သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ထောင်တွင်းအခြေအနေ သားဖြစ်သူစိုးရိမ်ပူပင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris (Video Screenshot/ VOA)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris (Video Screenshot/ VOA)

စစ်ကောင်စီရဲ့ ၂ နှစ်ခွဲကျော်ကြာဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် အထူးစိတ်ပူနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris က VOA ကို ပြောပါတယ်။ သူ့မိခင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ ကင်မ်က ဒေါ်အောင်ဆန်းစုကြည်ဟာ သွားနဲ့သွားဖုံးဝေဒနာကြောင့် ကောင်းကောင်းမစားနိုင်သလို အန်တာ၊ မူးဝေတာတွေကြောင့် ကောင်းကောင်းမရပ်နိုင်ဘဲ လမ်းလည်းမလျှောက်နိုင်ဘူးဆိုတာ သူသိရတဲ့အတွက် အထူးစိတ်ပူကြောင်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် သူမကျန်းမာရေးအတွက် အကျဉ်းထောင်တာဝန်ရှိသူတွေက အရေးပေါ်ဆေးကုသစောင့်ရှောက်ခွင့်ပေးဖို့ ပန်ကြားခဲ့ပေမယ့် စစ်ကောင်စီကပယ်ချခဲ့ကြောင်းနဲ့ ဒါဟာ လူသားတိုင်း အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ခွဲခြားမှုမရှိတဲ့ ကျန်းမာရေးစောင့်ကုသခွင့်ကိုမရတာဖြစ်ပြီး သူ့မိခင် ယုံကြည်စိတ်ချတဲ့ဆရာဝန်နဲ့ ကုသခွင့်တောင်းတာကိုလည်း အခုထိခွင့်မပြုသေးတာကြောင့် ဒါဟာ စစ်ကောင်စီရဲ့ နှလုံးသားမရှိမှုနဲ့ ရက်စက်မှုဖြစ်ကြောင်းလည်း ပြောပါတယ်။

အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ခွင့်မပေးတဲ့အတွက် နည်းလမ်းမျိုးစုံနဲ့ သူ့မိခင်သတင်းကို စုံစမ်းနေရတာဖြစ်ပြီး သူ့မိခင်အတွက် တရားလက်လွတ်ဖမ်းဆီး အကျဉ်းချတာခံခဲ့ရချိန်ကစပြီး အစားအသောက် အနေအထိုင်က အစ အန္တရာယ်ကြီးနေတာဖြစ်ကြောင်းနဲ့ မြန်မာအကျဉ်းထောင်တွေထဲ အသက်ဆုံးပါးရသူတွေပါ ရှိနေတာကြောင့် အထူးစိတ်ပူကြောင်းလည်း ပြောပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သြဂုတ်လထဲမှာ စစ်ကောင်စီက အမှု ၅ မှု အတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပေမယ့် ကျန်နေသေးတဲ့ အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ကျခံရဖို့ ရှိနေပါတယ်။ သားဖြစ်သူ Kim က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပေမယ့် ခုထိ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်လို့ VOA က စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ခုထိ ဆက်သွယ်လို့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG