သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တွေ့ဆုံဖို့ကြိုးစားတဲ့ သတင်းထွက် 


ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)
ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)

နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ယူဆရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ စစ်ကောင်စီဘက်က မကြာသေးခင်ရက်တွေက အပါအဝင် ၃ ကြိမ်ခန့် ကြိုးစားခဲ့ကြောင်း နေပြည်တော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ဗွီအိုအေကိုပြောပါတယ်။ နိုင်ငံရေးအကဲခတ်သူတွေကတော့ စစ်ကောင်စီက လက်ရှိအကျပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးပြုလာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံအနှံ့ စစ်ရေးအရ ဖိအားပေး ခံနေရချိန်မှာ ထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့သတင်းအပေါ် အကဲခတ်တွ အမြင်ကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ ထားတာကို မမြသဇင်အောင် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ ဒီလအစပိုင်းတို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံစကားပြောဖို့ စစ်ကောင်စီဘက်က ထပ်မံကြိုးစားခဲ့တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဗွီအိုအေကိုအတည်ပြုပါတယ်။

အကြောင်းအရင်းကို မသိရသေးပေမဲ့ အရင်တုန်းက ပြည်တွင်းနိုင်ငံရေး အခင်း အကျင်းနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ရောက်ကူညီဆောင်ရွက်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကိုတားဆီးပေးရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါ၀င်ပေးဖို့ စစ်ကောင်စီဘက်က ဆန္ဒရှိနေခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။

ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ခြင်းရှိမရှိ ဗွီအိုအေအနေနဲ့ စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေး မြန်းထားပေမဲ့ တုံပြန်ဖြေကြားခြင်းမရှိသေးဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သူ့အမြင်ကို အခုလို ဗွီအိုအေကို ပြောပါတယ်။

"သူတို့လိုချင်တဲ့နိုင်ငံရေး၊ သဘောထားတွေဆန္ဒတွေ ပတ်သတ်လို့ဒေါ်အောင်ဆန်းစုကြည်က လက်ခံအသိအမှတ်ပြု စဉ်းစားမယ်လို့မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီနေ့တိုင်းပြည်မှာသူတို့လုပ်ကိုင်နေတဲ့ ဆောင်ရွက် နေတာတွေနဲ့ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်တစုံတရာတော့ရိပ်မိသိရှိလိမ့်မယ် ထင်တယ်။ အပြည့်အစုံ မဟုတ်တောင်မှ တချို့တော့ကြားရနိုင်ပါတယ်။ အဲလိုသိထားတာမှာ သူမက ဒီစစ်ပွဲတွေရပ်ဖို့သော်လည်း ကောင်း၊ ပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲကို ရပ်တန့်ဖို့သော်လည်းကောင်း၊ ညှိုနှိုင်းဆွေးနွေးမှု့ တစုံ တရာလုပ်မယ်မထင်ပါဘူး။ အဲလိုမလုပ်လို့လည်း ဒီနေ့ထိသူချုပ်ခံနေရသေးတာလို့ ကျနော်ကယူဆပါတယ်။"

ဗွီအိုအေကစုံစမ်းသိရသလောက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာပေးပို့တာမှာ စာအုပ်စာပေတွေပေးပို့ခွင့်မရသလို နိုင်ငံတကာမဂ္ဂဇင်း တို့ကိုလည်း ပေးပို့ခွင့်မရဘူးလို့ ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ အစားအသောက်ပေးပို့တာမှာမြန်မာ သတင်းစာပါဝင်ခဲ့ရင်တောင် ခွင့်မပြုဖို့ ထောင်အာဏာပိုင်တွေကို စစ်ကောင်စီက အမိန့်ပေးထားကြောင်း ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ပြေလျော့မှုတချို့ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ထောင်ဝင်စာပေးပို့တာမှာ လိုအပ်တာမှာခွင့် ရလာသလို လက်ခံခွင့်ပြုလာတယ်လို့ ထောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးလာနိုင်ပေမယ့် လက်ရှိအခြေအနေတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၀င်ထိန်းနိုင်ဖို့ အတော်လေးခက်ခဲမယ်လို့သူကမြင်ပါတယ်။

"လတ်တလောစစ်ကောင်စီလိုအပ်ချက်က စစ်တိုက်တာရပ်သွားဖို့ နောက်အဓိကအထိုင်ကတော့ သူတို့ အာဏာ တည်မြဲရေးဆိုတဲ့အထိုင်မှာပါ။ ဒီမှာ ဘယ်လောက်ဒေါ်အောင်ဆန်းစုကြည်ကိုအားကိုးလို့ရမလဲ ‌ဒေါ်အောင်ဆန်းစုကြည် ရပ်တည်ချက်က ဘယ်လောက်ညှိုလို့ရမလဲဆိုတာကို သူတို့ကြိုးစားနေတာဖြစ်နိုင်တယ်။ အခုနေ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကိုမတိုက်ပါနဲ့တော့ စစ်ကောင်စီကိုမတိုက်နဲ့တော့ရပ်ကြမယ် အကြမ်းမဖက် လမ်းစဉ်နဲ့ဆွေးနွေးမယ်ပြောရင် သူ့ကိုချစ်တာကချစ်တာဘဲ ချတာကချတာဘဲဖြစ်လာနိုင်တယ်။ ဒေါ်အောင်ဆန်း စုကြည်ကွဲသွားနိုင်တာပေါ့ လူထုကြားထဲပြဿနာတွေအငြင်းပွားတာတွေဖြစ်လာနိုင်တာပေါ့။ နားဝင်အောင် ပြောလာတဲ့စကားမျိုးပြောလာရင် တချို့ကအမေပြောလာပြီ လို့ လုပ်လာနိုင်တာပေါ့။ ဒါပေမယ့် ဒါကလူထု တော်လှန်ရေးကို အဲလိုပြောလာရင်လဲ လူထုကဒါကိုလက်ခံနိုင်ဖို့မရှိသလောက်ဘဲပေါ့"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG