သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျီနီဗာ ကုလသမဂ္ဂရုံးဆိုင်ရာ မြန်မာသံရုံးဝန်ထမ်းတချို့ CDM မှာ ပူးပေါင်း


ဆွစ်ဇာလန်နိုင်ငံ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက CDM ဝင်သူများ
ဆွစ်ဇာလန်နိုင်ငံ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက CDM ဝင်သူများ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သံရုံးဝန်ထမ်း ၃ ဦးဟာလည်း CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းလိုက်ပါတယ်။ ဒီအထဲက တဦးဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ပထမအတွင်းဝန် မထွေးတြာနန္ဒီကတော့ လူထုဖက်ကရပ်တည်ဖို့ အခုလို ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

“အခုလို မြန်မာနိုင်ငံမှာရှိနေတဲ့အခြေအနေမှာ ကျမတို့တွေ ပြည်သူ့ဝန်ထမ်းတဦးအနေနဲ့ပြည်သူ့ဆန္ဒနဲ့သဘောထားကို အလေးပေးပြီးတော့ အမှန်တရားဘက်ကရပ်တည်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက် ကိုယ်တတ်နိုင်ဘက်ကနေပြီးတော့ CDM မှာ ပါဝင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပြည်သူသာလျှင်အဓိကလို့ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်”

နောက်တဦးဖြစ်တဲ့ ပထမအတွင်းဝန် မခိုင်စန္ဒီဝင်းမင်းကလည်း အမှန်တရားဘက်က ရပ်တည်လိုတဲ့ အတွက်အခုလို CDM လှုပ်ရှားမှုမှာ ပါဝင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီးတော့ အမှန်တရားနဲ့ဒီမိုကရေစီတွေအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေနဲ့အတူ တသားထဲ ရပ်တည်နေချင်တဲ့အတွက်ရော၊ ပြည်သူတွေရဲ့ CDM လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်စေချင်နေတဲ့ အတွက်ပါ ကျမအနေနဲ့ ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လိုက်တာဖြစ်ပါတယ်။”

CDM လှုပ်ရှားမှုမှာပါဝင်လာသူ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ဒုတိယအတွင်းဝန် မခင်ချမ်းမြေ့ကလည်း သူဒီလှုပ်ရှားမှုမှာ ပါဝင်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“ပြည်ပရောက်နေတဲ့ မြန်မာသံရုံးဝန်ထမ်းတဦးအနေနဲ့ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လိုက်တာဟာ ကျမတို့မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် အင်အားတခုဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမဒီလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ရချင်းဖြစ်ပါတယ်ရှင့်”

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်၊ မြန်မာနိုင်ငံသံရုံးက သံဝန်ထမ်း ၅ ဦးဖြစ်တဲ့ ဦးဇင်ဖုန်းတင့်၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်ကြူကြူမြင့်၊ ဦးကျော်စွာထွန်းနဲ့ ဒေါ်စုစုအောင်တို့ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လိုက်တဲ့အကြောင်း မနေ့တုန်းက သူတို့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ အသီးသီး ကြေညာခဲ့ပါတယ်။ ဂျာမနီနိုင်ငံဘာလင်မြို့ မြန်မာသံရုံးဝန်ထမ်း ၃ ဦးလည်း CDM လှုပ်ရှားမှုမှာ မနေ့တုန်းက ပါဝင်လာပြီး ဒီဝန်ထမ်းတွေက သူတို့ အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ပေမဲ့ အလုပ်က နှုတ်ထွက်တာမဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဆန္ဒဖော်ထုတ်မှုတွေနဲ့ ဆက်နွယ်ပြီး အသက်ဆုံးရှုံးမှုတွေ ရှိတဲ့ အပေါ် အထူးစိတ်မကောင်းဖြစ်မိတယ်လို့ ဝါရှင်တန် မြန်မာနိုင်ငံ သံရုံးက မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံးနှိမ်နှင်းတာကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်နေတဲ့သူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာ ဝမ်းနည်းမိကြောင်းနဲ့ ဒီလို အင်အားသုံးနှိမ်နှင်းတာတွေကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်




(Unicode)








XS
SM
MD
LG