သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ CDM လှုပ်ရှားမှု ရဲဝန်ထမ်းတွေ ပိုများလာ 


(Zawgyi/Unicode)

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ CDM လုပ်နေကြတဲ့ ဝန်ထမ်းတွေထဲ ရဲတပ်ဖွဲ့ဝင်တွေလည်း တစစ ပါဝင်လာကြပြီး၊ အခုဆိုရင် အိန္ဒိယဖက်ခြမ်း နယ်စပ်ဒေသကို ပြေးဝင်ခိုလှုံသူ များလာနေတယ်လို့ CDM သမားတွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံတလွှား မြို့ရွာအသီးသီးက ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲက လိုက်လံနှိမ်နင်း ဖြိုခွဲနေတဲ့လုပ်ရပ်အပေါ် လက်မခံနိုင်တာကြောင့် ငြိမ်းချမ်စွာ အာဏာဖီဆန်ရေး CDM လုပ်မယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်တချို့ အိန္ဒိယနဲ့ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ ရာဂဏန်းချီ ရှိလာပြီဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်မှာဆိုရင် အထူးသဖြင့် မီဇိုရမ်ပြည်နယ်နဲ့ မဏိပူပြည်နယ်ထဲကို ထွက်ပြေးခိုလှုံသူတွေ တစစ တိုးလာနေတာပါ။ မဏိပူပြည်နယ် မိုးရေးမြို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ CDM လုပ်ပြီးရောက်လာသူကတော့ ဆားလင်းကြီးမြို့နယ်ရဲစခန်းက ရဲတပ်သား လျံကျုံးဟောက်ပါ။ သူဟာ ချင်းတိုင်းရင်းသားဖြစ်ပါတယ်။

“ကျနော်က တာဝန်ကျတာကတော့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီတောင်ဒေသမှာ တာဝန်ကျ ရဲတပ်သားပါ။ မုံရွာမှာ ခဏခဏဖြိုခွဲတာတွေ ရှိတယ်လေ ၊ ကျနော်တို့ ကြေးနီတောင်မှာတော့ ဖြိုခွဲတာမရှိဘူး ၊ အမိန့်တော့ လောလောဆယ်မပေးသေးဘူး ကျနော်တို့ရှိတုန်းကပေါ့။ အဲလို ဖြစ်လာဖို့ကတော့ များတယ် ၊ ကျနော်တို့ကို ဖြိုခွဲဖို့ အမိန့်ပေးလာရင်တော့ အဲဒီလိုမလုပ်နိုင်လို့ ကျနော်ထွက်လာတာပါ။ ဒါပေမယ့် ဆက်နေရင်တော့ ဖြိုခွဲခိုင်းမှာပါ။ စစ်အစိုးရလက်ထဲမှာ ကျနော်တို့လည်း မနေချင်ဘူး ၊ လောလောဆယ် စစ်ကောင်စီက ထုတ်တဲ့ အမိန့်စာတွေ မလိုက်နာနိုင်ပါဘူးလို့ ပြောပြီး CDM လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားတာ ။ တရားဝင်တော့ အကြောင်းမကြားဖြစ်ဘူး၊ တရားဝင် အကြောင်းကြားရင် ဘယ်လွှတ်မလဲ ။

ရဲမှူးတို့ တပ်ခွဲမှူးတို့က ဖုန်းလှမ်းလှမ်းဆက်တယ် ။ လမ်းတလျှောက်လုံးတော့ သူတို့ ဖုန်းခေါ်တာပဲ ကျနော် မကိုင်ဘူး။ ဒီဘက်ရောက်မှပဲ ဖုန်းကိုင်တယ်။ ကျနော်ထွက်လာတာကတော့ မုံရွာက ၅ ရက်နေ့လောက် ထွက်လာတယ်။ မုံရွာစခန်းက ကျနော့်သူငယ်ချင်းနဲ့အတူတူ ထွက်လာပြီး ၅ ရက်နေ့ တညလုံးမောင်းလာခဲ့တယ်။ ဒီနယ်စပ်ကို ၆ ရက်နေ့ နေ့ခင်းလောက်ရောက်တယ်။ ပြည်တွင်းကနေ ထွက်နေကြတာကတော့ နေ့တိုင်း ၃ -၄ ယောက် အဲလို ထွက်တာပဲ။”

မြန်မာနိုင်ငံအတွင်း ဆန္ဒပြပွဲတွေကို လတ်တလော ဖြိုခွဲမှုတွေဟာ သူတို့လေ့လာခဲ့ရတဲ့ ရဲလုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူးလို့လည်း ရဲတပ်သား လျံကျုံးဟောက်က ပြောပါတယ်။

“ ရဲဆိုတာ ကျနော်တို့ ပြည်သူလူထုကို လုံခြုံရေးပေးရမယ်၊ ရပ်ကွက်တို့ မြို့တို့ အေးချမ်းသာယာရေးကို ကျနော်တို့က လုံခြုံရေးယူပေးရမှာလေ။ ရဲတပ်ဖွဲ့တို့ ၊ စစ်သားတို့က ကျနော်တို့ ပြည်သူတွေကို ပြန်လုပ်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အခုဟာက ကျည်အစစ်တွေ သုံးတာကတော့ မဖြစ်သင့်ပါဘူး။ EU က ပေးတဲ့သင်တန်းမှာ ရာဘာကျည်တို့ မျက်ရည်ယိုဗုံးတို့ အဲဒါတွေသုံးရတာ အခုဟာက ကျည်အစစ်တွေ သုံးတာကတော့ မဖြစ်သင့်ပါဘူး။”

မဏိပူ မိုးရေးမြို့ကို နောက်ထပ်ရောက်လာတဲ့ ချင်းတိုင်းရင်းသား CDM-ရဲတပ်သားကတော့ ပေါင်လင်းမန် ဖြစ်ပါတယ်။ သူဘာကြောင့် CDM လှုပ်ရှားမှုထဲ ပါဝင်လာရသလဲ ဆိုတာကို ရှင်းပြပါတယ်။

“CDM လုပ်ရတဲ့ အကြောင်းအရင်းကတော့ တွေ့ကြမြင်ကြတဲ့ အတိုင်းပေါ့လေ ။ မတရားသဖြင့် အာဏာသိမ်းတယ်၊ မတရားသဖြင့် ပြည်သူတွေအပေါ်မှာ အနိုင်ကျင့်ပြီးတော့မှ ဖိနှိပ်အုပ်ချုပ်ပြီးမှ အပြစ်မဲ့ပြည်သူတွေကို ဒီလိုမျိုး သတ်ဖြတ်ပြီးတော့မှ လုပ်တဲ့အခါကျတော့ ကျနော့်အနေနဲ့ တာဝန်ထမ်းဆောင်နေတာ မကြည့်ရက်ဘူးပေါ့နော်။ နောက်တခုကတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖေါင်းကို စစ်သားတွေကို ဝတ်ခိုင်းတယ်။ အဲဒီမှာ ပြည်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ငန်းအတိုင်း မလုပ်ခိုင်းပဲနဲ့ ပစ်သတ်တယ် ၊ အမျိုးမျိုးတွေပေါ့ကွာ ။ ဖေ့ဘုတ်ပေါ်မှာတွေ့တယ် တွေ့တော့ ကျနော်တောင်မှ မျက်ရည်ကျတယ်။ အဲဒါနဲ့ မခံစားနိုင်လို့ အဲဒီကတည်းကနေစပြီး ကျနော် CDM လုပ်တာ။”

အခုလို အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်နဲ့ မဏိပူပြည်နယ်ထဲကို ထွက်ပြေးခိုလှုံသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေအပြင် အခြား အစိုးရဝန်ထမ်း တချို့လည်း ပါဝင်တာပါ။ ဒီကနေ့အချိန်ထိတော့ CDM လုပ်ပြီး မီဇိုရမ်ပြည်နယ်ထဲ ခိုလှုံလာသူ (၄၀၀)ကျော်နဲ့ မဏိပူပြည်နယ်ထဲ ခိုလှုံလာသူ (၃၀)နီးပါးရှိတယ်လို့ အိန္ဒိယနယ်စပ်မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ဦးကိုလေးက ပြောပါတယ်။

“မီဇိုရမ်ဘက်မှာတော့ အယောက် (၄၀၀)ကျော်လောက်ရှိတယ်။ မဏိပူမှာတော့ အခုလောလောဆည် ၂၉ ယောက် ၃၀ နီးပါးပေါ့နော် ။ ဟုတ်ကဲ့ နီးစပ်ရာ နီးစပ်ရာ နယ်မြေတွေကို ဝင်လာကြတာပေါ့။”

မိုးရေးမြို့ကို ထွက်ပြေးခိုလှုံလာသူတွေကို စားရေးသောက်ရေး အကူအညီပေးနေတဲ့ မဟန်နင်းကလည်း သူ့ခံယူချက်ကို ပြောပါတယ်။

“ဒီလိုပါပဲ ကျမတို့လည်း စိတ်နာတာပေါ့နော် ။ မြန်မာပြည်ရဲ့ ကိစ္စကိုလေနော်၊ အဲဒါကြောင့်မို့လို့ လာတဲ့လူတွေအကုန်လုံးကို Welcome ပဲဆိုပြီးတော့မှ ကျမတို့လည်း ဖိတ်ခေါ်တယ်လေ။ အတတ်နိုင်ဆုံးပေါ့နော် ကျမတို့လည်း အတတ်နိုင်ဆုံး အကူအညီပေးမယ်ဆိုပြီးမှ လိုက်ကူတာပါ။ ကိုယ်ကလည်း သူငယ်ချင်း တယောက်နဲ့ဆို ၂ ယောက်တည်းဆိုတော့ မနိုင်ဘူးလေ။ လူများတဲ့အခါကျတော့ အဲဒါ ရောက်လာတဲ့ သူတွေလည်း အချက်အပြုတ်မှာ သူတို့ ဝိုင်းကူညီပေးတယ်လေနော် အဲလို ၁ ရက်ကို ၄-၅ ယောက် နေ့တိုင်း ကူညီပေးတယ်။ အဲဒီလို ကူညီရတာ ကျမတို့လည်း ပီတိရှိတာပေါ့။”

အခုလို စစ်တပ်ရဲ့အမိန့်ကို မနာခံပဲ အိန္ဒိယနယ်စပ်ထဲ ပြေးဝင်ခိုလှုံလာသူတွေကို အိန္ဒိယဗဟိုအစိုးရက ကူညီစောင့်ရှောက်ပေးဖို့ မီဇိုရမ် လွှတ်တော်ကိုယ်စားလှယ် K.Vanlalvena က ပြီးခဲ့တဲ့ ရက်ပိုင်းထဲ အိန္ဒိယလွှတ်တော်မှာ တင်ပြတောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)















XS
SM
MD
LG