သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ သားငယ် ကိုထိန်လင်း တောင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris (Video Screenshot/ VOA)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris (Video Screenshot/ VOA)

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ သားငယ် ကိုထိန်လင်း တောင်းဆို

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ် မွေးနေ့အခါသမယမှာ သားဖြစ်သူကို ထိန်လင်းခေါ် Kim Aris က သူ့ရဲ့မိခင်ကို ဖမ်းဆီးထားတာဟာ တရားဝင်မှုမရှိဘဲ၊ မိခင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဇွန်(၁၇)ရက် စနေနေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

“ ပထမဦးစွာ မြန်မာစစ်တပ်ကို ပြောကြားလိုပါတယ်၊ ကျနော့်ရဲ့ မိခင်ဖြစ်သူနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပါ၊ အပစ်အခတ် ရပ်စဲပြီး၊ တွေ့ဆုံဆွေးနွေးပါ၊ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရထံ အာဏာကို ပြန်လည် လွှဲပြောင်းပေးအပ်ပါလို့” ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက သူ့မိခင် မွေးနေ့ အတွက် ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ပြောဆိုထားပါတယ်။

မိခင် ဖမ်းဆီးခံခဲ့ရပြီးနောက် သူ့အနေနဲ့ မိခင်နဲ့တွေ့ခွင့်၊ ဆက်သွယ်ခွင့် မရသလို၊ သူ့မိခင် ဘယ်နေရာမှာ ရှိနေလို့၊ ဘယ်လိုအခြေအနေ ရင်ဆိုင်နေရတယ် ဆိုတာကိုလည်း သိခွင့်မရဘူးလို့ အသက် ၄၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောဆိုပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေအပေါ် နှစ်ပေါင်းများစွာ စစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ဟာ၊ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်ပြီး ဖိနှိပ် ညှင်းပန်နေတဲ့အတွက်၊ ဒီကနေ့အချိန်မှာ လူပေါင်း ၁ ဒဿမ ၇ သန်းလောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရပြီး၊ လူ ၁၇ သန်းကျော်လောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သူက ပြောဆိုပါတယ်။

ဒါကြောင့် ဗြိတိသျှအစိုးရနဲ့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာ့အရေးကို ဦးစားပေး ဆောင်ရွက်ကြဖို့၊ မြန်မာစစ်ကောင်စီနဲ့ သံတမန် အဆက်သွယ်ဖြတ်တောက်ပြီး NUG အစိုးရနဲ့ ဆွေးနွေးဖို့ တောင်းဆိုပါတယ်.. ဆိုပြီး ပြောကြားခဲ့ပါတယ်။ နောက်နှစ် မွေးနေ့အချိန်ရောက်ရင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်တွေ့ဆုံ ရလိမ့်မယ်လို့လည်း သူ မျှော်လင့်ပါကြောင်း သားဖြစ်သူ ကိုထိန်လင်းက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG