သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ သြစတြေးလျမှာ ကျင်းပ


Myanmar's State Counsellor Aung San Suu Kyi gives a speech at the Swedish parliament in Stockholm
Myanmar's State Counsellor Aung San Suu Kyi gives a speech at the Swedish parliament in Stockholm

ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂)မြောက် မွေးနေ့ အကြိုအခမ်းအနားကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အများအားလပ်ရက်နဲ့ တိုက်ဆိုင်ပြီး စနေနေ့က ကျင်းပခဲ့ပါတယ်။ ပြည်တွင်းမှာ ဒေါ်စုအပေါ် ဝေဖန်မှု ဂယက်တွေကြောင့် မွေးနေ့ပွဲ အခမ်းအနားမှာ လူတွေ စုံသင့်သလောက် မစုံဖြစ်ရတယ်လို့ ယူဆမိကြောင်း ကူညီစီစဉ်သူတဦးက ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

မဲလ်ဘုန်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ဆယ်စုနှစ်နဲ့ ချီပြီး သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ် (၇၂)မြောက်မွေးနေ့ပွဲ မှာတော့ လူတွေအရင်ကလောက် စည်းစည်းကားကား မတက်ရောက်ကြဘူးလို့ ပွဲကို ကူညီစီစဉ်သူလည်းဖြစ်၊ သြစတြေးလျအခြေစိုက် NLD မိတ်ဆွေများအဖွဲ့က ဒေါ်ချောပိုက ပြောပါတယ်။

“ ဒီနှစ်ထူးခြားချက် တခုကတော့ မြန်မာပြည်မှာလဲ ငြိမ်းချမ်းရေး process လုပ်နေကြတယ်ဆိုတော့ ဒီမှာလည်း ပိုပြီးလုပ်ချင်ကြ တာပေါ့နော် အတူတူ တခါထဲ။ အစိုးရသစ် တက်တုန်းကဆိုရင် ကြိုဆိုပွဲဆို တိုင်းရင်းသားတွေလည်း အများကြီးလာကြတယ်။ အကုန်လုံး ဝိုင်းဝန်းပြီးတော့ ကြိုဆိုကြတယ်။ အဲလိုကနေပြီးတော့ ဒီနှစ် ဒေါ်စုမွေးနေ့ကျင်းပတဲ့ အခါကျတော့ .. အန်တီ တွေ့ရသလောက်ဆိုရင် ပြည်တွင်းထဲက ဂယက်တွေ ရိုက်တယ်လို့ပဲ ထင်တယ်လေ။ ဘာလို့လဲဆိုတော့ အထဲမှာ ဘာတွေလုပ်နေကြလဲ၊ ဘာတွေဖြစ်နေကြပြီလဲ ဆိုတာ သူတို့ နားထောင်နေကြတာ။ အဲလို နားထောင်နေတဲ့အခါကျတော့ အထဲက ဘာများဖြစ်မလဲ၊ ဘာများပြောမလဲ အဲဒီအသံလေးတွေ ဂယက်ရိုက်လာတဲ့ အခါကျတော့ ဒီမွေးနေ့ပွဲမှာပေါ့နော် ဒီထက် ပိုစုံသင့်တယ်လို့ ထင်တယ်။ စုံသင့်သလောက် မစုံဘူး။ ဒါ အန်တီရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ။”

ဒါပေမဲ့လည်း မနေ့ကကျင်းပတဲ့ မွေးနေ့ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ သြစတြေးလျ လွှတ်တော်အမတ် နှစ်ဦး အပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အရည်အချင်းတွေကို ထုတ်ဖေါ်ချီးကျူး ဂုဏ်ပြုခဲ့တယ်လို့ ဒေါ်ချောပိုက ပြောပါတယ်။

နောက်သတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ့် သြစတြေးလျ အောက်လွှတ်တော်အမတ် Julian Hill ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံဖူးခြင်း မရှိပေမဲ့ သူ့အကြောင်း ရေးသားချက်တွေကို ဖတ်ရတဲ့အခါမှာ အလွန် အရည်အချင်း ပြည့်ဝတဲ့ တိုင်းပြည်ခေါင်းဆောင်ကောင်း တဦးဖြစ်တယ်လို့ သူယုံကြည်မိကြောင်း မွေးနေ့ပွဲအခမ်းအနားမှာ ပြောကြားသွားတယ်လို့ ဆိုပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ဟောင်း Chris Lamb ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူကိုယ်တိုင် တွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြခဲ့တယ်လို့ ဒေါ်ချောပိုက ဆိုပါတယ်။

“ သူက အဲဒီတုန်းက အဲ့ဒီမှာ သူရှိနေခဲ့တယ်။ ရန်ကုန်မှာ ၁၉၈၈ တုန်းက။ အဲဒီတော့ သူရှိနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လာတယ်ဆိုတာ သူကြုံရ ကြားလိုက်ရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ပေါ့ ပြန်မသွားပဲနဲ့ သူ့ဘဝကို အနစ်နာခံ စတေးတဲ့ သဘောပေါ့ .. အဲလို လုပ်တာမျိုးတွေ့ရတဲ့ အခါကျတော့ သူအရမ်းအံ့သြတဲ့အကြောင်း၊ ပြီးတော့ အခုအချိန်ထိ ဆက်လုပ်နေတဲ့ အကြောင်း၊ အဲဒါတွေကို သူသေချာ ပြောသွားပါတယ်။”

Daw Aung San Suu Kyi's 72ND birthday party at Melbourne
Daw Aung San Suu Kyi's 72ND birthday party at Melbourne

ဒီမွေးနေ့ပွဲအခမ်းအနားကို သြစတြေးလျရောက် ကရင်၊ ကရင်နီနဲ့ ဇိုမီးတိုင်းရင်းသား တွေရဲ့ အသိုင်းအဝိုင်း ခေါင်းဆောင်တချို့လည်း တက်ရောက် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖခင်ဖြစ်သူ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်ကနေ ၁၉၄၅ ခုနှစ် ဇွန်လ (၁၉)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG