သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝဏ္ဏမောင်လွင်ကို ညီလာခံဖိတ်တဲ့ သိရီလင်္ကာနိုင်ငံ ဝါရှင်တန်က မြန်မာတွေ ကန့်ကွက် 


သီရီလင်္ကာသံရုံးရှေ့ ဝါရှင်တန်က မြန်မာတွေ ဆန္ဒပြ ( ဓါတ်ပုံ Credit- ADB-DCMA)
သီရီလင်္ကာသံရုံးရှေ့ ဝါရှင်တန်က မြန်မာတွေ ဆန္ဒပြ ( ဓါတ်ပုံ Credit- ADB-DCMA)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းစစ်တပ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးဝဏ္ဏမောင်လွင်ကို ဒေသတွင်း ညီလာခံမှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့ သိရီလင်္ကာနိုင်ငံကို ကန့်ကွက်တဲ့ အနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ဝါရှင်တန်ဒီစီမှာ ဆန္ဒပြစုဝေးကြပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ အွန်လိုင်းကနေကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် နည်းပညာနဲ့ စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) အစည်းအဝေးတက်ဖို့ ဦးဝဏ္ဏမောင်လွင်ကို သီရိလင်္ကာနိုင်ငံက ဖိတ်ကြားခဲ့တာကို လက်မခံနိုင်တာကြောင့် အခုလို ကန့်ကွက် ဆန္ဒပြကြတာလို့လည်း ဦးဆောင်ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုယဉ်အေးက ပြောပါတယ်။

“ကျနော်တို့ BIMSTEC က နှစ်စဉ်ပေါ့နော် ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ တိုင်းပြည်တွေ ဘင်္ဂလားဒေ့ရှ်ပါတယ်၊ သီရီလင်္ကာပါတယ်၊ အိန္ဒိယပါတယ်၊ မြန်မာပါတယ်၊ ထိုင်းပါတယ် ၊ ပြီးရင် ဘူတန်တို့ နီပေါတို့ပါတယ်။ အဲဒီနိုင်ငံတွေစုပြီးတော့ ဒေသတွင်းမှာ သူတို့ ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါ့နော်။ နှစ်စဉ် သူတို့ ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်မှာ သူတို့က မတရား စစ်အာဏာသိမ်းထားတဲ့ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်အုပ်စုကလူကို ဖိတ်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒါသည် တရားမဝင်ပါဘူး ပြည်သူ့အစိုးရကနေ ခန့်ထားတာမဟုတ်ပါဘူး။ စစ်အုပ်စုကပဲ ခန့်ထားတာဖြစ်ပါတယ်။ စစ်အုပ်စုက မတရားအာဏာသိမ်းထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူက တင်မြောက်ထားတဲ့ CRPH က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ သူ့ကိုသာ ဖိတ်သင့်ကြာင်းကို ကျနော်တို့ လာပြောတာဖြစ်ပါတယ်။”

အခုလို ဦးဝဏ္ဏမောင်လွင်ကို အစည်းအဝေးဖိတ်ကြားတာကို ကန့်ကွက်ရှုတ်ချတဲ့ အပြင် သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးဆီကို လည်း အမေရိကန်ရောက် မြန်မာတွေက အိတ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့ပါတယ်။ ဒီစာမှာ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားသူ ဦးဝဏ္ဏမောင်လွင်ကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားထားတာကို လက်မခံကြောင်းနဲ့ CRPH က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးကိုသာ အသိအမှတ်ပြုဖိတ်ကြားဖို့ တိုက်တွန်းထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို သံရုံးက လူကိုယ်တိုင်လက်မခံခဲ့တာကြောင့် သံရုံးရှေ့မှာ စာကို ဖတ်ပြခဲ့ကြပြီး စာကိုတော့ စာတိုက်ကနေပေးပို့သွားမယ်လို့ ပြောပါတယ်။

“ အဓိကတော့ ဒီနှစ်မှာ သီရိလင်္ကာက BIMSTEC မှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်နဲ့ ကျင်းပမယ့်အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်တယောက်ကို ဖိတ်တာပေါ့နော်။ အဲဒါကို ကျနော်တို့တွေက ဦးဝဏ္ဏမောင်လွင် အစား ဦးဝဏ္ဏမောင်လွင်သည် တရားမဝင် စစ်အာဏာသိမ်းအုပ်စုရဲ့ representative ဖြစ်တယ် ။ ပြည်သူ့ရဲ့ representative မဟုတ်ဘူး ကိုယ်စားလှယ်မဟုတ်ဘူး ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်မဟုတ်ပါဘူး။ ဒါကြောင့်မို့ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့အတွက် ကျနော်တို့ တင်ပြတာဖြစ်ပါတယ်။”

ဒီအစည်းအဝေးကိုတက်ဖို့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါလ်၊သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေကို လည်းဖိတ်ကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းဖြုတ်ချခဲ့တဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုတာ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဦးဝဏ္ဏမောင်လွင်ဟာ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ လူကိုယ်တိုင်ရော အွန်လိုင်းကနေပါ တွေ့ဆုံတာတွေရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၁ လကျော်လာနေပြီဖြစ်ပေမဲ့ နိုင်ငံအဝှမ်းဆန္ဒပြပွဲတွေဆက်ပြီး ပေါ်ပေါက်နေသေးသလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေ လည်းသက်ဆိုင်ရာ သံရုံးတွေရှေ့နဲ့ တခြားနေရာတွေမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန် မှာလည်း မနေ့တုန်းက သိရိလင်္ကာနိုင်ငံသံရုံးနဲ့ အမေရိကန်ဆိုင်ရာ မြန်မာစစ်သံရုံးရှေ့တွေမှာအမေရိကန် ရောက်မြန်မာတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)











ဆက်စပ်သတင်းများ ...

XS
SM
MD
LG