သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအိမ်လေလံ ဥပဒေကြောင်းအရ ဘာဆက်ဖြစ်မလဲ


ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို မတ်လ ၂၀ ရက်၊ ဒီကနေ့ မနက်က ကမာရွတ်ခရိုင် တရားရုံးရဲ့ အစီအစဉ်နဲ့ လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူမယ့်သူ မရှိတာကြောင့် လေလံမအောင်ဘဲ ပြီးဆုံးသွားပါတယ်။ လေလံ ဘာကြောင့် မအောင်မြင်ခဲ့သလဲ ဆိုတာနဲ့ ဥပဒေကြောင်းအရ ဘာတွေ ဆက်ဖြစ်နိုင်သလဲ ဆိုတဲ့အကြောင်း ရန်ကုန်က စုစည်းတင်ပြထားတာကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

ဒီနေ့လေလံပွဲကို ခြံအမှတ် (၅၄) အိမ်ခြံဝင်းအရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားရုံးက လေလံစီမံခန့်ခွဲတဲ့ လေလံအရာရှိက လေလံဆွဲမယ့်သူ ရှိ၊ မရှိ သုံးကြိမ် မေးမြန်းခဲ့ပေမဲ့ လေလံဆွဲမယ့်သူ မရှိခဲ့ပါဘူး။ ဒီနေ့ လေလံပွဲနဲ့ပတ်သက်လို့ မတ်လ ၂၁ ရက်နေ့မှာ လေလံအရာရှိက အစီရင်ခံစာ တင်ပြသွားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကို ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် ဒီအမှု ဘာဆက်လုပ်မလဲဆိုတာ သတင်းထောက်တွေကို မဖြေပေးနိုင်တဲ့အတွက် သူတို့ဘက် ဘာဆက်လုပ်မလဲဆိုတာ မသိရသေးပါဘူး။ ဥပဒေကြောင်းအရကတော့ တရားရုံးဘက်က လေလံပွဲမအောင်မြင်တဲ့အတွက် နောက်ထပ် ရုံးချိန်းခေါ်ယူရမှာပါ။ အဲဒီရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေနဲ့ ဦးအောင်ဆန်းဦးဘက်က ရှေ့နေတွေက လေလံပွဲနဲ့ပတ်သတ်လို့ သူတို့လိုလားချက်တွေကို တရားရုံးကို တင်ပြရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ နှစ်ဖက်ရှေ့နေတွေက တုံ့ပြန်ချက် တစုံတရာ မရှိသေးတာကြောင့် ဥပဒေအရ တရားရုံးကို ဘာတွေ တင်သွင်းကြမလဲဆိုတာ မသိရသေးသလို တရားရုံးဘက်ကလည်း ဘယ်အချိန် ပြန်လည် ခေါ်ယူမယ်ဆိုတာ မသိရသေးပါဘူး။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ ဟာ လူသိများတဲ့အိမ်ဖြစ်တဲ့အပြင် အမေရိကန်သမ္မတ Barack Obama အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံခဲ့တဲ့ နေအိမ်ဖြစ်ပါတယ်။

ဒီအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ မတ်လ ၂၀ ရက်နေ့မှာ လေလံတင် ရောင်းချဖို့ ကမာရွတ်တရားရုံးက ဇန်နဝါရီ ၂၅ ရက်နေ့က အမိန့် ချမှတ်ထားတာပါ။ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ နည်းလမ်းတကျ ဆောင်ရွက်ခဲ့တာ မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီအမှုကို တိုင်းတရားလွှတ်တော်မှာ ပြင်ဆင်ချက် တင်သွင်းထားပါတယ်။ အခုလို ပြင်ဆင်မှု တင်သွင်းတဲ့အပေါ် တရားရုံးက ဘယ်နေ့ ပြန်လည် ကြားနာ ဆုံးဖြတ်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီအတောအတွင်း မူလ အစီအစဉ်ထားတဲ့အတိုင်း ဒီနေ့ လေလံတင်ခဲ့တာဖြစ်ပေမဲ့ လေလံဆွဲမယ့်သူ မရှိတာကြောင့် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ဒီကနေ့ ဘာကြောင့် လေလံဆွဲသူ မရှိခဲ့တာလဲဆိုတာနဲ့ ပတ်သတ်လို့ တရားလွှတ်တော် ရှေ့နေတဦးက အခုလို သုံးသပ်ပါတယ်။

“အချက် ၂ ချက်ကြောင့် လေလံကြမ်းခင်းစျေးက အောင်ဖို့မလွယ်ဘူး။ (၁) အချက်က လေလံကြမ်းခင်းစျေး မြင့်မားတာ။ သာမာန်အားဖြင့် လေလံဝင်ဆွဲဖို့ ဒီခေတ်ကာလမှာ ဝင်စွဲဖို့မလွယ်ဘူး၊ ဒါတချက်။ သာမာန်အမှုမျိုး မဟုတ်ဘူး။ ဒီမြေကွက်၊ ဒီအိမ်ဟာ မြန်မာသမိုင်းနဲ့ယှဉ်ရင် သမိုင်းဝင် ထိန်းသိမ်းရမဲ့ အိမ်ဖြစ်တယ်။ သမိုင်းအမွေအနှစ်အရ ကျန်ရမယ့်အိမ် ဖြစ်နေတာကျတော့ လေလံစွဲမယ့်လူက သမိုင်းမှာ ဘယ်သူမှ အမဲစက်ထင်မခံနိုင်ကြဘူးလေ။ စွဲရင်သမိုင်းမှာ အမဲစက်ဖြစ်သွားပြီ၊ ဝင်စွဲကြဖို့မလွယ်ပါဘူး။”

တကယ်လို့ လေလံတင်ပွဲ အထမြောက်ခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့် ရှိနေသေးတာတွေကိုလည်း တရားလွှတ်တော်ရှေ့နေက အခုလို ဆက်ရှင်းပြပါတယ်။

"နည်းလမ်း ၂ခုရှိတယ်။ တရားရှုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးစွာဝယ်ပိုင်ခွင့်အခွင့်အရေးရှိတယ်။ သတ်မှတ်ထားတဲ့လေလံကြမ်းခင်းစျေးနဲ့ဝယ်လို့ရတယ်။ ဝယ်ရတော့သူ့အခြမ်းကိုဖယ်လိုက်ပြီးတော့မှ ဦးအောင်ဆန်းဦး တရားနိုင်အခြမ်းကို ဖြေရှင်းပေးရင်ဒီမြေကွက်နဲ့အိမ်သည် ဒေါ်အောင်ဆန်းစုကြည်အပိုင်ဖြစ်သွားမယ်။ ဒါကအမှုရဲ့ပါဝင်တဲ့သူဖြစ်လို့ အဲလိုမဟုတ်ဘဲနောက်တနည်းကကျတော့ ကြားလူကဝယ်မယ်ဆိုလေလံမှာဝင်ပြီးယှဉ်ပြိုင်ရမယ်။ လေလံကြမ်းခင်းစျေးရဲ့အမြင့်ဆုံးပေါ့ တကျပ်ဖြစ်ဖြစ် ၂ကျပ်ဖြစ်ဖြစ် ၅ကျပ်ဖြစ်စေ လေလံကြမ်းခင်းစျေးအမြင့်ဆုံးပေးနိုင်သူကရမယ်။ ကြမ်းခင်းစျေးရဲ့အနည်းငယ်မြင့်ယုံနဲ့ သူဒီလေလံကိုအောင်မြင်မှာပေါ့။ အောင်မြင်ပြီး သူ့နာမည်ရပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ နိုင်ငံတော်ကိုဖြစ်စေ လှုလိုက်လို့ရတယ်"

တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒီအိမ်ကို အခုလို လေလံတင် ရောင်းချဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

လေလံ သဘောတရားအရကော၊ ဥပဒေပိုင်းအရပါ အမွေဆိုင်ဖြစ်တဲ့ ဒီအိမ်ကို လေလံမတင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြမ်းခင်းဈေး တင်ပြရမှာ ဖြစ်ပေမယ့် အဲဒီလို တင်ပြခွင့်ရရေး သူ့ရှေ့နေတွေက အခုချိန်ထိ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရသေးခင်မှာ တရားရုံးက လေလံတင်မယ့် ဈေးနှုန်းကို သတ်မှတ်လိုက်တာမို့ အခုလိုဝေဖန်မှုတွေ ရှိခဲ့တာပါ။

လေလံကိစ္စနဲ့ ပတ်သတ်လို့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်လောက် သိရှိထားလဲ ဆိုတာတော့ မသိရပါဘူး။ မတ် ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာပါဆယ် ပို့ပေးခဲ့တာမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်ဆိုတာလောက်ဘဲ သိရှိထားရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူတဦးရဲ့ ပြောဆိုချက်အရ သူမ ထိန်းသိမ်းမခံရခင် အချိန်မှာ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြတိုက်လိုလုပ်ဖို့ စိတ်ကူးရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။ ၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေ ယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချခဲ့တာမှာ - အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး ဦးအောင်ဆန်းဦးက ပြိုပျက်နေတဲ့ အိမ်အသေးကိုရလို့ မကျေနပ်ဖြစ်ပြီး အိမ်ကို လေလံတင်ခွဲ ယူမယ်ဆိုပြီး တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။

ဒီလို တရားစွဲ လျှောက်ထားခဲ့တာကို တရားရုံး အဆင့်ဆင့်က လက်မခံ ပယ်ချခဲ့သလို အယူခံတင်တာကိုလည်း နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးက ၂ဝ၁၈ ခုနှစ်မှာ ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဦးအောင်ဆန်းဦးက ၂ဝ၁၉ ခုနှစ်အတွင်းမှာ ထပ်မံပြီး အထူး လျှောက်လွှာ တင်သွင်းခဲ့ရာမှာ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပစ်ပြီး ခွဲဝေယူဖို့ ခွင့်ပြုကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာပြန်လည် အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဒီအမှု ဘယ်လို ဆက်ဖြစ်မလဲဆိုတာနဲ့ပတ်သတ်လို့ တရားလွှတ်တော်ရှေ့နေတဦးကတော့ အခုလို သုံးသပ်လိုက်တယ်။

“ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက တရားမပြင်ဆင်မှု တရားလွှတ်တော်ကို လျှောက်ထားတယ်။ အဲဒီ အမိန့်တခု ချပေးရလိမ့်မယ်။ တိုင်းတရားလွှတ်တော်ကချလိုက်တဲ့ အမိန့်အပေါ်မှာမှ ဘာဆက်လုပ်မလဲပေါ့။ လတ်တလော စောင့်ဆိုင်းရမယ့် အနေအထားရှိတယ်။ ခုနပြောသလို တိုင်းတရားလွှတ်တော်က ဘာအမိန့်ချမလဲ၊ တရားလွှတ်တော်ကနေ ခရိုင်တရားရုံးတွေကို ဒီ လေလံစျေးက သင့်မြတ်တယ်ဆိုပြီး ဆက်အတည်ပြုပေးမလား။ ဒ့ါမှမဟုတ် လေလံကြမ်းခင်းစျေးကို တိုးမြင့်ပေးမလား၊ လျော့ချပေးမလား ဒါတချက် စောင့်ကြည့်ရမှာပေါ့။”

လက်ရှိအချိန်မှာ ရှေ့နေအဖွဲ့နဲ့ တစ်နှစ်ကျော် အဆက်အသွယ်ပြတ်တောက်ပြီး တွေ့ဆုံခွင့်မရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က စစ်ကောင်စီထံကို ၆ ကြိမ်ထက်မနည်း စာတင် တောင်းဆိုထားပေမဲ့ တွေ့ခွင့် မရသေးဘူးလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG