သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်


အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တွန်းလှန်နေကြတဲ့ လက်ရှိ မြန်မာ့န်ိုငံရေးအခင်းအကျင်းမှာ အကြမ်းမဖက်ရေးဝါဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ ရှိပါသေးရဲ့လား။ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

** ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့် **

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တွန်းလှန်နေကြတဲ့ လက်ရှိ မြန်မာ့န်ိုငံရေးအခင်းအကျင်းမှာ အကြမ်းမဖက်ရေးဝါဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ ရှိပါသေးရဲ့လား။ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ မြန်မာနိုုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ ရှိနေပါသေးလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတာ အချိန်ကြာလာတာနဲ့အမျှ သူ့ခေတ်ကုန်ပြီ။ သူ့ကဏ္ဍ မရှိတော့ဘူးလို့ ပြောဆိုနေကြပါတယ်။ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ သူ့ခေတ်ကုန်ပြီ။ သူ့အခန်းကဏ္ဍ မရှိတော့ဘူးဆိုတာ စစ်ကောင်စီရဲ့ ဆန္ဒပါ။ သူ့ကို ဖမ်းဆီးထောင်ချထားတာကိုက ဒီလိုဖြစ်အောင်။ နိုင်ငံရေးအရ တဖြည်းဖြည်းမှေးမှိန်သွားအောင် ဆိုပြီးတော့ စစ်ကောင်စီရဲ့ ဆန္ဒအတိုင်း လုပ်ပါတယ်။ စစ်ကောင်စီ အကြောက်ဆုံးကလည်း မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပဲ။ သူ့အခန်းကဏ္ဍက တကယ်ပဲ မရှိတော့ဘူးလားဆိုတဲ့ မေးခွန်းကို ကျနော် သံတမန်တယောက်ကို မေးဖူးပါတယ်။ အာဆီယံမှာလည်း တာဝန်ထမ်းဆောင်ဖူးတယ်။ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေမှာလည်း သံအမတ်ကြီးအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တဲ့ ဝါရင့်သံအမတ်တဦးပါ။ ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍ မရှိတော့ဘူးဆိုတာကို ခင်များ လက်ခံသလားဆိုတော့။ အဲဒါ ကျနော် ဖြေလို့မရပါဘူး။ အဲဒါ မြန်မာပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စသာ ဖြစ်တယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်က သံတမန်စကားကို အဓိပ္ပါယ်ဖွင့်ကြည့်တော့ - မြန်မာပြည်သူတွေ ဆုံးဖြတ်ရမှာ ဟုတ်ပါတယ်။ ပြည်သူတွေ ဆုံးဖြတ်ထားပြီးပြီ။ ပြည်သူတွေ ဆုံးဖြတ်တယ်ဆိုတာ မဲဆန္ဒနဲ့ ဆုံးဖြတ်ခြင်းသာ အမှန်ကန်ဆုံး ဖြစ်ပါတယ်ဆိုတော့ ၂၀၂၀ အာဏာမသိမ်းခင်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ဘယ်လောက် ထောက်ခံတယ်။ ဘယ်လောက် လက်ခံတယ်ဆိုတာ ပေါ်လွှင်နေပါတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဒါကိုကြည့်ရင် မမှေးမှိန်သေးပါဘူး။ ဆက်လက်ပြီး ရှိနေဆဲလို့ ပြောရမယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ အခု လက်နက်ကိုင် ခုခံနေကြတဲ့ လုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည် ဆွဲကိုင်ထားတဲ့ Non-violence အကြမ်းမဖက်ရေးမူနဲ့ သွားပြီးတော့ ဆန့်ကျင်နေတဲ့သဘော ဖြစ်ပါတယ်။ ဒီလို လက်နက်ကိုင် ခုခံနေတဲ့ တော်လှန်ရေးကိုကော ဒေါ်အောင်ဆန်းစုကြည်က လက်ခံနိုင်ပါ့မလား။

ဖြေ ။ ။ လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ လှုပ်ရှားမှုကိုကြည့်ရင် တကယ်တော့ အစက နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင် တော်လှန်ရေးနဲ့စတာ မဟုတ်ပါဘူး။ CDM လို့ခေါ်တဲ့ Civil Disobedience Movement လက်နက်မကိုင် အနုနည်း ဆန့်ကျင်မှုသာ ဖြစ်ပါတယ်။ ဒီလိုလုပ်လို့ မရဘူး။ စစ်ကောင်စီက မခွဲမခြား ရက်ရက်စက်စက် တွေ့ရာမြင်ရာ ပစ်ခတ်သတ်နေတဲ့အတွက်ကြောင့် လက်နက်ကိုင်အဆင့်ကို ရောက်သွားတာ ဖြစ်ပါတယ်။ အဓိကမူရင်းကတော့ Non-violence နဲ့ စခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ အခုတော်လှန်နေကြတာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံပါ့မလား ဆိုတာထက်၊ ဒီတော်လှန်နေတဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို Non-violence လမ်းကြောင်းပေါ် မှန်မှန်ကန်ကန် ခေါ်ဆိုနိုင်တယ်ဆိုရင် ဒီဘက်ကလူတွေ လက်ခံပါ့မလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

အခုလက်နက်ကိုင် တော်လှန်နေကြတယ်ဆိုတာလဲ နိုင်ငံရေးအရ အလုပ်မဖြစ်တဲ့အတွက်ကြောင့် တော်လှန်နေရတာ ဖြစ်ပါတယ်။ ဆိုတော့ လက်နက်ကိုင် တော်လှန်ရေး၊ စစ်အောင်နိုင်ရေးဆိုတာ ဒီမိုကရေစီ ရရှိရေးအတွက် ရည်မှန်းချက်ပန်းတိိုင် မဟုတ်ပါဘူး။ ဒီမိုကရေစီ ရရှိရေးလမ်းကြောင်းရဲ့ ကြွေးကြော်သံတရပ်သာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကြွေးကြော်သံသည် ရည်မှန်းချက်ပန်းတိုင် မဟုတ်ဘူး။ အလုပ်ရဲ့ လမ်းညွှန်သာ ဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဆိုတော့ အခု စစ်အောင်နိုင်ရေးလို့ ကြွေးကြော်ပြီးတော့ တော်လှန်နေသူတွေလည်း သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ရောက်ရှိရေးအတွက် ဒါကို လုပ်ငန်းတရပ်အနေနဲ့ အသုံးပြုနေတာ ဖြစ်တယ်လို့ပဲ ကျနော်က မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စမှာ သူက ပါဝင်စေ့စပ်ပေးဖို့အတွက် ဆောင်ရွက်ပေးဖို့ကို သူက ရည်ရွယ်ချက် ရှိပါလိမ့်မယ်။ နိုင်ငံရေးနည်းနဲ့သာ ထွက်ပေါက်ရှာမယ့်ကိစ္စသာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်နေပြီး၊ တဘက်ကိုတဘက် အပြတ်တိုက်မယ်ဆိုတာလည်း ဖြစ်နိုင်တဲ့ အလားအလာ မရှိပါဘူး။ စစ်တပ်ကလည်း ဆက်လက်အုပ်ချုပ်ဖို့ ဘယ်လိုမှ ရနိုင်မှာ မဟုတ်တော့ဘူး။ သူများတွေဆီက လက်နက်တွေရလို့ ဘယ်လောက်ပဲ နှိမ်နင်းပေမဲ့ ဒီဘက်ကလည်း လက်ခံမှာ မဟုတ်တော့ဘူး။ ဆိုတော့ ဒီဟာကို ပြေလည်အောင် လက်နက်ကို ဘေးချပြီးတော့ မင်းတို့နဲ့ ငါတို့ ဆွေးနွေးရအောင်ဆိုပြီးတော့ ပြောကြမှာ မဟုတ်ဘူး။ ကြားကနေ တဦးတယောက်က ကြားခံပြီးတော့ ဆွေးနွေးဖို့ လိုပါတယ်။ ဒီနေရာမှာ အယုံကြည်ဆုံးလူက ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါလိမ့်မယ်။

နောက်တချက် အရေးကြီးတာက မြန်မာ့နိုင်ငံရေးဟာ လူပုဂ္ဂိုလ် ချဉ်းကပ်ကိုးကွယ်မှုပေါ်မှာ သိပ်ပြီးတော့ မူတည်ပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစဉ်အလာ၊ သမာက ဒီကိစ္စမှာ သိပ်အရေးကြီးပါတယ်။ သူ့နေရာမှာ အစားထိုးနိုင်မယ့်လူက ရှားပါးပါတယ်။

မေး ။ ။ အထူးသဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ဇူလိုင်လထဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားပြီးတော့ တွေ့ခဲ့ပါတယ်။ သူက ဒါကို အစည်းအဝေးမှာ ရုတ်တရက် ပြောလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းပါတယ်လို့ ပြောတယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်လိုအရေးပါလာနိုင်ပါသလဲ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဒီနေရာမှာ အဓိကအားဖြင့် လက်နက်ကိုင် တော်လှန်ရေး၊ စစ်ရေးနည်းကနေ နိုင်ငံရေးနည်းကို ကူးပြောင်းတဲ့နေရာမှာ သိပ်အရေးပါပါတယ်။ သူ မရှိရင် အဲဒီအရာ မဖြစ်နိုင်ပါ။ သူက တွေ့ဆုံဆွေးနွေးရေးကို အားပေးတယ်ပြောတာ။ သူ့ကို လွှတ်ပေးပြီးတော့ သူ့က လုပ်ပေးမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ပြည်သူတွေ သိပ်ဒုက္ခရောက်နေကြပြီ။ ဒါကြောင့် တွေ့ဆုံဆွေးနွေးကြဖို့ကို သူက လိုလားတယ်ဆိုပြီးတော့ ပြောလိုက်တာသာ ဖြစ်ပါတယ်။ သူ့ရဲ့ အသုံးအနှုန်းက။ ဆိုတော့ သူ့ရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။ စောစောကပြောခဲ့သလိုပါပဲ သူသာလျှင် နှစ်ဘက်စလုံးကို ညှိနှိုင်းပေးနိုင်မယ်လူ ဖြစ်မယ်။

နောက်တခု ဖြစ်နိုင်တာကတော့ သူနဲ့ တယောက်တည်းနဲ့ မဖြစ်ရင်လည်း နိုင်ငံတကာက ဝိုင်းဝန်းပံ့ပိုးမယ် ဆိုတဲ့နေရာမှာလည်း သူတို့အကျိုးအတွက်တော့ တွက်ကြမှာပဲ။ သူတို့အကျိုးမပါဘဲနဲ့ မလုပ်ပါဘူး။ ဆိုတော့ ဒီအခြေအနေဖြစ်အောင် တိုက်တွန်းနိုင်မယ့် နိုင်ငံဟာ အာဆီယံထက် အဓိကလုပ်နိုင်မှာက တရုတ်က လုပ်ရင်တော့ ပိုပြီးတော့ ဖြစ်နိုင်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်မှာ ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ကို တရုတ်ကတွန်းတော့ စစ်ကောင်စီက လုပ်တာကို တွေ့ရပါတယ်။ ဆိုတော့ တရုတ်ရဲ့ တိုက်တွန်းချက်က စစ်ကောင်စီအပေါ် အတော်လေး သြဇာကြီးနေတာကို တွေ့ရပါတယ်ဆိုတော့ လူတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး အကြံပေးချက်ကို တရုတ်က ဝိုင်းဝန်းပြီးတော့ လုပ်ပေးမယ်ဆိုရင်တော့ အကောင်အထည် ဖော်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော် တွေးမိတာပေါ့။

မေး ။ ။ အဲဒီတော့ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခံဖို့ လုပ်တဲ့သဘောပါလား။

ဖြေ ။ ။ အသုံးချတယ်ဆိုတာ စောစောက ပြောသလိုပေါ့ လူတိုင်းက သူတို့အကျိုးမပါရင် ဒီအလုပ်ကို မလုပ်ဘူးပေါ့။ နိုင်ငံတကာမှာလည်း ထိုနည်းအတိုင်းပဲ နိုင်ငံတိုင်းက သူတို့အကျိုးအတွက် လုပ်တာပဲ။ ဥပမာ တရုတ်က လုပ်တာလည်း တရုတ်အကျိုးအတွက် အများကြီးပါတယ်။ မြန်မာနိုင်ငံဟာ သူတို့အတွက် စီးပွားရေး၊ မဟာဗျူဟာအတွက် အများကြီးအရေးပါတယ်။ ဆိုတော့ ဒီဒေသမှာ ငြိမ်းချမ်းအောင် လုပ်ပေးနိုင်ရင် သူ့အတွက် အမြတ်ထွက်မယ်။ သူ့စီးပွားရေး ပိုကောင်းမယ်ဆိုတော့ အဓိကအားဖြင့် သူက လုပ်မယ်။ ကျန်တဲ့နိုင်ငံတွေကလည်း သူတို့အကျိုးစီးပွားနဲ့သူ ပြောကြမှာပါ။ လူပုဂ္ဂိုလ်တဦးချင်းလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီနိုင်ငံမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေက တိုင်းပြည်အတွက် လုပ်တယ်ဆိုပေမဲ့ ဘာပဲပြောပြော သူတို့ပါတီ၊ သူ့တို့ပါတီ အာဏတည်မြဲရေးအတွက် အများကြီးပါပါတယ်။ ဆိုတော့ ဘယ်သူအတွက်ပဲ အသုံးချချ။ အဓိက အရေးကြီးတာက မြန်မာနိုင်ငံမှာ ပြည်သူလူထုအတွက် အကျိုးရှိဖို့ အရေးကြီးပါတယ်။ သူတို့အတွက် ကျန်တဲ့လူတွေအတွက် အကျိုးရှိတာ မရှိတာအပထား၊ လူထုအတွက် တကယ်အကျိုးရှိတယ်ဆိုရင်တော့ ဘယ်သူ့အတွက် အသုံးချတာပဲ၊ အသုံးချခံရတယ်ဆိုတာက မေးစရာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကတော့ လုပ်သင့်တဲ့ကိစ္စပါ။

မေး ။ ။ ဒီအရင်မှာလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာ ရှိပါတယ်။ မရခဲ့ပါဘူး။ ဒါပေမဲ့ အခု ထိုင်းနိုင်ငံခြားရေးဝန်ကြီး သွားပြီးတော့၊ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ပေါ်မှာ ဝေဖန်ကြတာတွေ ရှိပါတယ်။ ဒီလိုဝေဖန်နေတာတွေကို မှန်တယ်လို့ ပြောလို့ရပါသလား။

ဖြေ ။ ။ Don Pramudwinai ရဲ့ လုပ်ရပ်ကို နှစ်ပိုင်းခွဲကြည့်ရမယ် ထင်ပါတယ်။ ပထမတပိုင်းကတော့ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို သူ ပြန်ပြောခဲ့တယ်။ ဒီကိစ္စကို ဘယ်သူမှ မကန့်ကွက်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရင်နဲ့ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ဆိုတဲ့ကိစ္စကို ဘယ်သူမှ မှားတယ်လို့ မပြောကြပါဘူး။ ဒါကို ဘယ်သူမှ မကန့်ကွက်ဘူး။

Don Pramudwinai ကို အဓိက ဝေဖန်တာက အာဆီယံဘောင်ထဲက မလုပ်ဘဲနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ရဲ့သားနဲ့ ကိုယ့်လမ်းကိုယ်ထွင်ပြီးတော့ ပုဂ္ဂိုလ်တဦးချင်း၊ တနိုင်ငံချင်း လုပ်တယ်ဆိုတဲ့ လုပ်ရပ်ကို ဝေဖန်ကြတာပါ။ အာဆီယံရဲ့ဘောင်ကို ချိုးဖောက်တယ်လို့ ပြောကြပါတယ်။ ဆိုတော့ ဒီနေရာမှာ တခုပြောစရာရှိတာက ထိုင်းဝန်ကြီးဟာ နည်းနည်းအလောတကြီး ဖြစ်သွားတယ်။ မြန်မာနိုင်ငံကို သွားတာဟာ သူတို့အစိုးရ မကြာခင်ပြုတ်တော့မယ်။ နောက်တက်လာမယ့် အစိုးရဟာ စစ်ကောင်စီနဲ့ အလွမ်းသင့်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့လုပ်နေတဲ့ စီးပွားရေး၊ အကျိုးအမြတ်တွေ၊ သူတို့ရဲ့ ခရိုနီတွေ၊ သူတို့အစိုးရ အသိုင်းအဝိုင်းကလူတွေ၊ စီးပွားရေးသမားတွေ လုပ်နေတဲ့ လုပ်ငန်းတွေကို ထိခိုက်သွားမှာစိုးလို့ ဖြစ်တယ်ဆိုတာ သိပ်ပေါ်လွင်သွားပါတယ်။ ဒီအတွက်လည်း ရှုတ်ချခံရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျနော်ကတော့ အဲဒီထက်ကောင်းတဲ့ ရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်မလား ဆိုတာကိုပဲ မျှော်လင့်ပါတယ်။ အာဆီယံ ကြေညာချက်ထဲမှာလည်း ဒီကိစ္စကို ရှုတ်ချတယ်လို ပြောမထားပါဘူး။ အာဆီယံအနေနဲ့ ဘာပဲလုပ်လုပ် အာဆီယံဘောင်အတွင်းက လုပ်ပါ။ ဥက္ကဋ္ဌနဲ့ ညှိနှိုင်းပါလို့သာ ပြောထားပါတယ်။ ဒါက စောစောကပြောသလို နှစ်ပိုင်းပေါ့။ တွေ့ဆုံဆွေးနွေးဖို့ အကြံပေးတာကိုတော့ ဘယ်သူမှ မဝေဖန်ပါဘူး။ သူ့ရဲ့ လုပ်ပုံလုပ်နည်းကိုသာ ဝေဖန်ခြင်း ဖြစ်တယ်လို့ မြင်ပါတယ်။

မေး ။ ။ ရှေ့မှာဆက်ပြီးတော့ ပြေလည်လာမယ့်အချိန်၊ အလားအလာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဒါတွေကိုလည်း တချက်သုံးသပ်ပေးပါအုံး။

ဖြေ ။ ။ ကျနော်ကတော့ ရှေ့မှာပြောခဲ့သလို အကောင်းမြင်ပါတယ်။ ပြေလည်ပါစေလို့လည်း အမြဲတမ်းဆုတောင်းပါတယ်။ အခုဆိုရင် အခြေအနေတွေက သိပ်ကိုဆိုးဆိုးဝါးဝါး ဖြစ်နေပါတယ်။ တလောတုန်းက Time News တို့မှာပြတဲ့ documentary တို့ကိုကြည့်ရင် အတော့်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ လူငယ်တွေ အသက်ပေးပြီးတော့ အသေခံနေကြတဲ့ဟာတွေ၊ ဒီဟာတွေ အမြန်ဆုံး ပပျောက်ဖိို့က ဒီကိစ္စက အဖြေရှာနိုင်ဖို့၊ အဖြေပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။ ဒီလိုတိုက်နေရင်တော့၊ ဒီလမ်းအတိုင်း ဆက်သွားနေမယ်လို့ မြင်ပါတယ်။ ဆိုတော့ တဘက်-တဘက်၊ နှစ်ဘက်လုံးက ထွက်ပေါက်ပိတ်လာတဲ့အခါမှာ ဒီနည်းနဲ့ အဖြေရှာရမှာပဲ ဖြစ်ပါတယ်ဆိုတော့ အဖြေရှာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပြီးတော့လည်း ဘာပဲပြောပြော စဉ်းစားစရာလမ်းတခုတော့ ဖြစ်လာပြီဖြစ်တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို သူ ဆက်ပြီးတော့ တိုက်တွန်းလိမ့်မယ် ထင်ပါတယ်။ သို့သော်လဲပဲ အင်အားတန်းတူ ဆွေးနွေးရေးခွင့်ရှိအောင် NUG ဘက်ကလည်း သူတို့ကို လုံးဝပယ်ချထားတာ မဟုတ်ပါဘူး။ ဆွေးနွေးနိုင်တဲ့ အခြေအနေ မရှိသေးလို့ ဖြစ်ပါတယ်လို့ ပြောပါတယ်။ အဲဒီအခြေအနေ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ အဆင်ပြေမယ်လို့ ယူဆရပါတယ်။ မျှော်လင့်ရပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။

XS
SM
MD
LG