(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၄၀ ကျော်ရှိလာနေပေမဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး Civil Disobedience Movement(CDM) လှုပ်ရှားမှုမှာ ပြည်တွင်းက ဝန်ထမ်းတွေ ပူးပေါင်းပါဝင်နေသလို ပြည်ပ မြန်မာသံရုံးဝန်ထမ်းတွေလည်း ဆက်ပြီးတော့ ပူးပေါင်းပါဝင်နေကြပါတယ်။ ဒီအကြောင်း မမြသဇင်အောင်က ပြောပြမှာပါ။
မနေ့ တုန်းကတော့ မြန်မာသံရုံး၊ ပါရီမြို့မှာ ဒုတိယ အတွင်းဝန်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ် ဝတ်ရည်ဖြိုးချစ်နဲ့ ဒေါ်ဖီဂရေ့စ်မီး တို့ နှစ်ဦးကCDM လှုပ်ရှားမှုမှာပူးပေါင်းပါဝင်ကြောင်း သူတို့ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာတွေမှာ ရေးသားခဲ့ကြပါတယ်။
အခုလို CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ ဒေါ် ဝတ်ရည်ဖြိုးချစ်ကို VOA က ဆက်သွယ်မေးမြန်း တာမှာတော့ သူက ဒီလှုပ်ရှားမှုမှာ ပါဝင်လာရတဲ့ အကြောင်းကိုအခုလို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ ဒီမိုကရေစီရရှိရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်စွာဆောင်ရွက်နေကြတဲ့ အများပြည်သူအားလုံးအတွက် ခွန်အားတရပ်ဖြစ်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မအနေနဲ့ CDM မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်ရှင့်။ CDM လှုပ်ရှားမှုကို ရုံးမတက်ဘဲပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင်။”
သူနဲ့အတူ CDM လှုပ်ရှားမှုမှာပူးပေါင်းလာတဲ့ ဒေါ် ဖီဂရေ့စ်မီးကလည်း သူ့အနေနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူ၊ ပြည်သားအားလုံးနဲ့အတူ တသားထဲရှိကြောင်း ဖော်ထုတ်ချင်တဲ့ အတွက် အခုလို ဆုံးဖြတ်ရတာဖြစ်တယ်လို့ ပြောပါတယ်။
“အစိုးရဆိုတာ ပြည်သူတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ်နဲ့ အမျှ အကြမ်းဖက် နှိမ်နှင်းသတ်ဖြတ်နေတဲ့ ယခုလို လုပ်ရပ်တွေကို ဆန့်ကျင် တဲ့ အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက်တိုက်ပွဲဝင် နေတဲ့ မြန်မာပြည်သူ၊ ပြည်သားများ အားလုံးနဲ့ အတူ ထပ်တူထပ်မျှရှိကြောင်းကို ဖော်ထုတ်ချင်တဲ့ တွန်းအားတရပ်အနေနဲ့ CDM လုပ်ရခြင်းဖြစ်ပါတယ်။”
အခု လက်ရှိ ပြည်ပ မြန်မာနိုင်ငံသံရုံးတွေထဲ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်၊ နယူးယောက်၊ လော့စ်အိန်ဂျလိစ် အပြင် ဂျပန်၊ အစ္စရေး၊ ဂျာမဏီနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေက ဝန်ထမ်းတချို့ နဲ့ ဂျနီဗာမြို့ မြန်မာနိုင်ငံ ကုလသမဂ္ဂအမြဲတန်းကိုယ်စာလှယ် အဖွဲ့ရုံးက ဝန်ထမ်း တချို့လည်း ဒီ လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။
မြန်မာပြည်သူတွေ ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရအပေါ် အဓမ္မအာဏာသိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် နှိမ်နှင်းနေတာတွေအတွက် စိုးရိမ်ဝမ်းနည်းမိတယ်လို့ CDM လှုပ်ရှားမှုမှာပါဝင်လာသူ ပြည်ပရောက်သံဝန်ထမ်းတွေက သူတို့ ကိုယ်ပိုင် Facebook စာမျက်နှာတွေမှာ ရေးသားခဲ့ကြသလို လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရလဒ်တွေကို လေးစားဖို့ နဲ့ နိုင်ငံတော်အာဏာကို ပြည်သူတွေဆီကို ပြန်အပ်နှံဖို့လည်း တောင်းဆိုထားကြပါတယ်။
အခုလို အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်လာရတာက နိုင်ငံသားတယောက်ရဲ့ ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်းဖော်ထုတ်ပြသတာဖြစ်ပြီး ရာထူးကနုတ်ထွက်တာ မဟုတ်ဘူးလို့လည်း သူတို့Facebook စာမျက်နှာတွေမှာ ရေးသားဖော်ပြထားပါတယ်။
...........
(Unicode)