သုံးရလွယ်ကူစေသည့် Link များ

မြန်မာလူထုရဲ့ အသက်အိုးအိမ်ကို ထိခိုက်နစ်နာစေတဲ့ စီမံကိန်းတွေ ရှိမရှိ အစိုးရသစ်အနေနဲ့ ပထမဆုံး စီစစ် သုံးသပ်ဖို့ လိုပြီး ရပ်သင့်တာတွေ အမြန်ဆုံးရပ်ပစ်ဖို့ လုပ်ရမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် ထားရှိတဲ့ အခြေခံ အဆောက်အအုံတွေ ဘယ်လိုရှိသလဲ ဆိုတာကို ပြန်ပြီး သုံးသပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

သဘာဝဝန်းကျင်ထိမ်းသိမ်းရေးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အမျိုးသား အဆင့် လုပ်ထုံးလုပ်နည်းက အရေးပါပါတယ်။ သဘာဝ ပါတ်ဝန်းကျင်ဆိုင်ရာအတွက် သစ်တောဌာနနဲ့ တွဲနေတာမျိုး မဟုတ်ပဲ သီးခြား လွတ်လပ်တဲ့ ဝန်ကြီးဌာန ထားရှိပေးသင့်သလို ပြည်နယ် ပြည်မ သီးခြားခွဲထားမှ သူ့ပြည်နယ်တွင်း လိုအပ်ချက်အလိုက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။

သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက် မြန်မာနိုင်ငံမှာ ဥပဒေ ချမှတ်ပြီး သတ်မှတ် ပြဌာန်းမှုတွေ အများအပြားရှိနေပေမယ့် လိုက်နာမှု အားနဲတဲ့အတွက် လက်ရှိမှာ သဘာဝဝန်းကျင်ဆိုင်ရာ ပြဿ နာ အများအပြားကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥပဒေသတ်မှတ်ချက်တွေ မှန်မှန်ကန်ကန် ဖြစ်လာအောင် အားဖြည့်ပေးနိုင်တဲ့ တရားဥပဒေ စိုးမိုးရေးရှိဖို့အတွက် တရားရေးဌာနတွေရဲ့ ပါဝင် ပါတ်သက်မှုရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာတော့ သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှု ကနေ လူ့အသက်စည်းစိမ်ကို ထိခိုက်မှု ရှိစေမယ် ဆိုရင် တရားမမှု၊ ရာဇဝတ်မှု တွေနဲ့ ရုံးတော်ကနေ တရားစွဲဆိုခွင့်ပေးထားပြီး လူထုရဲ့ အသက်စည်းစိမ်ကို အကာကွယ်ပေးထားတာပါ။

မြန်မာနိုင်ငံမှာ သဘာဝဝန်းကျင်ထိမ်းသိမ်းရေးအတွက် လက်ရှိမှာ ပြဌာန်းထားတဲ့ ဥပဒေက အတော်များများရှိနေပါတယ်။ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ၁၉၉၄ ခုနှစ်မှာ မူဝါဒချမှတ်သလို ဥပဒေကို ၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး နည်းဥပဒေကိုတော့ ၂၀၁၃ ခုနှစ်မှာ ပြဌာန်းထားတာပါ။ ပါတ်ဝန်းကျင် ထိခိုက်မှု အဆင့်ဆင့် လုပ်ထုံးလုပ်နည်းများ ကို ၂၀၁၅ မှာ အပြီးပြဌာန်းဖို့ ရှိသလို ၊ ပါတ်ဝန်းကျင် ထိမ်းသိမ်းမှု ဆန်းစစ်ချက် ညွှန်ကြားချက် မူကြမ်း အဆင့် လည်း ရှိနေပါတယ်။ ဒါ့အပြင် သဘာဝဝန်းကျင် ထိခိုက်မှုနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် တခြားကဏ္ဍတွေ အတွက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေလည်း အများ အပြား ရှိနေတာပါ။ ဘယ်လို ဥပဒေတွေ ပါလဲ။ ဘာတွေကို တားမြစ်ထားတာ ပါလဲ ဆိုတာကို ကြည့်ကြရအောင်ပါ။

၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေထဲမှာ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ မိရိုးဖလာ ထုံးတမ်းစဉ်လာတွေကို ထိခိုက်မှု၊ ကျန်းမာရေးထိခိုက်မှုနဲ့ သဘာဝဝန်းကျင် ဂေဟစံနစ် ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ ကို ကန့်သတ်ထားတာပါ။ ၂၀၁၃ မှာ အထူးစီးပွါးရေးဇုံ အတွက် စက်မှုလုပ်ငန်းအတွက် ဥပဒေတွေ ထုတ်ပြန်ခဲ့သလို အရင် ၁၉၅၁ ခုနှစ်ကတည်းက ထုတ်ပြန်ထားတဲ့ စက်ရုံဥပဒေမှာတော့ အလုပ်သမားကိစ္စက စပြီး ဘေးဖြစ်စေတတ်တဲ့ ဓါတုပစ္စည်း၊ စွန့်ပစ်ပစ္စည်းနဲ့ တခြား ပါတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းဖို့ ကိစ္စရပ်တွေကို ပြဌာန်းထားပါတယ်။

မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုနဲ့ ရေမြေတောတောင် ထိခိုက်မှုတွေ ရှိနေပေမယ့် ဒါတွေကို ကာကွယ်ဖို့ ဥပဒေတွေကလည်း ရှိနှင့်ပြီးသားပါ။ ဒီရေမြေတောတောင် တွေကို ကာကွယ်ဖို့၊ သစ်တောနဲ့ ဇီဝမျိုးကွဲများဖျက်ဆီးခြင်းမှ ကာကွယ်ဖို့လို ဥပဒေတွေပါဝင်တဲ့ သစ်တောဥပဒေကို ထုတ်ပြန်ခဲ့တာ ၁၉၉၂ ခုနှစ်ကတည်းက ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ တောရိုင်းတိရိစ္ဆာန် နဲ့ အပင်များ ကာကွယ်စောင့်ရှောက်ရေးနဲ့ သဘာဝ ဧရိယာများ ထိမ်းသိမ်းစောင့်ရှောက်ခြင်း ဥပဒေကိုထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ် ရေနဲ့ မြစ်ကြောင်းများ ဥပဒေ၊ ၁၉၃၀ ကတည်းက ရှိနေတဲ့ မြေအောက်ရေ ဥပဒေ၊ ၁၉၈၅ ခုနှစ် တူးမြောင်းဥပဒေ၊ ၁၉၉၁ မှာ ရေချိုငါးဖမ်း ဥပဒေ၊ ၁၉၉၀ မှာ ပင်လယ်ငါးဖမ်းဥပဒေ၊ ၁၉၈၉ မှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဥပဒေ အပြင် ၂၀၁၂ ခုနှစ်မှာတော့ မြေယာဥပဒေကိုပါ ပြဌာန်းခဲ့ပါတယ်။

၁၉၉၈ မှာ ယဉ်ကျေးမှု အမွေအနှစ်များ ဥပဒေထုတ်ပြန်ပြီး ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်း အဆောက်အအုံများ၊ သမိုင်းယဉ်ကျေးမှု အနုပညာ၊ မနုဿ ဗေဒ ဆိုင်ရာ တန်ဖိုးရှိ ရှေးဟောင်း နေရာများအတွက် ထိမ်းသိမ်း စောင့်ရှောက်ရေး လုပ်ဖို့ချမှတ်ထားတာပါ။ ဒါ့အပြင် ကမ္ဘာ့ဘဏ်တို့ JICA လို ဂျပန်ရဲ့ နိုင်ငံတကာ ဆက်ဆံမှုအဖွဲ့က ဆန်းစစ်ချက်တွေ၊ တခြားနိုင်ငံတွေက ပြဌာန်းထားတဲ့ သင့်တော်တဲ့ အကြံပေးချက်တွေ၊ စံချိန်စံညွှန်းတွေကိုပါ ယူသုံးခွင် ပေးထားတဲ့ ပြဌာန်းချက်တွေလည်း ရှိပါတယ်။

ဒီလို လက်ရှိဥပဒေတွေကို သြဇာသက်ရောက်စေမယ့် အားဖြည့်မှုတွေ အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာပါ။ ဒီ့အတွက် တရားရေးဌာနတွေရဲ့ ပါဝင်ပါတ်သက်မှု လိုအပ်သလို ပိုပြီး ထိရောက်စေဖို့ ဌာန ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ဖို့ လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG