။ အဲဒီ ၄ ရွာမှာထားမှာ။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့ဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို နယ်စပ်ရွာ ၄ ရွာတွေမှာ နေရာချထားပြီး ဒေသခံအလှူရှင်တွေကနေ ကူညီစောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းက တမူးမြို့ကို လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို မြို့ခံတွေက မြို့ထဲ မဝင်နိုင်အောင် ခုခံတိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က တမူးမြို့ထဲက သပိတ်စခန်းတွေ ပစ်ခတ်ဖြိုခွဲသလို ဖမ်းဆီးစစ်ဆေးမှုတွေ ပိုများလာတာကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးကြတာဖြစ်ပါတယ်။

“သူတို့က တနင်္ဂနွေနေ့ ၁၂ နာရီကနေ တနင်္လာနေ့ မနက် ၅ နာရီခွဲထိ ပစ်တယ်။ ရပ်ကွက်ထဲမှာလိုက်ပစ်တယ်။ တနင်္လာနေ့ကျတော့ ၆ နာရီခွဲကနေလိုက်ပစ်တာ။ ပြည်သူတွေ အိမ်ရှင်တွေကို ရိုက်တယ်၊ နှက်တယ်။ ဖုန်းတွေ လုတယ်။ ငွေတွေ လုတယ်။ ပြီးမှ ပုဂ္ဂလိကဆေးရုံ Grace ဆေးရုံ ဝင်စီးပြီးမှ သူတို့က သူနာပြုတွေကိုလည်း ရိုက်တယ်။ အဲဒီလိုမျိုး အကြမ်းဖက်တယ်။ ကျနော်တို့ ဒီ လူငယ်တွေ တချို့ကိုလည်း ဖမ်းဆီးတယ်။ ဖမ်းဆီးခံရတာတော့ ၁၀ ဦးလောက်တော့ ရှိမယ်ထင်တယ်။ တော်တော်များများတော့ ဟိုဘက်ကမ်း(အိန္ဒိယဘက်)ကို ပြေးကြတာများတယ်ဗျ။”

မတ်လတုန်းကလည်း ဆန္ဒပြသူ ၁၀၀ နီးပါး တမူးမြို့ကနေ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ အိန္ဒိယနဲ့ ကပ်နေတဲ့ ချင်းပြည်နယ် မတူပီမြို့မှာလည်း တပ်တွေရဲ့ နှိမ်နင်း ဖမ်းဆီးမှုကြောင့် ဆန္ဒပြသူတွေအပြင် အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တချို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြတယ်လို့ မတူပီမြို့ခံတဦးက ပြောပါတယ်။

“ပြေးတယ်ပေါ့။ ပြေးကြတယ် လူငယ်ပိုင်းတွေဆို မရှိတော့ဘူး။ ရာဂဏန်းတော့ ရှိလိမ့်မယ်နော်လူငယ်တွေ။ တက္ကသိုလ်ကျောင်းသားလေးတွေ။ CDM ဝန်ထမ်း။ ပြီးတော့ မီးသတ်ကအယောက် ၄၀ ခရိုင်နဲ့ မြို့နယ်က ၄၀ လောက် ပါတယ်။ ရဲကတော့ အယောက် ၂၀ ဝန်းကျင်၊ ၂၀ နီးပါးနော်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြမှုမှာ ပါဝင်တဲ့အတွက် အဖမ်းခံရမှာစိုးလို့ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးလာကြသူ ၂,၀၀၀ လောက် ရှိပြီလို့ မီဇိုရမ်အခြေစိုက် NGO United for Democratic Myanmar အဖွဲ့တွဲဖက်အတွင်းရေးမှူး ကိုရစ်ချတ်ကပြောပါတယ်။

“ခန့်မှန်းခြေကတော့ ၂,၀၀၀ ဝန်းကျင်တော့ရှိလောက်ပြီနဲ့ တူတယ်။ အများစုကတော့ရဲဝန်ထမ်းတွေက များတယ်။ အခုနောက်ပိုင်းပြေးလာတဲ့သူတွေထဲမှာလည်း တချို့ဟာတွေက ရဲဝန်ထမ်းတွေပါတယ်။ အစိုးရဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုတွေ၊ ကျောင်းဆရာ၊ ဆရာမတွေပေါ့နော်။ အဲဒါတွေလည်း ခုတော်တော်လေး များလာတယ်။ သူတို့နေထိုင်ဖို့အတွက်ကတော့ လောလောဆယ်တော့ အိုက်ဇောလ်မှာတော့ အစိုးရက ကျနော်တို့တွေကို Refugee Camp ပုံစံမျိုးလေးနဲ့ ပေးထားတာရှိတယ်။ CDM ဝင်တဲ့သူတွေ ကျနော်တို့ ထားတယ်လေ။ လူဦးရေ ၂၀၀ လောက်တော့ ရှိပြီ။ ကျန်ဖိုင်းခရိုင်မှာက အများဆုံး ရှိမယ်။ လောင်တလိုင်မြို့နယ် စိုင်းဟန်းမြို့နယ် အဲဒီလိုမျိုးနေရာလေးတွေမှာလည်း အများကြီး ရှိသေးတယ်၊ စစ်ဘေးရှောင်တွေကလေ။”

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူတွေကို အကူအညီမပေးရဘူးလို့ အိန္ဒိယဗဟိုအစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရတချို့ကတော့ သူတို့ သဘောနဲ့ သူတို့ နားလည်မှုနဲ့ လက်ခံနေတာကြောင့် မြန်မာပြည်က တိမ်းရှောင်လာတဲ့သူတွေဟာ မဏိပူရပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို အများအပြား ထွက်ပြေးနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG