သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပြည်ပမှာ ကြိုတင်ကျင်းပ


ဇွန်လ(၁၉)ရက် ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၃)နှစ်မြောက်မွေးနေ့ ပွဲတွေကို ဥရောပနဲ့ အာရှနိုင်ငံ တချို့တို့မှာ ကျင်းပခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ပါစေကြောင်းကိုလည်း ဆုတောင်းပေးကြတာ တွေ့ရပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

NLD ပါတီဥက္ကဌလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၃)နှစ်မြောက်မွေးနေ့ အကြိုပွဲတွေကို နိုင်ငံတကာရောက် မြန်မာတွေက စုပေါင်းကျင်းပကြရာမှာ ဗြိတိန်နိုင်ငံမှာတော့ We Stand With Daw Aung San Suu Kyi အဖွဲ့က ဦးဆောင်ပြီး UK ရောက် မြန်မာတွေက ဇွန်လ(၁၆)ရက် ပြီးခဲ့တဲ့ စနေနေ့က လန်ဒန်မြို့ Hendon Town Hall မှာကျင်းပခဲ့ကြပါတယ်။

လန်ဒန်မြို့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအခမ်းအနားကို ဒေါ်စုရဲ့သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းကိုယ်တိုင် တက်ရောက်ပါတယ်။ သူက ဒေါ်စုကိုယ်စား မွေးနေ့ကိတ်ကို ခွဲပေးပြီး ကျေးဇူးတင်စကား ပြောခဲ့ကြောင်း ဘိလပ်အသံ(BeetlatVoice)အဖွဲ့ တာဝန်ခံ ကိုမင်းဟိန်းက VOA ကိုပြော ပါတယ်။

"အမေစုမွေးနေ့ကို ကျနော်တို့ လုပ်ဖြစ်တာကတော့ ပြီးခဲ့တဲ့နှစ်က သူ့မွေးနေ့နောက်ပိုင်း တောက်လျောက်မှာ အမေစုက International Pressure အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုတွေရှိလာတယ်။ အခက်အခဲတွေအများကြီးရှိလာတယ် နောက်ပြီးတော့ ငြိမ်းချမ်းရေး အလုပ်တွေအများကြီးရှိလာတယ် နောက်ပြီးတော့ ကျန်တဲ့ နိုင်ငံရေး အချက်အလက်တွေကြောင့် စီးပွားရေး ယို့ယွင်းလာတယ်။ အဲလိုအခြေအနေတွေကြောင့် ကျနော်တို့ မွေးနေ့ပွဲတခု လုပ်ပေးချင်တာပေါ့နော်။ အဓိကတော့ အမေစုရဲ့ ဒီလိုခက်ခဲနေတဲ့ အချိန်အတိုင်းအတာအတွင်းမှာ ကျနော်တို့ သူ့ကိုနည်းနည်းပျော်ရွှင်စေချင်တယ်။ သူ့ကိုအောင်မြင်စေချင်တယ်။ သူလုပ်နေတဲ့ဟာတွေမှာ ကျနော်တို့ တသားထဲရှိတယ်။ နားလည်တယ် ကျနော်တို့တွေ သူ့နောက်မှာ အမြဲတမ်းရှိတယ်ဆိုတာကိုလည်း ပြချင်တတ်ပေါ့ အဲဒီအတွက် ဒီပွဲကို Organize လုပ်ခဲ့တာပေါ့။"

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲဟာ ဇွန်လ(၁၉)ရက်ဖြစ်ပေမယ့် နိုင်ငံခြားရောက်မြန်မာတွေရဲ့ အလုပ်နားရက်နဲ့ တိုက်ဆိုင်ပြီး ကျင်းပကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ဒေါ်စုမွေးနေ့အကြိုပွဲကို ဇွန်လ(၁၈)ရက် တနင်္ဂနွေနေ့တုန်းက နော်ဝေနိုင်ငံ ဖရိုလန်းမြို့မှာ မြန်မာမိသားစုတွေ စုပေါင်းကျင်းပခဲ့ကြ ပါတယ်။ အဲဒီပွဲမှာ နော်ဝေနိုင်ငံကို ခေတ္တရောက်ရှိနေကြတဲ့ အဆိုတော် စောဖိုးခွားက “ချစ်ကြပါ ငြိမ်းချမ်းရေး”ဆိုတဲ့ ဂီတပွဲလေး ကျင်းပခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုခဲ့သလို၊ မြန်မာ့လူမှုဘဝ တိုးမြှင့်ရေးအဖွဲ့တာဝန်ခံ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်စကား ပြောကြားသွားပါတယ်။

"အကျဉ်းချုပ်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာသိတော့ခေါင်းဆောင်တဦးအနေဖြင့်ဆောင်ရွက်မူတွေဟာ အတိုင်းအတာတခုအထိ အောင်မြင်ပါတယ်။ ကမ္ဘာက လက်ညှိးထိုးစရာဖြစ်တဲ့ ရခိုင်အရေးအပါအ၀င် လက်နက်ကိုင် မူးယစ်ဆေးကိစ္စတွေ ဖြေရှင်းဖို့ ကျန်ရှိနေသေးတာမှ တပါး ပြည်တွင်းတည်ဆောက်ရေးကဏ္ဍတွေက အရှိန်အဟုန်နဲ့ သွားလာနေပါတယ်။ အခုဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေ ရင်းနှီးမြုပ်နှံမှုတွေ ကျနော်တို့ တိုင်းပြည်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားမှုတွေ တည်ဆောက်မှုတွေ ရှိနေပါတယ်။"

အာရှက ဂျပန်နိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၃)နှစ်မြောက်မွေးနေ့ပွဲအတွက် ရည်စူးပြီး၊ တိုကျိုမြို့ Takanadobaba BigBox ရှေ့ကွက်လပ်မှာ စတုဒီသာ အလှူအတန်းလုပ်ကြသလို၊ မွေးနေ့အကြို ဆုတောင်သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

"ဒီနေ့လက်ရှိမှာ အာဏာရှင်စနစ်က ပျောက်ဆုံး ကွယ်ပျောက်သွားတာ မဟုတ်သေးဘူး။ ဆက်ပြီးတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ယုံကြည်တဲ့ ခေါင်းဆောင်နဲ့ ကျနော်တို့ ယုံကြည်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကနေပြီးတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲ ကနေ မြန်မာနိုင်ငံမှာပေါ့လေ စစ်အုပ်ချုပ်ရေး ၊ စစ်အာဏာရှင်စနစ် လုံးဝ ပြောင်းလဲသွားတဲ့အထိ ချီတက်သွားကြမယ်လို့ သန္နိဋ္ဌာန် ချထားရင်းနဲ့ နိဂုံးချုပ် လိုက်ပါတယ်။"

ဂျပန်အခြေစိုက် မြန်မာအရေးလှုပ်ရှားသူ ဦးသန်းဆွေ အဲဒီပွဲမှာ ပြောသွားတာပါ။ (၇၃)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတွေကို အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာလည်း ကျင်းပမယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG