သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် စိုးရိမ်မှုတွေထွက်ပေါ်


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့တဲ့ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှု မရတဲ့အခြေအနေ ရှိနေတယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုခဲ့သလို၊ စိုးရိမ်မှုတချို့ ထွက်ပေါ်ခဲ့ပါတယ်။ အကျဉ်းထောင် ဥပဒေအရရော၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေအရရော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံရသူတွေ ကျန်းမာရေး စောင့်ရှောက်မှု ရသင့်တဲ့အကြောင်း ဥပဒေရေးရာ လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို ကိုစံကျော်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အကျဥ်းထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သွားဖုံးယောင်ပြီး သွားနာနေတဲ့ ဝေဒနာကြောင့် အစားမစားနိုင် ဖြစ်နေကြောင်းနဲ့ မူးဝေပြီး ပျို့အန်တာ ရှိခဲ့တယ်လို့ နေပြည်တော် ထောင်နဲ့နီး စပ်သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းဦးစီး ဆေးမှူးချုပ်က သွားရောက် ကြည့်ရှုခဲ့တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

"ကောင်းပါတယ်။ သက်သာသွားပြီတဲ့။ သွားနာတာ သွားဖုံးယောင်တာပေါ့။ ဆေးကုသတယ် ဆိုတာက အကျဉ်းဦးစီးကပဲ လုပ်လိမ့်မယ်လေ။ စစ်ဆေးပေးတယ်။ ကျန်းမာရေး စစ်ဆေးပေးတယ် ပြောတယ်။"

ပြင်ပသွားဆရာဝန်နဲ့ ပြဖို့ လိုအပ်တာကြောင့် ခွင့်တောင်းတာကိုတော့ စစ်ကောင်စီ အကျဥ်းဦးစီးဌာနက ပယ်ချခဲ့တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါနဲ့ပတ်သတ်လို့ အကျဉ်းဦးစီးဌာနကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာမှာတော့ မအားလပ်တဲ့အတွက် မေးမြန်းတာတွေကို မဖြေဆိုနိုင်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဗွီအိုအေကအကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ခုချိန်ထိတော့ ဖုန်း ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေ အနေနဲ့ ကျန်းမာရေးအရ လိုအပ်ချက်တွေ ရှိလာရင် အကျဉ်းထောင် ဥပဒေအရပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေအရပဲ ဖြစ်ဖြစ် လိုအပ်တဲ့ ဆေးဝါး ကုသခွင့် ရ ရမှာဖြစ်တယ်လို့ ဥပဒေလေ့လာ သုံးသပ်သူ တဦးက ခုလို ထောက်ပြပါတယ်။

"နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး တန်ဖိုးထားတဲ့ အစိုးရဆိုရင်တော့ အကျဉ်းသားကို လူလိုပဲ သတ်မှတ်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အပြည့်အဝ လုပ်ပေးဖို့ တာဝန်ရှိတယ်။ အခု လက်ရှိကတော့ နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သတ်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း အကုန်လုံးကို ရုတ်သိမ်းတာ ကန့်သတ်တာ အားလုံး လုပ်ထားတယ်။ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ပြောလည်း လုပ်ပေးမှာမဟုတ်ဘူး။ ထောင်လက်စွဲအရ လုပ်ပေးဖို့ တာဝန်ရှိပေမဲ့လည်း အာဏာကို လက်ရှိ ကိုင်ထားသူတွေနဲ့ပဲ ဆိုင်သွားတယ်။ အကျဉ်းကျတာဖြစ်ဖြစ်၊ ထောင်ကျတာဖြစ်ဖြစ်၊ နိုင်ငံရေးအရ ကျခံတာပဲဖြစ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုက လက်ရှိ အာဏာကိုင်တဲ့သူတွေ လက်ထဲရှိတယ်။ ထောင်လက်စွဲကို မကျင့်သုံးနေဘူး။ အဲတော့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သတ်ရင် အလွန့်အလွန် စိုးရိမ်ရတယ်။"

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာပါ။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ သဘာဝဘေး စီမံခန့်ခွဲမှု၊ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု အပါအဝင် အမှုပေါင်း ၁၉ မှုနဲ့ စုစုပေါင်း ပြစ်ဒဏ် ၃၃ နှစ် ချတ်မှတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအထဲက ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်း သက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပေမဲ့ ကျန်နေသေးတဲ့ ၁၄ မှု အတွက် ထောင်ဒဏ်က ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG