သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံး၊ လွိုင်ကော်ဖြိုခွဲမှု ၁ ဦးသေဆုံး


People flee to safety during an anti-coup protest in Loikaw, Myanmar March 9, 2021 in this still image obtained by Reuters ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES.
People flee to safety during an anti-coup protest in Loikaw, Myanmar March 9, 2021 in this still image obtained by Reuters ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES.

{{Zawgyi/Unicode}}

မြန်မာစစ်တပ်က တပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးမှုကို အကြောင်းပြုပြီး ရှမ်း-ကယားပြည်နယ် နယ်စပ်က ကျေးရွာတွေမှာ နယ်မြေခံစစ်တပ်က ရှာဖွေစစ်ဆေးပြီးတော့ ကြားဝင်ညှိနှိုင်းပေးတဲ့ သပိတ်ခေါင်းဆောင် တဦးနဲ့ ရွာသား ၃၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။ လွိုင်ကော်မြို့သပိတ် ပစ်ခတ်ဖြိုခွဲတာမှာတော့ ၁ ဦး သေဆုံးပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်အစပ် မိုးဗြဲမြို့နယ်မှာ တပ်သား ၄ ယောက်ပျောက်ဆုံးနေတာကို အကြောင်း ပြုပြီး မြန်မာစစ်တပ်ကနေ ရွာထဲဝင်ရောက်ရှာဖွေရာမှာ ရွာသားတွေနဲ့အခြေအတင်ဖြစ်ပွါးခဲ့ပြီး ကြားဝင်ညှိနှိုင်းသူအပါအဝင် ရွာသားတချို့ မနေ့ညနေပိုင်းမှာအဖမ်းဆီးခံခဲ့ရတယ်လို့ ကယားပြည်နယ်အခြေစိုက် LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“တပ်သား ၄ ယောက်ပျောက်ဆုံးမှုမှာ တပ်က အဲဒီတောင်ခြေရွာတို့ ဆောင်ကန်းတို့ လယ်ထွန်ဆိုတဲ့ အဲဒီ ရွာတွေကို အလုံးအရင်းနဲ့ ဝင်ထိုးလိုက်တဲ့အချိန်မှာ ဒေသခံတွေက ရွာထဲအဝင်မခံဘဲနဲ့ ပိတ်ဆို့ဆန္ဒပြတော့ သူတို့ကဖြိုခွဲတယ်လေ။ လက်နက် ကျည် အစစ်တွေလည်းပါတယ်။ အင်နဲ့အားနဲ့ဖြိုခွဲတော့ ဒေသခံတွေကို ပစ်ပစ်ခါခါမလုပ်ဖို့ မျိုးလှိုင်ဝင်းက သွားပြီးမှ ကြားဝင်မေတ္တာရပ်ခံတယ်ပေါ့။ ပြီးတော့ အင်အားနဲ့ ဝင်ရှာတာမျိုးမဟုတ်ဘဲနဲ့ တပ်သား ၂၀ လောက်နဲ့ဝင်ပြီး ရွာထဲဝင်ရှာလို့ရအောင် နှစ်ဖက်ကြား သဘောတူညီမှုရအောင်ညှိနှိုင်းနိုင်တယ်။ တပ် ၂၀ လောက်နဲ့သူတို့ဝင်ရှာတယ်။ ဘာမှလဲမတွေ့ဘူးပေါ့။ အဲဒီလိုရှာအပြီးမှာ တပ်ပြန်ဆုတ်တာမျိုးမလုပ်ဘဲနဲ့ ဘုရားကျောင်းတို့ စာသင်ကျောင်းတို့ အဲဒီမှာ တပ်စွဲတယ်။ ရွာသားတွေကိုလည်း ဖမ်းဆီးတာတွေဆက်ရှိလာတော့ မျိုးလှိုင်ဝင်းတို့က ဒုတိယနေ့ ဆက်ပြီး ညှိနှိုင်းတဲ့အချိန်မှာ မျိုးလှိုင်ဝင်းတို့လဲ အဖမ်းခံထိတယ်။ အဲမှာ ၃၀ ဝန်းကျင်လို့ပြောတယ်။ တပ်က တိုက်ရိုက်ဖမ်းတယ်ဆိုတော့ ဘယ်တပ်တွေဖမ်းလဲမသိဘူး။”

မိုးဗြဲမြို့နယ်ကဆောင်ကန်းကျေးရွာ၊ လယ်ထွန်ရွာနဲ့ ဝှာရီတောင်ခြေရွာတွေကို စစ်တပ်အင်အား အလုံးအရင်းနဲ့ ရောက်ရှိလာခဲ့ရာမှာ ရွာသားတွေ တားဆီးဆန္ဒဖော်ထုတ်ခဲ့အပြီးဖမ်းဆီးခံရတာပါ။

အဖမ်းဆီးခံရွာသားတွေကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတိတိကျကျမသိရသေးပေမဲ့ နယ်မြေခံတပ်ရင်းကလို့ ဒေသခံတွေကပြောဆိုနေကြတာပါ။

“မိုးဗြဲမှာရှိတဲ့ ၄၂၂ တပ်မှာ ထိုင်နေတဲ့ တပ်ကလူတွေ အဲဒီမှာလာပြီးမှ ဖမ်းတယ်လို့ပြောတယ်။ ရေကာတာကို ကာကွယ်တဲ့တပ်ပေါ့နော်။”

ပျောက်ဆုံးနေတဲ့တပ်သား ၄ ယောက်ဟာ တပ်ကနေထွက်ပြေးတာလား CDM သပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းတာလားဆိုတာ ကွဲကွဲပြားပြားမသိရသေးပါဘူး။
ကယားပြည်နယ်ထဲမှာဆိုရင် CDM သပိတ်လှုပ်ရှားမှုတွေမှာ ရဲတပ်ဖွဲ့ဝင် ၁၈၀ လောက် ပူးပေါင်းပါဝင်ထားတယ်လို့ သပိတ်ကော်မီတီတွေကဆိုပါတယ်။
ဒီကနေ့လွိုင်ကော်မြို့အတွင်းဆန္ဒဖော်ထုတ်မှုမှာ သပိတ်ဖြိုခွင်းခံရပြီး လူသေဆုံးဒဏ်ရာရမှုရှိခဲ့တယ်လို့ သပိတ် ကော်မီတီဝင်တဦးကပြောပါတယ်။

“ဒီ မိုင်းလုံးသပိတ်မှာဖြိုခွင်းမှုဖြစ်တယ်။ ဒီနေ့လဲ သူတို့ ပထမဆုံးကျည်နဲ့စသုံးတယ်ပေါ့နော်။ တယောက်ဆုံးတယ်။ ဆုံးသွားတာကဦးရှမ်းပု။ တယောက်တော့ပေါင်ပေါက်သွားတယ်။”
ဒီကနေ့ လွိုင်ကော်မြို့ မှိုင်းလုံးရပ်ကွက် သပိတ်ဖြိုခွင်းခံရမှုမှာ ပန်းနန်းဒါလမ်းမှာနေသူ ဦးရှမ်းပု သေနတ် ထိမှန် သေဆုံးခဲ့ပြီး အလောင်းကိုမိသားစုထံသယ်ဆောင်ပြီးပြီလို့ သပိတ်ခေါင်းဆောင် တွေကပြောပါတယ်"။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲနေတာမှာ တချို့ဒေသတွေမှာ အတော့်ကိုဆိုးရွားပြင်းထန်ပါတယ်။ ဒါကြောင့် သေဆုံး ဒဏ်ရာရ ဖမ်းဆီးခံရသူ အရေအတွက်လည်း တနေ့ထက်တနေ့ တိုးလာနေပြီဖြစ်ပါတယ်။

........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}










XS
SM
MD
LG