သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဘက် တိမ်းရှောင်လာတဲ့ မြန်မာတွေကို ကူညီဖို့ မီဇိုရမ်အမတ် တိုက်တွန်း


မီဇိုရမ်လွှတ်တော်ကိုယ်စားလှယ် K.Vanlalvena
မီဇိုရမ်လွှတ်တော်ကိုယ်စားလှယ် K.Vanlalvena

(Zawgyi/Unicode)

လက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်နေတဲ့အခြေအနေကြောင့် နယ်စပ် မီဇိုရမ်ဘက်ကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို တားဆီးတာတွေမလုပ်ပဲ လက်ခံကူညီဖို့ အိန္ဒိယ ဗဟိုအစိုးရကို မီဇိုရမ် လွှတ်တော်ကိုယ်စားလှယ်က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

မီဇိုရမ်ပြည်နယ်မှာခိုလှုံလာကြသူအများစုဟာ ရဲဝန်ထမ်းတွေဖြစ်ပြီး စစ်တပ်ရဲ့အမိန့်ကိုလက်မခံပဲ ဆန္ဒပြသူတွေဘက်က ရပ်တည်ကြသူတွေဖြစ်တယ်လို့လည်း မီဇိုရမ်လွှတ်တော်ကိုယ်စားလှယ် K.Vanlalvena က အိန္ဒိယလွှတ်တော်မှာ ပြောသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံ ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁)ရက်စစ်တပ်အာဏာသိမ်းပြီး တိုင်းနဲ့ ပြည်နယ်အနှံ့ အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် နယ်စပ်ချင်းထိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း ရိုက်ခတ်ခဲ့ရာမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံသူအများစုဟာ မြန်မာရဲတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ လက်ခံကူညီထားတဲ့ ရဲဝန်ထမ်းတွေ ရှိနေကြောင်း အင်္ဂါနေ့ကပြုလုပ်တဲ့ အိန္ဒိယလွှတ်တော်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ် လွှတ်တာ်အမတ် K.Vanlalvena က အခုလိုပြောသွားပါတယ်။

”မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ပြည်သူတွေဆန့်ကျင်ဆန္ဒပြနေကြပြီး မီဇိုရမ်ပြည်နယ်ဘက်ကို ဝင်လာတဲ့ ဒုက္ခသည်တွေရှိနေပါတယ်။ အဲဒီထဲ မြန်မာရဲဝန်ထမ်းတွေဖြစ်နေပါတယ်။ သူတို့တွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေဘက်က ရပ်တည်သူတွေဖြစ်ပါတယ်။ခိုလှုံလာတဲ့ ရဲဝန်ထမ်း ဒုက္ခသည်တွေအတွက် ဗဟိုအစိုးရရဲ့ အကူအညီမရပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရရော၊ NGO အဖွဲ့အစည်းတွေပါ ပူးပေါင်းကူညီပေးနေကြပါတယ်။ တချိန်တည်းမှာပဲမြန်မာဘက်ကနေ မီဇိုရမ်ပြည်နယ်ဘက်ထဲဝင်လာသူတွေကို တားမြစ်ဖို့ အာသံ သေနတ်ကိုင်တပ်ရင်းကို ပြည်ထဲရေးဝန်ကြီးဌာနကနေ ညွန်ကြားချက်တွေပေးခဲ့ပါတယ်။”

အိန္ဒိယအစိုးရဘက်က နယ်စပ်ကနေ ဒုက္ခသည်တွေ တပြုံကြီးဝင်ရောက်လာမယ့်အရေးကို တားဆီးဖို့အတွက်ဆိုပြီး အရှေ့မြောက်ပြည်နယ် လေးခုဖြစ်တဲ့ မီဇိုရမ်၊ နာဂလန်း၊ မဏီပူနဲ့Arunachal Pradeshတွေဆီကို ညွန်ကြားချက်တွေပေးထားပါတယ်။ ပြည်တွင်းအခြေအနေ ဆိုးရွားနေတဲ့ မြန်မာနိုင်ငံနဲ့နယ်စပ်တလျောက် လူအမြောက်အများ ဝင်ရောက်လာမှာကို သတိဝီရိယရှိရှိနဲ့ တားဆီးဖို့ သက်ဆိုင်ရာ ပြည်နယ်တွေကို အမိန့်ပေးထားပါတယ်။

ဒါပေမယ့်လည်း မီဇိုရမ်ပြည်နယ်ကတော့ လူသားချင်းစာနာမှု ရှုထောင့်အရ ဒုက္ခသည်တွေကို ပြန်ပို့မယ်ကိစ္စကို တော့ လက်ခံမှာမဟုတ်ဘူးလို့ လွှတ်တာ်အမတ် K.Vanlalvena ကပြောပါတယ်။

" လူသားချင်းစာနာမှု အမြင်ရှုထောင့်အရ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်လို့ မရမချင်း ဒုက္ခသည်တွေကိုနေရပ်ပြန်ပို့မယ့်ကိစ္စ မီဇိုရမ်ပြည်သူတွေအနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတနိုင်ငံအနေနဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ မူတွေ တည်ဆောက်ဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ဘယ်နိုင်ငံသားကိုမဆို ကျနော်တို့ အနေနဲ့ အားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်မြန်မာဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အကျပ်အတည်းတွေရှိနေတဲ့ကာလမှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပေါ်လစီပြောင်းလဲဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။”

တကယ်လို့များ အိန္ဒိယဗဟိုအစိုးရက ဒုက္ခသည်တွေကို ပြန်ပို့ခဲ့မယ်ဆိုရင် ဒီလုပ်ရပ်ကို မီဇိုရမ် ပြည်သူတွေအနေနဲ့ နားမလည်နိုင်အောင် ဖြစ်ရလိမ့်မယ်လို့လည်း သူက ပြောသွားပါတယ်။ ဒုက္ခသည်တွေဟာ သူတို့ရဲ့ ညီအကိုတွေဖြစ်သလို မြန်မာနိုင်ငံကို ပြန်ပို့တာဟာ သူတို့ကို သတ်ပစ်သလို ဖြစ်သွားလိမ့်မယ်လို့ မီဇိုရမ်ပြည်နယ် လွှတ်တာ်အမတ် K.Vanlalvena က အိန္ဒိယလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)










XS
SM
MD
LG