သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR အကူအညီ လာတောင်းတဲ့ ရိုဟင်ဂျာတွေ အိန္ဒိယဖမ်းဆီး


အိန္ဒိယနိုင်ငံ Jammu မြို့မှာ UNHCR အသိအမှတ်ပြုကတ် ထုတ်ပြနေတဲ့ ရိုဟင်ဂျာအမျိုးသမီးတဦး။ (မတ် ၉၊ ၂၀၂၁)
အိန္ဒိယနိုင်ငံ Jammu မြို့မှာ UNHCR အသိအမှတ်ပြုကတ် ထုတ်ပြနေတဲ့ ရိုဟင်ဂျာအမျိုးသမီးတဦး။ (မတ် ၉၊ ၂၀၂၁)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေထဲက အယောက် ၂၀၀ ကျော်ဟာ သူတို့အဆိုအားဖြင့် အိန္ဒိယရဲတွေရဲ့ ခြိမ်းခြောက်မှုကနေ အကာအကွယ်ပေးဖို့ နယူးဒေလီမြို့တော်က ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) မှာ လာရောက်ပန်ကြားတဲ့အချိန် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

Jammu မြို့ကနေရောက်လာတဲ့ အဲဒီဒုက္ခသည်တွေကို အိန္ဒိယရဲတပ်ဖွဲ့က "တရားမဝင် ဝင်ရောက်သူတွေ" အဖြစ် သတ်မှတ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ သူတို့ကို မြန်မာနိုင်ငံ ပြန်ပို့မယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Jammu မြို့က ရိုဟင်ဂျာဒုက္ခသည်တွေကို ဖမ်းမယ်၊ UNHCR က ထုတ်ပေးထားတဲ့ ဒုက္ခသည် အသိအမှတ်ပြုကတ်ပြား ရှိသူတွေလည်း မလွတ်ဘူးလို့ အဲဒီဒေသရဲတွေက ပြောပြီးတဲ့နောက် အဖမ်းခံရပြီး ပြန်ပို့ခံရမှာ စိုးရိမ်ကြတဲ့အတွက် နယူးဒေလီကို တက်လာပြီး UNHCR က အကာအကွယ်ပေးဖို့ ပန်ကြားခဲ့ကြတာပါ။

"အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၈၈ ယောက်ကို ဖမ်းထားတယ်" လို့ နယူးဒေလီမြို့တော်၊ Vikaspuri ရဲစခန်းက ရဲအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

"မြန်မာနိုင်ငံကနေ အဲဒီ တရားမဝင် ဝင်ရောက်လာသူတွေကို ရဲတပ်ဖွဲ့က အရေးယူသွားမယ်၊ သူတို့ဟာ နိုင်ငံကူးလက်မှတ်နဲ့ အိန္ဒိယ ပြည်ဝင်ခွင့်ဗီဇာကို မပြနိုင်ကြဘူး၊ ဒါကြောင့် ဖမ်းဆီးပြီး ရဲစခန်းမှာ ထိန်းသိမ်းထားတယ်" လို့ အမည်မဖော်တဲ့ အဲဒီရဲအရာရှိက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေအတွက် စိုးရိမ်တဲ့အကြောင်း အာရှ-ပစိဖိတ်ဒေသဆိုင်ရာ UNHCR ဗျူရို ညွှန်ကြားရေးမှူး Indrika Ratwatte က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

"အစိုးရဌာနတခုမှာ လွှဲပြောင်းထိန်းသိမ်းထားသူတွေကို ချက်ချင်း တွေ့ဆုံခွင့်ရဖို့ UNHCR က ကြိုးစားနေပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ အဲဒီဒုက္ခသည်တွေကို သင့်လျော်တဲ့ စောင့်ရှောက်မှုနဲ့ အကူအညီပေးဖို့ အိန္ဒိယအာဏာပိုင်တွေကို မိမိတို့ တိုက်တွန်းပါတယ်" လို့ UNHCR က ထုတ်ပြန်ထားပါတယ်။

၁၉၅၁ ခုနှစ်က ချမှတ်ထားတဲ့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို အိန္ဒိယနိုင်ငံက လက်မှတ်ရေးထိုးမထားသလို နိုင်ငံထဲဝင်လာတဲ့ ရိုဟင်ဂျာတွေအားလုံးကို တရားမဝင် ဝင်ရောက်သူတွေအဖြစ် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG