သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုတချို့ ပြင်ဆင်ချက် နေပြည်တော်မှာကြားနာ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)
ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၅ မှုနဲ့ သမ္မတ ဦးဝင်းမြင့်အပေါ် စွပ်စွဲထားတဲ့အမှု ၁ မှု နဲ့ပတ်သက်လို့ အယူခံ လျှောက်လဲချက်ကို ဒီကနေ့ နေပြည်တော် တရားလွှတ်တော်ချုပ်မှာ ကြားနာပါတယ်။ ဒီအမှုတွေနဲ့ပတ်သက်ပြီး ပြည်‌‌ထောင်စုအဆင့် အထက်တရားရုံးမှာ ချမှတ်ထားတဲ့ အမိန့်တွေကို ပြင်ဆင်ပေးဖို့ အထူး အယူခံအနေနဲ့ လျှောက်ထားတာကို ဒီကနေ့ ကြားနာပေမဲ့ ဆုံးဖြတ်ချက် ချမှတ်တယ်လို့ မသိရပါဘူး။ လာမယ့် စက်တင်ဘာလ လောက်မှာမှ အဆုံးအဖြတ် ချမှတ်နိုင်ဖွယ် ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကနေ့ ပြင်ဆင်လျှောက်လဲချက် ကြားနာတဲ့ အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်တို့နဲ့အတူ ပူးတွဲ စွဲဆိုထားရတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂မှု၊ စကားပြောစက် လက်ဝယ်ထားရှိမှု ၂ မှု စုစုပေါင်း ၅ မှု ဖြစ်ပါတယ်။ ဦးဝင်းမြင့် ကိုတော့ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မနဲ့ အမှု ၁ မှု အတွက် ပြင်ဆင်ချက် လျှောက်ထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒီ အထူးအယူခံ ကြားနာမှုတွေကို စွပ်စွဲခံရသူ တရားခွင်လာရောက်ဖို့ မလိုဘဲ စစ်ဆေးကြားနာလေ့ ရှိပါတယ်။ ဒီအမှုတွေရဲ့ ကြားနာမှု ပြင်ဆင်ချက်ကို တရားရုံးဘက်က လက်ခံမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမှုတွေကနေ ကွင်းလုံးကျွတ် လွတ်မြောက်မှာဖြစ်ပြီး၊ တရားရုံးဘက်က ပယ်ချခဲ့တယ် ဆိုရင်တော့ အရင် အမိန့်ချမှတ်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဆက်လက် ကျခံရမှာဖြစ်ပါတယ်။ အခုစွဲချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကနဦးအယူခံဝင်ခဲ့တာတွေမှာတော့ အားလုံးလိုလိုဟာ အပယ်ချခံခဲ့ရပြီး ဖြစ်ပါတယ်။

လာမယ့် ဩဂုတ်လ ၈ ရက်မှာတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး အဂတိမှု ၄ မှု၊ စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူတယ်ဆိုတဲ့ စွပ်စွဲချက် အဂတိမှု ၂ မှု၊ ပေါင်း ၆ မှုတို့နဲ့ ပတ်သတ်ပြီး ချမှတ်ထားတဲ့ အမိန့်တွေကို ပြင်ဆင်ပေးဖို့ အထူးအယူခံအနေနဲ့ တင်သွားဖို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကတော့ ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ် ချမှတ်တာ ခံခဲ့ရတဲ့ ရဟတ်ယာဉ်ဝယ်ယူမှု အပါအဝင် အဂတိလိုက်စားမှု စွဲချက် ၅ ခုအတွက် အထူးအယူခံ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ တရားရုံးက အဆုံးအဖြတ် အဖြေ ထွက်မလာသေးပါဘူး။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး၊ သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG