သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ သားဖြစ်သူကြိုးပမ်း


အင်ကြင်းနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ဦးထိန်လင်း အင်တာဗျူး။ (Zoom Screenshot/Oct 30, 2023)
အင်ကြင်းနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ဦးထိန်လင်း အင်တာဗျူး။ (Zoom Screenshot/Oct 30, 2023)

မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ လန်ဒန်မှာရှိတဲ့ စစ်ကောင်စီသံရုံးကို မကြာခင် တိုက်ရိုက် ဆက်သွယ်တောင်းဆိုဖို့ရှိကြောင်း သားငယ် ဦးထိန်လင်း ခေါ် Kim Aris က ဗွီအိုအေကို ပြောပါတယ်။

သားဖြစ်သူအနေနဲ့ တရားဝင်တွေ့ခွင့်တောင်းမယ်ဆိုရင် စဉ်းစားပေးဖို့ရှိကြောင်း စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို မနေ့က ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံမှာ နေထိုင်နေတဲ့ Kim Aris ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim အနေနဲ့ အမေနဲ့ တွေ့ဖို့ တရားဝင် တွေ့ခွင့်တောင်းမယ်ဆိုရင် သူတို့ စဉ်းစားပေးမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒီအပေါ်မှာ Kim ရဲ့တုံံ့ပြန်ချက် ဘယ်လိုရှိလဲ။

Kim Aris- လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့ပြောသမျှကို ကျနော်မယုံတော့တာပါ။ နောက်ပြီး သိထားသလောက်ဆိုရင် သူတို့ဘက်က ကျနော့်ကို ဘာမှ မပြောသေးပါဘူး။ ကျနော် သူတို့ကို တောင်းဆိုထားတဲ့ အချက်တွေကိုလည်း သူတို့ဘက်က တုံ့ပြန်တာမျိုးလည်းမရှိပါဘူး။ အံသြဖို့ကောင်းတာက သူတို့ဒီလိုပြောတယ်ဆိုတာကို ကျနော် ခင်ဗျားဆီက ပထမဆုံးကြားရတာပါ။ သူတို့မှာ ကျနော်အတွက် တစုံတရာ ပြောဖို့ရှိတယ်ဆိုရင် ဗြိတိန်နိုင်ငံခြားရေးရုံးကနေတဆင့် ကျနော့်ကို ဆက်သွယ်နိုင်တယ်ဆိုတာ သူတို့ သိပါတယ်။ ဒါပေမယ့် သူတို့ အဲလို မလုပ်ခဲ့ပါဘူး။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် Kim အနေနဲ့ရော အမေနဲ့ တွေ့ဖို့ စစ်ကောင်စီကို တိုက်ရိုက် ခွင့်တောင်းဖို့ရှိလား။

Kim Aris- သေချာတာကတော့ အခြားနိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးမယ်လို့ မကြာသေးခင်ကပဲ စစ်ကောင်စီကပြောထားတာပါ။ ဒါပေမယ့် သူတို့က ကန့်သတ်ချက်တွေ အများကြီး ချမှတ်ထားတာဟာ အဓိပ္ပါယ်မရှိပါဘူး။ သူတို့ ဝါဒဖြန့်ဖို သက်သက်လုပ်ပြသလို ဖြစ်နေပါတယ်။

အင်ကြင်းနိုင်။ ။ဒါဆိုရင် တွေ့ခွင့်တောင်းဖို့ဆိုတာ မသေချာတဲ့သဘောလား။

Kim Aris- ကျနော့်အနေနဲ့ စစ်ကောင်စီကို တိုက်ရိုက်တောင်းဆိုဖို့ ကြိုးပမ်းမှာပါ။ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ရိုက်ဆက်သွယ်တာ ဒါမှမဟုတ် ဗြိတိန်နိုင်ငံခြားရေးရုံးကနေ တဆင့် အမေနဲ့တွေ့ခွင့်ရဖို့ ကြိုးပမ်းမှာပါ။

အင်ကြင်းနိုင်။ ။ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကို Kim သွားခဲ့တဲ့ ဗွီဒီယိုကို ဆိုရှယ်မီဒီယာတွေမှာ တွေ့ခဲ့ရပါတယ်။ အဲဒီတုန်းက Kim ကို သံရုံးထဲ ဝင်ခွင့် မပေးခဲ့ဘူးနော်။ အခုရော သံရုံးထဲဝင်ခွင့်ရမယ်လို့ မျှော်လင့်ပါသလား။

Kim Aris- အဲဒါက အမေ့မွေးနေ့ (ဇွန်လ ၁၉ ရက်နေ့)က မြန်မာသံရုံးကိုသွားပြီး အမေ့အတွက် မွေးနေ့ကဒ် ပို့ပေးဖို့ ကြိုးစားတာပါ။ သူတို့က ကျနော့်ကို တံခါးဖွင့်မပေးခဲ့ပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ သံရုံးတံခါးကို ဖွင့်ပေးမယ်လို့ ထင်ပါတယ်။ စောင့်ကြည့်ကြတာပေါ့။

အင်ကြင်းနိုင်။ ။ အရင်တုန်းကရော အမေ နဲ့ တွေ့ခွင့်ရဖို့ မြန်မာအာဏာပိုင်တွေ ဒါမှမဟုတ် သံရုံးနဲ့ ဘယ်လို ဆက်သွယ်ခဲ့ပါသလဲ။

Kim Aris- လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကတဆင့် အမေနဲ့ဆက်သွယ်ခွင့်ရဖို့ စာ ပေးပို့ခဲ့ဖူးပါတယ်။ လောလောဆယ် ဒီမှာ သံအမတ်ကြီးအဆင့် တာဝန်ခန့်အပ်ထားသူမရှိသေးပါဘူး။ ဒါ့အပြင် ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းကြီးကနေတဆင့်လည်း အမေနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုချက်တွေကို စစ်ကောင်စီကို ပေးပို့ထားပေမယ့် သူတို့ဘက်က ဘာမှ တုံ့ပြန်တာမရှိပါဘူး။

အင်ကြင်းနိုင်။ ။ Kim အနေနဲ့ရော ဒီကြားထဲ အမေဆီက ဘာသတင်းတွေ ကြားသေးလဲ။

Kim Aris- လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကျော်ကစပြီးတော့ အခုချိန်ထိ အမေနဲ့ အဆက်အသွယ်မရသလို ဆက်သွယ်ခွင့်လည်း စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။ သူ့ကို ဘယ်မှာ ချုပ်ထားသလဲဆိုတာ ကျနော် တကယ်မသိသေးပါဘူး။ စစ်တပ်က ကျနော်တို့ကို အမေနဲ့ ပတ်သက်လို့ ဘာမှကို မပြောပါဘူး။ အခုလက်ရှိလည်း အမေ့ကို သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသေးပါဘူး။ အခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့ အတူပြောဆိုစကားပြောခွင့်လည်း စစ်ကောင်စီက ခွင့်မပြုပါဘူး။ အမေ့ကို သီးသန့်ထိန်းသိမ်းထားတာပါ။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေအတော်လေးဆိုးရွားနေတဲ့သတင်းနဲ့ ပတ်သက်လို့ရော ဘာတွေ ထပ်ကြားပါသလဲ။

Kim Aris- အမေ ကျန်းမာရေးပြန်ကောင်းလာတယ်လို့ ကြားရပေမဲ့ သူ့နဲ့တွေ့ခွင့်ရဖို့ စစ်တပ်က ပိတ်ပင်ထားတော့ ဒီသတင်းနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုပေးနိုင်တာမျိုးမရှိပါဘူး။ ဒါကြောင့် အမေ့ကျန်းမာရေးဘယ်လိုအခြေအနေရှိနေလဲဆိုတာ ကျနော်တို့ သေချာမသိနိုင်ပါဘူး။

အင်ကြင်းနိုင်။ ။ မိခင်ဒေါ်ခင်ကြည်အမွေထားခဲ့တဲ့ ခြံနံပတ် ၅၄ အိမ်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဖြစ်သူကို တဝက်ပိုင်ဆိုင်ခွင့် စစ်ကောင်စီတရားရုံးက ချမှတ်ခဲ့ပြီးတဲ့နောက် အခု ဦးအောင်ဆန်းဦးက သူပိုင်အမွေကိုရောင်းချဖို့ ထပ်ပြီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ Kim ရဲ့ သဘောထားဘယ်လိုရှိလဲ။

Kim Aris-စစ်တပ်ရော၊ ကျနော့်ဦးလေးပါ ဒီခြံနံပတ် ၅၄ အိမ်ကိစ္စနဲ့ ပတ်သက်လို့ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော့်အမေက ဒီအိမ်နဲ့ခြံကို ပိုင်ဆိုင်တာပါ။ အခုသူတို့လုပ်နေတာက ထောင်ထဲမှာ အမေ ထိန်းသိမ်းခံထားရတဲ့အချိန် အမေ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူပြီး သူ့နောက်ကွယ်မှာ အိမ်ခြံကို ရောင်းချဖို့ ကြိုးစားနေကြတာပါ။ သူတို့မှာ ဒီလို လုပ်ပိုင်ခွင့်မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG