သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအပေါ် စွဲဆိုထားတဲ့ လက်ကျန် (၇) မှု အထူးအယူခံ နေပြည်တော်မှာ ထပ်မံ ကြားနာ


ဒေါ်အောင်ဆန်းစုကြည် (ယခင်မှတ်တမ်းဓာတ်ပုံ) (Photo-NLD Chairperson)
ဒေါ်အောင်ဆန်းစုကြည် (ယခင်မှတ်တမ်းဓာတ်ပုံ) (Photo-NLD Chairperson)

ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက အထူးအယူခံတင်ထားတဲ့ လက်ကျန်အမှု ၇မှုကို ဒီကနေ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၊ အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၉ မှုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၃၃နှစ် ချမှတ်ခဲ့တာပါ။

ဒီကနေ့မှာတော့ အဲဒီအမှု ၁၉ မှုထဲက ၇ မှုဖြစ်တဲ့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေနဲ့သက်ဆိုင်တဲ့ အဂတိမှု ၅ မှု၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) စတဲ့ အထူး အယူခံတွေကို ကြားနာတာပါ။

အခုကြားနာထားတဲ့အမှုတွေကို နောက်တခေါက်ရုံးချိန်းမှာ ဆုံးဖြတ်ချက်ချမှာဖြစ်ပေမဲ့ ရုံးချိန်းရက်ကိုတော့ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကနေ့ကြားနာမှုလုပ်တာမှာ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပြစ်မှုတွေကို ကျူးလွန်ခြင်း မရှိတဲ့အတွက် လွှတ်ပေးသင့်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တင်ပြခဲ့တာရှိပါတယ်။ ကျန်တဲ့အမှုတွေကတော့ အထူးအယူခံအဆင့်ထိ တက်ထားပြီးဖြစ်သလို အဲဒီအမှုအကုန်လုံးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချထားပြီး ဖြစ်ပါတယ်။

ဥပဒေကြောင်းအရ ချမှတ်ထားတဲ့ ပြစ်ဒဏ် မကျူးလွန်ဘူး ဆိုတာကို ချမှတ်ခံရသူဘက်က တရားရုံး အဆင့်ဆင့် အယူခံ တက်ပိုင်ခွင့် ရှိနေပြီး လက်ရှိမှာတော့ အမှုတွေ အကုန်လုံးကို အယူခံတက်ထားတာ ဖြစ်ပါတယ်။ မြို့နယ်တရားရုံးကနေ ခရိုင်၊ တိုင်း၊ ဗဟိုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် အထူးတရားရုံးနဲ့ နောက်ဆုံးအဆင့်အဖြစ် တရားသူကြီးချုပ်ထံ အဆင့်ဆင့် အယူခံခွင့် ရှိပါတယ်။ အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားရတဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ (၆) နှစ် ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှု အတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။

မနေ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံကနေ ဒေါ်အောင်ဆန်းစုကြည်က ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်လို့ စွပ်စွဲ ထောင်ချခံထားရတဲ့ အမှုအတွက် အထူးအယူခံကို နှစ်ဘက် ကြားနာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG