သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံအတွက်ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဒေါ်စုမွေးနေ့မှာ ပန်ကြား


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂)နှစ်မြောက် မွေးနေ့ပွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂)နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားတွေကို မနေ့က နေပြည်တော်အပါအ၀င် နိုင်ငံတ၀ှမ်းမြို့ကြီးတွေမှာ ကျင်းပခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၃၀ နီးပါး ကြိုးပမ်းလှုပ်ရှားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ဆက်ပြီးဝိုင်းရံကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း ရန်ကုန်မြို့ NLD ရုံးချုပ်မှာကျင်းပတဲ့ မွေးနေ့ပွဲမှာ ပြည်သူတွေကို တိုက်တွန်းသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်ထားပါတယ်။

နေပြည်တော် လွှတ်တော်အဆောက်အအုံမှာ တနင်္လာနေ့က လုပ်ဖေါ်ကိုင်ဖက်တွေ ကျင်းပတဲ့ မွေးနေ့ပွဲအခမ်းအနားကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တာပါ။ မွေးနေ့အမှာစကားအဖြစ် ကိုယ်ချင်းစာတရားထားပြီး နိုင်ငံအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“တယောက်နဲ့ တယောက်မေတ္တာထားပြီးတော့ စိတ်ချမ်းသာအောင်လုပ်ကြပါလို့ ဒါပဲထပ်ခါထပ်ခါပြောချင်တယ်။ နောက်ဆုံးကျတော့ လူတိုင်းလူတိုင်းက စိတ်ချမ်းချမ်းသာသာနေချင်ကြတာပဲ ၊ အဲဒီတော့ ကိုယ်စိတ်ချမ်းသာချင်သလို လူများတွေ စိတ်ချမ်းသာအောင်လည်း ၀ိုင်းပြီးတော့လုပ်ကြပေါ့ မီဒီယာတွေ အပါအ၀င်။”

သူ့ကိုချစ်ခင်ကြသူတွေကလည်း မွေးနေ့ဆုတောင်းစကား အသီးသီးပြော ကြားခဲ့ကြပါတယ်။ အဲဒီထဲမှာ သမ္မတ ဦးထင်ကျော်ရဲ့ ဇနီးလည်းဖြစ်၊ ကွယ်လွန်သူ NLD ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးလွင်ရဲ့ သမီးလည်းဖြစ်၊ သုံးခွမြို့နယ် NLD လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ ဒေါ်စုစုလွင်ကတော့

“ကျမရဲ့ဆုတောင်းကတော့ အမရဲ့ ကြိုးပမ်းနေတဲ့ ကြိုးပမ်းချက်တွေအားလုံး အမြန်ဆုံးအောင်မြင်ပါစေလို့၊ နောက်အမလည်း ကျန်းကျန်းမာမာနဲ့ သက်တော်ရာတော်ရှည်ပြီးတော့ ကျမတို့ တိုင်းကျိုးပြည်ကျိုးအတွက်ကို စောစောကလည်းပြောတယ် ဆထက်တပိုးလို့တော့မပြောချင်ဘူး အစွမ်းကုန်လုပ်နေတဲ့အတွက်ကြောင့် ဒါတွေအောင်မြင်ပါစေ။”

မွေးနေ့အထိမ်းအမှတ်ပွဲတွေကို သူရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပြည် စတဲ့ နိုင်ငံအနှံမြို့ကြီးတွေမှာ မနေ့က ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။ ရန်ကုန် NLD ရုံးချုပ်မှာကျင်းပတဲ့ မွေးနေ့ပွဲအခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ဆက်ပြီး ၀ိုင်းရံကြဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလိုပြောသွားပါတယ်။

“ကျနော်လိုရင်းပဲပြောပါမယ် အဓိကအားဖြင့် ကျနော်တို့တွေ အနှစ် ၂၀ ကျော် ၃၀ နီးပါး ကြိုးစားလာခဲ့ရတဲ့ ဒီမိုကရေစီပန်းတိုင်ကို ကျနော်တို့ မရောက်သေးပါဘူး။ ပန်းတိုင်ကိုသွားတဲ့ လမ်းပေါ်ပဲ ရောက်သေးတယ်၊ ကျနော်တို့ ဆက်လက်ကြိုးစားဖို့အများကြီးလိုသေးတယ် ။ အဲဒီတော့ ကျနော်မွေးနေ့မှာ အထူးဆန္ဒပြုချင်တာက ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ၀န်းရံလိုက်ပါကြဖို့ ညီညီညွှတ်ညွှတ်နဲ့ ။”

တချိန်တည်းမှာပဲ လက်ရှိ အစိုးရကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်နဲ့ ညှိုနှိုင်းဆွေးနွေးလုပ်ကိုင်မှုတွေ၊ တိုင်းရင်းသားအရေး၊ ရခိုင်ပြည်နယ်အရေး စတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတွင်းမှာသာမက ပြည်ပမှာပါ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာတင့်ဆွေက အခုလို သူ့ရဲ့အမြင်ကိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတည်းက သူက စင်ပေါ်ရောက်သွားတဲ့ နိုင်ငံရေးသမားတဦးလို သူကဆောင်ရွက်ပါတယ်။ အဲဒီတော့ အရင် ၁၉၈၈-၈၉ ကနေစရင် ကြားထဲကာလနဲ့ ၂၀၁၂ နောက်က တော့ မတူတော့ဘူးခင်ဗျ။ နောက်တခါ ၂၀၁၅ ရောက်တဲ့အခါမှာ သူက တာဝန်အရှိဆုံး ပုဂ္ဂိုလ်လိုသူ ဆောင်ရွက်ပါတယ်။ အဲဒီတော့လည်း အရင်နဲ့တောင်မတူဘူး ကွဲပြားမှုတွေရှိခဲ့တယ်။ အဲဒီတော့ ဝေဖန်မှုတွေ အားမရမှုတွေ ရှိတာကတော့ ကျနော်ကတော့ ဒါက ဖြစ်နေကြသဘာဝလို့ ကျနော်မြင်တယ်၊ ဒေါ်အောင်ဆန်းစုကြည် မှမဟုတ်ပါဘူး တခြားထင်ရှားကျော်ကြားတဲ့ တခြားနိုင်ငံက ခေါင်းဆောင်တွေလည်း ဒီလိုသဘောမျိုးဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က တကယ့်နိုင်ငံရေးသမား ၊ အခုဆိုရင် နိုင်ငံအတွက်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့ လုပ်သင့်တာတွေ လုပ်နေတယ်လို့ ကျနော်မြင်ပါတယ်။”

သြစတြေးလျ၊ စင်္ကာပူစတဲ့ ပြည်ပမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသူတွေကလည်း မွေးနေ့အထိမ်း အမှတ်အဖြစ် အခမ်းအနားတွေ၊ စာပေစကားဝိုင်း တွေ အသီးသီးကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG