သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ရှေ့နေတွေလျှောက်ထား


ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Myanmar State Counsellor Office)

ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ အမှုကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရနိုင်ဖို့ တရားဝင် တင်ပြလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ နောက်ပြီး အယူခံပယ်ချခံရတဲ့ အမှု ၇ မှုကိုလည်း အထူးအယူခံအနေနဲ့ ပြင်ဆင်ချက်တက်ဖို့ တင်လိုက်တယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။

ဖမ်းဆီးထားသူတွေကို မိသားစုတွေ၊ ရှေ့နေတွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံခွင့်ပြုဖို့ ရှိနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း အလားတူ အခွင့်အရေးရဖို့ရှေ့နေတွေဘက်က ကြိုးပမ်းလာတာဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ဒေါ်အောင်ဆန်းစုကြည် ကိုချမှတ်ထားတဲ့ ထောင်ဒဏ်အမှုကိစ္စတွေအတွက် အထူးအယူခံလျှောက်ထားတာနဲ့ ခြံနံပါတ် ၅၄ အမှုကိစ္စ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်လိုအပ်နေတာကြောင့်သူ့ရှေ့နေအဖွဲ့ကတွေ့ခွင့်ရဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းကကြိုးစားနေခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူမရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ အထူးကိစ္စ တရပ်အနေနဲ့ ဆောင်ရွက်မယ်လို့ဗွီအိုအေကို ပြောပေမဲ့ တွေ့ခွင့် ပေးမပေး ရှင်းရှင်းလင်းလင်း မပြောပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ လူတွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က စတင်ခွင့်ပြုထားပါတယ်။ အကျဉ်းသားတဦးကို တလတကြိမ်၊ တခါတွေ့ ၂၅ မိနစ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ပြင်ဆင်ထားတာပါ။ ဒီလိုလူတွေ့ခွင့်ပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေက တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြိုးစားလာကြတာဖြစ်ပါတယ်။

ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေတွေက တွေ့ခွင့်ရနိုင်ဖို့ အကျဉ်းဦးစီးဌာနကို အကြိမ်ကြိမ်စာတင် တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီ ဘက်က ခွင့်မပြုခဲ့ပါဘူး။ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နောက်ဆုံး လက်ကျန် အဂတိလိုက်စားမှု စွဲချက် တွေကို စီရင်ချက်ချခဲ့ချိန် သူမကို ရှေ့နေတွေက ထောင်ထဲမှာ နောက်ဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာရေးနဲ့ သူ့ အမှုတွေ အယူခံဝင်ရေး နဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေး နွေးခွင့်ပြုဖို့ အကျဉ်းထောင် အာဏာပိုင်တွေထံ ရှေ့နေတွေက ၂၀၂၃၊ ဇန်နဝါရီလလယ်ပိုင်း ကတည်းက တောင်းခံထားခဲ့ပေမဲ့ ဒီနေ့ဒီအချိန် တွေ့ခွင့်မရခဲ့ပါဘူး။ ဒီတကြိမ်နဲ့ဆိုရင် ရှေ့နေတွေဘက်က တွေ့ခွင့်ရဖို့ အကြိမ် ၁၀ကြိမ်နီးပါး တောင်း ဆိုမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ပြီး အယူခံပယ်ချခံရတဲ့ အမှု ၇မှုကိုလည်း အထူးအယူခံအနေနဲ့ ပြင်ဆင်ချက်တက်ဖို့ တင်ထား တယ်လို့ တရားရုံး နဲ့နီးစပ်သူတွေကပြောပါတယ်။

အထူးအယူခံအဆင့်နဲ့တင်ထားတဲ့အမှုတွေကတော့ ရွေးကောက်ပွဲမလျော်သြဇာမှု ၊သြစတေးလျနိုင်ငံသားမစ္စတာရှောင်တာနယ်နဲ့ ပူးတွဲစွပ်စွဲခံရတဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ နဲ့ ကိုဗစ်ကာလမှာ သဘာဝဘေးအန္တရာယ်အရေး အသုံးပြုမယ့် ရဟတ်ယာဉ် ငှားရမ်း/ဝယ်ယူ/ ပြုပြင်တာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၅ ခု စုစုပေါင်းအမှု ၇ မှုဖြစ်ပြီး မနေ့ အောက်တိုဘာ ၃၁ရက်နေ့က တင်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက အတည်ပြုပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတာပါ။ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ဒီအထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးလိုက်ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG