သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်း−ရသေ့တောင် ကားလမ်းပိတ်ထားဆဲမို့ ဒေသခံတွေ အခက်ကြုံနေ


ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှာ ကုန်တင်ကုန်ချမြင်ကွင်း။ ( အောက်တိုဘာ ၁၊ ၂၀၁၉ )
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှာ ကုန်တင်ကုန်ချမြင်ကွင်း။ ( အောက်တိုဘာ ၁၊ ၂၀၁၉ )

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားပေမယ့်လည်း ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် ဆက်သွယ်ထားတဲ့ ကားလမ်းမကို စစ်ကောင်စီက ဒီကနေ့အထိ ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ဒေသမှာ လတ်တလော ငြိမ်းချမ်းနေတယ်ဆိုပေမယ့် စစ်ကောင်စီဖက်ကတော့ ဒေသခံတွေရဲ့ ခရီးသွားလာရေးကို တင်းကြပ်စစ်ဆေးတာတွေ ကုန်ပစ္စည်း သယ်ယူခွင့်တွေကို ကန့်သတ်တာတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ အခုဆိုရင် ၃လကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်မရှိသေးသလို တမြို့နဲ့ တမြို့ ကုန်ပစ္စည်း သယ်ယူရေးပိုင်းတွေမှာလည်း အခက်ကြုံနေရဆဲ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်း−ရသေ့တောင် ကားလမ်းကိုလည်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ကတည်းက စစ်ကောင်စီက ပိတ်ထားတာ အခုအချိန်ထိ ပြန်မဖွင့်သေးတာကြောင့် အခက်ကြုံနေရတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ္စည်းက သယ်ယူလို့မရဘူး။ တချို့ ဆန်တို့ဘာတို့ ရိက္ခာတွေ အများကြီးယူမယ်ဆိုရင် စစ်တပ်ကို တိုင်ပြီးတော့ ယူရတာတွေရှိတယ်။ ရှိတာပေါ့ အခက်အခဲက အများကြီးရှိတာပေါ့။ ပုံမှန်တစ်နာရီလောက်သွားလို့ရတဲ့ ခရီးကို ရေကြောင်းကနေပတ်ပြီး သွားနေရတာ တစ်ရက်လုံးနီးပါး ကြာတယ်။ အဲလို အချိန်ကြန့်ကြာတာတွေ၊ နောက်ပြီး လူနာတွေကျန်းမာရေးအတွက် ဆိုရင်လည်း အဆင်မပြေဘူးဗျာ၊ အခက်အခဲဖြစ်တယ်။”

လက်ရှိမှာတော့ အဲဒီပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းမှာ ဒေသခံတွေကို ဆိုင်ကယ်တစ်ခုတည်းနဲ့သာ ခရီးသွားလာခွင့်ပေးထားသလို လမ်းတလျောက် စစ်ကောင်စီစစ် ဆေးရေးဂိတ်တွေမှာ စစ်ဆေးခံပြီးမှ သွားလာကြရတာပါ။

အခုလို စစ်ကောင်စီကို ပိတ်ပင်ကန့်သတ်မှုတွေကြောင့် ရသေ့တောင်-ပုဏ္ဏားကျွန်း ပြေးဆွဲနေတဲ့ ကားသမားတွေလည်း စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ကားသမား တစ်ဦးက ပြောပါတယ်။

“ငါတို့မှာ ကားမသွားရတော့ အလုပ်ဆိုတာက ဘာအလုပ်မှ ရှိတာမဟုတ်ဘူးလေ။ မိသားစု စားဝတ်နေရေးအတွက် ထိခိုက်မှုရှိတယ်။ အမြဲတမ်းကားဆွဲနေရတဲ့ အချိန်မှာတော့ အဆင်ပြေတယ်လေ။ အရင်ကားထွက်နေရတဲ့အချိန်က တစ်ရက်မှာ ပိုက်ဆံ ၈သောင်း၊ ၉သောင်း အထိရတယ်။ အခုကတော့ ပိုက်ဆံနှစ်သောင်းရဖို့အတွက် မလွယ်ဘူး၊ ဆိုင်ကယ်နဲ့ ဆွဲနေရတော့လေ။”

တိုက်ပွဲမရှိပေမယ့်လည်း စစ်ကောင်စီက အဲဒီကားလမ်းကို ဘာကြောင့် အချိန်အကြာကြီး ပိတ်ထားတယ်ဆိုတာ မသိသလို စစ်ကောင်စီ တာဝန်ရှိသူတွေ အနေနဲ့လည်း တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဖက်က လမ်းတွေကို ပိတ်ထားတဲ့အပြင် ကုန်ပစ္စည်း သယ်ယူခွင့်တွေကိုလည်း ကန့်သတ်ထားပါတယ်။ ပြည်မဖက်ကလာတဲ့ ကုန်တင်ကားတွေ ဆိုရင်လည်း ရန်ကုန်-စစ်တွေ ကားလမ်းတလျောက် အာဏာပိုင်တွေရဲ့ စစ်ဆေးတာကို အကြိမ်ကြိမ် ခံရတာကြောင့် ခရီးကြန့်ကြာတာတွေ ရှိနေတာပါ။ တချို့ကုန်ပစ္စည်းတွေဆိုရင် ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ခွင့်ပြုချက်ယူပြီးမှ သယ်ယူခွင့်ရတာမျိုးတွေ ရှိနေပါတယ်။

ဒါအပြင့် ရခိုင်ပြည်နယ်အတွင်း တမြို့နဲ့ တမြို့ ကုန်ပစ္စည်း သယ်ယူခွင့်တွေကိုလည်း စစ်ကောင်စီက ကန့်သတ်ထားပါတယ်။ အထူးသဖြင့်တော့ ဆန်ရိက္ခာ သယ်ယူတာတွေကို အဓိက ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ကျောက်ဖြူကနေ စစ်တွေကို ဆန်သယ်ယူခွင့် အခုအချိန်ထိ မရှိသေးသလို တခြားမြို့နယ်တွေမှာလည်း ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲရပ်ထားတယ်ဆိုပေမယ့် စစ်ကောင်စီဖက် လူအင်အား လက်နက်အင်အားတွေ ဖြည့်တင်းနေသလို အပစ်ရပ် သဘောတူညီချက်ကို လိုက်နာမှု မရှိတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒီနှစ်အစောပိုင်းက ရခိုင်လက်နက်ကိုင် AA ဖက်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG