သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ် ကျားအိုချောင်း ရေသတ္တဝါအများအပြား သေဆုံး


ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ အမ်းမြို့နယ်အစပ်က ကျားအိုချောင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ၌ဆက်စပ်တယ်လို့ယူဆရတဲ့ ဂုံးကောင်တွေ။ (ဧပြီ ၂၄၊ ၂၀၂၃/ဓာတ်ပုံ-မျိုးလွင်)
ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ အမ်းမြို့နယ်အစပ်က ကျားအိုချောင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ၌ဆက်စပ်တယ်လို့ယူဆရတဲ့ ဂုံးကောင်တွေ။ (ဧပြီ ၂၄၊ ၂၀၂၃/ဓာတ်ပုံ-မျိုးလွင်)


ဧပြီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ အမ်းမြို့နယ်အစပ်က ကျားအိုချောင်းမှာ ရေသတ္တဝါအများအပြား သေဆုံးခဲ့ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ဆက်စပ်မှုရှိမယ်လို့လည်း ယူဆနေကြပါတယ်။ တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ သံဇစ်မြစ်မှာ အရင်ကလည်း အလားတူအခြေအနေမျိုး ကြုံခဲ့ရဖူးပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး ကိုရဲမွန်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်က တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာ သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့် ရေသတ္တဝါတွေ အစုလိုက်အပြုံလိုက်သေခဲ့ဖူးသလို အခုလည်း အမ်းမြို့နယ်က ကျားအိုချောင်းမှာ ခုံးကောင်တွေ အမြောက်အများ သေဆုံးနေပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ကျောက်ဖြူ၊ မြေပုံနဲ့ အမ်းမြို့နယ်က ချောင်းတွေမှာ ခုံးကောင်တွေအပြင် သားငါးပုစွန်တွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့နေရာနဲ့မနီးမဝေးမှာ အခုနောက်ထပ်ခုံးကောင်တွေ သေဆုံးနေတာလို့လည်း ဒေသခံပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ဦးမျိုးလွင်က ပြောပါတယ်။

“အထူးဖြင့်တော့ အမ်းမြို့နယ်ရဲ့နယ်နမိတ်ထဲမှာရှိတဲ့ ကျားအိုချောင်း အဲဒီ ၂၀၁၈ က ရေထုညစ်ညမ်းလို့သေခဲ့တဲ့နေရာမှာပဲ။ အဲဒီဂုံးတွေက ထပ်ပြီးတော့ သေတယ်ပေါနော်။ အဲဒီ ၂၀၁၈ က သေခဲ့တဲ့နေရာနဲ့ဆိုရင် အကွာအဝေးအားဖြင့် ပေ ၅၀၀ လောက်မှာ ရှိတယ်။ ဒီတခေါက်သေတာကလည်း သန်းပေါင်းများစွာသေတယ်။”

အဲဒီ ကျားအိုချောင်းအတွင်းက ခုံးကောင်တွေသေဆုံးနေတာဟာ ဘောလုံးကွင်း တကွင်းလောက်စာရှိပြီး အပေါ်ယံလောက်သာသေဆုံးတာမဟုတ်ဘဲ မြေအောက်တွေမှာပါ သေဆုံးနေတာကိုတွေ့ရတယ်လို့လည်း ပြောပါတယ်။

ရေသတ္တဝါတွေ အစုလိုက်အပြုံလိုက်သေဆုံးမှု အကြောင်းရင်းကို တိတိကျကျ မသိရပေမဲ့ ရေညစ်ညမ်းမှုတွေနဲ့ဆက်နွယ်လိမ့်မယ်လို့ ယူဆကြောင်းလည်း အမ်းမြို့နယ်မှာ ဒီရေတော ထိန်းသိမ်းရေးဆောင်ရွက်နေတဲ့ ဦးမျိုးလွင်ကပြောပါတယ်။

“တရုတ်စီမံကိန်းတွေ ရခိုင်မြေပေါ်မှာ ကြီးကြီးမားမားလုပ်လာပြီးနောက်ပိုင်းမှာ ဖြစ်တာပေါ့နော်၊ အထူးသဖြင့် ကျောက်ဖြူမြို့နယ်အတွင်းမှာ တရုတ်စီမံကိန်းတွေ စတင်အကောင်အထည်ဖော်ပြီးနောက်ပိုင်းမှာတော့ ရေထုညညစ်ညမ်းလာတယ်။ အဲဒီနောက်ပိုင်းမှာ ဂုံးတွေသေတာ၊ သားငါးသယံဇာတ ရှားပါးလာတာ၊ ဒါတွေက ဆက်စပ်မှုရှိနေတယ်။ ဒါပေမယ့် သူတို့လုပ်တဲ့ဟာတွေက ဓာတုပစ္စည်းတွေသုံးသလား၊ ရေသယံဇာတတွေကို ထိခိုက်နိုင်လောက်တဲ့ အဆိပ်အတောက်တွေသုံးပြီးတော့ စီမံကိန်းတွေလုပ်သလားဆိုတာကတော့ ကျနော်တို့ တိတိကျကျပြောဖို့ခက်တယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေရောက်ပြီးမှ ဒီပြဿနာတွေက ဖြစ်တယ်လို့ ပြောလို့ရတယ်။”

အမ်းမြို့နယ်မှာ ခုံးကောင်တွေ အစုလိုက်အပြုံလိုက်သေဆုံးတာနဲ့ပတ်သတ်ပြီး စုံစမ်းမေးမြန်းဖို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုသူမရှိခဲ့ပါဘူး။

ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံအများစုဟာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းကြပါတယ်။ ဒါပေမဲ့လည်း ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်းမှာ စီမံကိန်းတွေတည်ဆောက်ပြီးတဲ့နောက်ပိုင်းမှာ ငါးသားပုစွန်တွေ ရှားပါးလာပြီး ရေလုပ်သားတွေအခက်ကြုံလာရတယ်လို့လည်း အမ်းမြို့နယ် လင်ပန်းကျကျေးရွာက ရေလုပ်သားတဦးကပြောပါတယ်။

“၂၀၁၈ တုန်းက ရေမဲလွတ်တုန်းက သားငါးပုစွန်တွေ မျိုးတုံးသွားသလိုပဲ အဲဒီနောက်ပိုင်း နည်းနည်းလေး ပြန်ပေါ်လာပြီး အခုတော့ ဘယ်လိုပြောရမလဲ- အဲဒီက ရေမဲထုတ်လွတ်လား မလွတ်လား ကျနော်လည်းမပြောနိုင်ပေမယ့် အဲဒီစီမံကိန်းတွေ တည်ဆောက်ပြီးတဲ့နောက် သားငါးပုစွန်ရှားပါးမှုက ရာသီအလိုက်မဟုတ်ဘဲ ဘယ်အချိန်မဆို အမြဲတမ်းရှားပါးနေတယ်။”

တရုတ်ရေနက်ဆိပ်ကမ်းတည်ဆောက်ထားတဲ့ ကျောက်ဖြူမြို့နယ် မြဒေးကျွန်း အနောက်မြောက်ဘက် သံဇစ်မြစ်အတွင်းမှာ သံချေးရောင်ဖြစ်နေတဲ့ ရေတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လတုန်းက ဒေသခံရေလုပ်သားတွေက တွေ့ရှိခဲ့ကြတာပါ။ အဲဒီရေတွေကို ဓာတ်ခွဲစစ်ဆေးကြည့်တဲ့အခါမှာလည်း ရေထုညစ်ညမ်းမှု အလွန်မြင့်မားနေသလို လူနဲ့ရေနေသတ္တဝါတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ၂၀၁၈ သြဂုတ်လထဲမှာ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG