သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးရဲ့ လေလံတင်အမိန့် ဒေါ်စု ရှေ့နေတွေ ပြင်ဆင်ချက်တင်သွင်း


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လာမယ့် မတ်လ ၂၀ ရက်မှာလေလံတင်ရောင်းချသွားဖို့ တရားရုံးအမိန့်ချတာကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ပြင်ဆင်ပေးဖို့ တင်သွင်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ တင်သွင်းထားတဲ့အပေါ် တရားရုံးဘက်က ဘယ်လိုဆုံးဖြတ်ပေးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာ ကပြောပြမှာပါ။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ ဟာ ကမ္ဘာသိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဖြစ်ပါတယ်။ ဒီအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ မတ်လ ၂၀ ရက်နေ့မှာ လေလံတင် ရောင်းချဖို့ ကမာရွတ်တရားရုံးက ဇန်နဝါရီ ၂၅ ရက်နေ့က အမိန့် ချမှတ်ထားတာပါ။

တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ တရားရုံးဘက်က နည်းလမ်းတကျ ဆောင်ရွက်ခဲ့တာမဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြင်ဆင်မှု တင်သွင်းခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခုလို ပြင်ဆင်မှု တင်သွင်းတဲ့အပေါ် တရားရုံးက ဘယ်နေ့ ပြန်လည် ကြားနာ ဆုံးဖြတ်မလဲဆိုတာတော့ မသိရသေးပါဘူး။

တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဟာ သမိုင်းဝင် အိမ်ဖြစ်နေတဲ့အတွက် အခုလို လေလံတင် ရောင်းချဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

လေလံ သဘောတရားအရကော၊ ဥပဒေပိုင်းအရပါ အမွေဆိုင်ဖြစ်တဲ့ ဒီအိမ်ကို လေလံမတင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြမ်းခင်းဈေး တင်ပြရမှာ ဖြစ်ပေမယ့် အဲဒီလို တင်ပြခွင့်ရရေး သူ့ရှေ့နေတွေက အခုချိန်ထိ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရသေးခင်မှာ တရားရုံးက လေလံတင်မယ့် ဈေးနှုန်းကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြင်ဆင်မှုတင်သွင်းတာဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က ပြောကြားလိုက်ပြီး လုပ်ထုံးလုပ်နည်းအရ ဖြစ်လာနိုင်မယ့် အခြေအနေတွေကို အခုလို ရှင်းပြပါတယ်။

“ဥပဒေကြောင်းအရ မူလအမှုမှာလိုက်တဲ့ရှေ့နေက ခုအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက် ထပ်ယူစရာမလိုဘဲနဲ့ လိုက်ခွင့်ရှိတယ်။ စာတင်ခွင့်လည်းရှိတယ်။ စျေးနှုန်းကဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မညှိုနှိုင်းဘဲ လုပ်မရတာလေ။ စာတင်လို့ရတယ်။ စာတင်လို့ရှိရင် အဲအပေါ်မှာ မတ်လ ၂၀ရက်ရုံးချိန်းကျရင် အမိန့်တရပ်ချရမယ်။ အမိန့်တရပ်က ပယ်တယ်၊ ဆက်လုပ်မယ်၊ သို့တည်းမဟုတ် ဒါကို ခဏဆိုင်းငံ့ထားမယ်၊ ဒါမှ မဟုတ်လဲ တဖက်ကို စာပေးပြီးတော့ နှစ်ဖက်လျှောက်လဲချက် ကြားနာမယ်။ အဲဒါမျိုးလုပ်ခွင့်ရှိတယ်။ ရုံးချိန်းမရှိဘဲ တင်တာကိုတော့ တဖက်ကကန့် ကွက်နိုင်တာပေါ့။ ဒါပေသိ ရုံးတော်ကတော့ စာကိုလက်ခံထားပြီးတော့ မတ်လ ၂၀ရက်ကျမှ အလုပ်လုပ်မယ်ထင်တယ်။ အဲဒါ တွေလုပ်နိုင်တာပေါ့။”

လေလံသဘောတရားအရ အခုသတ်မှတ်လိုက်တဲ့ လေလံစျေးအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်မယ်ဆိုရင် အဆင့်ဆင့် တရားရုံးတင် ကန့်ကွက်နိုင်ပါတယ်။

လေလံကိစ္စနဲ့ ပတ်သတ်လို့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်လောက်သိရှိ ထားလဲ ဆိုတာတော့ မသိရပါဘူး။ မတ် ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာပါဆယ် ပို့ပေးခဲ့တာမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်ဆိုတာလောက်ဘဲ သိရှိထားရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာကို ဖြေကြားရင် ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်ဆိုတဲ့ ကန့်သတ်ချက် ရှိနေတာကြောင့် လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေအကြား ဘယ်လို ဆက်လက် ကိုင်တွယ်သွားမလဲဆိုတာလည်း အသေးစိတ်သိဖို့ ခက်ခဲနေပါတယ်။

ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ဒီအိမ်လေလံပစ်ဖို့ အမိန့်ချမှတ်လိုက်တာကိုက မှားယွင်းတဲ့ အမိန့်ချမှတ်မှုတခု ဖြစ်သလို ဥပဒေရဲ့ လစ်ဟာချက်တခု ဖြစ်နေတယ်ဆိုတာကို အခုလို ထောက်ပြပါတယ်။

“ဒီအမှုကတော့ တရားမျှတမှုမရှိဘူးဘဲ သုံးသပ်တယ်လေ။ ဘာလို့ဆို နိုင်ငံတော် အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်မှာ ပယ်ပြီးသားလေ။ နှစ်ပါးထိုင်အထူးတရားရုံးက ပယ်ပြီးသားလေ။ နှစ်ပါးထိုင် အထူးတရားရုံးက ပယ်ပြီးသားဆို ဂိတ်က ဆုံးနေပြီ။ အဲဒါကို တရားသူကြီးချုပ်ဆီကို စာရေးတက်ခွင့်ရှိတယ်ဆိုတာနဲ့ ဖွင့်ပေးထားတာ။ မတရားလုပ်ချင် လုပ်နိုင်အောင် အဲဥပဒေက လုပ်ထားတာ။ တရားစီရင်ရေး ဥပဒေထဲမှာလည်း ထည့်မရေးထားဘူး။ ညွှန်ကြားလွှာနဲ့ လုပ်ထားတာ။ နိုင်ငံတော်ဆိုတဲ့လူက ဝင်ရောက် စွက်ဖက်ချင် စွက်ဖက်လို့ရအောင်လို့ ဟပေးထားတဲ့ဟာဘဲလေ။ အဲတော့ အဲအတိုင်းဘဲ ခုလည်း ဝင်ရောက် စွက်ဖက်တာဘဲလေ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူတဦး အပြောအရတော့ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းမခံရခင်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီအိမ်ကို ပြတိုက်လိုလုပ်ဖို့ စိတ်ကူးရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။

၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချထားတာကို ဦးအောင်ဆန်းဦး ဘက်က အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး ဦးအောင်ဆန်းဦးက ပြိုပျက်နေတဲ့ အိမ်အသေးကိုရလို့ မကျေနပ်ဖြစ်ပြီး အိမ်ကိုလေလံတင်ခွဲ ယူမယ်ဆိုပြီး တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။

ဒီလို တရားစွဲ လျှောက်ထားခဲ့တာကို တရားရုံး အဆင့်ဆင့်က လက်မခံပယ်ချခဲ့သလို အယူခံတင်တာကိုလည်း ၂ဝ၁၈ခုနှစ်မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးက ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဦးအောင်ဆန်းဦးက ၂ဝ၁၉ခုနှစ်အတွင်းမှာ ထပ်မံပြီး အထူးလျှောက်လွှာ တင်သွင်းခဲ့ရာမှာ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပစ်ပြီး ခွဲဝေယူဖို့ ခွင့်ပြုကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာပြန်လည်အမိန့်ချခဲ့ပါတယ်။ အဲဒီလို အမိန့်ချခဲ့တာကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ အကောင်အထည်ဖေါ်ဖို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရှေ့နေအဖွဲ့နဲ့ တစ်နှစ်ကျော် အဆက်အသွယ်ပြတ်တောက်ပြီး တွေ့ဆုံခွင့်မရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က စစ်ကောင်စီထံကို ၆ ကြိမ်ထက်မနည်း စာတင် တောင်းဆိုထားပေမဲ့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG