သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်လျှော့ပေါ့မှု“လုံးဝ အဓိပ္ပါယ်မဲ့”လုပ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူပြော


MYANMAR-POLITICS/SUU KYI-SON
MYANMAR-POLITICS/SUU KYI-SON

အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက တစိတ်တပိုင်း လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာက “လုံးဝ အဓိပ္ပာယ်မဲ့” လုပ်ရပ်ဖြစ်ကြောင်း သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပိုပေးဖို့ အနောက်နိုင်ငံ အစိုးရတွေကို တောင်းဆိုလိုက်ပါတယ်။

“ဒါက ဘယ်ကိုမှ ခရီးမပေါက်ပါဘူး။ စစ်တပ်က ဒါကို ကစားပွဲတခုလို ဝါဒဖြန့်ပြီး သူတို့ မျက်နှာကောင်းရအောင်လုပ်နေတာ တကမ္ဘာလုံးကသိပါတယ်။ အမေ့ကို ပြစ်ဒဏ် နှစ်အနည်းငယ် လျှော့ချလိုက်တာဟာ လုံးဝ အဓိပ္ပါယ်မရှိဘူး။" လို့ လန်ဒန်မှာနေထိုင်တဲ့ ကင်မ်အဲရစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အသက် ၄၄ နှစ် ရှိပြီဖြစ်တဲ့ ကင်မ်အဲရစ်က သူ့အနေနဲ့ အာဏာသိမ်းမှုမတိုင်မီကတည်းက မိခင်နဲ့ အဆက်အသွယ်လုံးဝမရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေကိုမသိရှိကြောင်းနဲ့ ထောင်ကနေနေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ထားတယ်ဆိုတာကလည်း အတည်ပြုနိုင်တဲ့အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။ လုံးဝကို ဘာအဆက်အသွယ်မှ မရှိဘဲဖြစ်နေပြီး ဒီတကြိမ်က အရင်ကထက် ပိုတင်းတင်းကျပ်ကျပ် လုပ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်၊ အီးယူနဲ့ ဗြိတိန်တို့အပါအဝင် နိုင်ငံတကာက အာဏာသိမ်း စစ်တပ်အပေါ် ပစ်မှတ်ထားပိတ်ဆို့ အရေးယူနေပေမယ့် အထူးသဖြင့် လက်နက်ထောက်ပံ့မှုလိုကဏ္ဍတွေမှာ ဟာကွက်တွေရှိနေပြီး ဒါကို အလုံးစုံ ပိတ်ဆို့နိုင်ရေး အရေးယူမှုတွေကို ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုကြောင်းလည်း ကင်မ်အဲရစ်က ထောက်ပြပါတယ်။

သူ့အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသူတွေနဲ့ အလုပ်အတူတွဲလုပ်ပြီး မြန်မာ့အရေး နိုင်ငံတကာမှာ ပိုပြီး အသိအမှတ်ပြုခံရဖို့ လုပ်ဆောင်နေကြောင်းလည်း ရိုက်တာနဲ့ အင်တာဗျူးမှာ ကင်မ်အဲရစ်က ထည့်သွင်း ပြောဆိုသွားပါတယ်။

လက်ရှိ နိုင်ငံရေးပြဿနာ အကျပ်အတည်းကို အဆုံးစွန်ဖြေရှင်းနိုင်ဖို့ တွေ့ဆုံ ဆွေးနွေးရေးက အဓိက ကျတယ် ဆိုတာကို ကင်မ်အဲရစ်က လက်ခံပေမယ့် အခုလို တစိတ်တပိုင်း သက်သာခွင့်ပေးတာကနေ တွေ့ဆုံဆွေးနွေးမှု ရလဒ်တစုံတရာ အမှန်တကယ် ဖြစ်ပေါ်စေမယ်လို့ သူ မထင်ကြောင်းနဲ့ အနည်းဆုံး အခု မြင်ကြည့်ရသလောက် မဖြစ်နိုင်ကြောင်း အသက် ၄၄ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကင်မ်အဲရစ်က ပြောပါတယ်။

လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင် (Don Pramudwinai) ကတော့ မြန်မာ နိုင်ငံရေး ဖြေရှင်းပေးနိုင်ရေး ကူညီပံ့ပိုးပေးတဲ့အနေနဲ့ တွေ့ဆုံ ဆွေးနွေးမှတွေ ပြုလုပ်ခဲ့ကြောင်း အရင်လက ထုတ်ပြောထားပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာအမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာကနေ အမှု ၅ မှု အတွက် ၆ နှစ် လျှော့ပေါ့ပေးလိုက်တာဖြစ်လို့ ထောင်ဒဏ် ၂၇ နှစ် ကတော့ ဆက်လက် ကျခံရဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG