သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာဓါးပြတိုက်လူသတ်မှု ကျူးလွန်သူတွေကို ဖမ်းထားကြောင်း Guardian Force ပြော


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ နေအိမ်ထဲဝင်ဓားပြတိုက်သူတွေပစ်ခတ်မှုကြောင့် ခေါင်းကိုကျည်ထိပြီး ကလေးနဲ့အတူ သေဆုံးသွားတဲ့ မအေးငြိမ်းသူ (သြဂုတ်လ ၁၀၊ ၂၀၂၃/ ဓာတ်ပုံ-Aye Nyein Thu's FB)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ နေအိမ်ထဲဝင်ဓားပြတိုက်သူတွေပစ်ခတ်မှုကြောင့် ခေါင်းကိုကျည်ထိပြီး ကလေးနဲ့အတူ သေဆုံးသွားတဲ့ မအေးငြိမ်းသူ (သြဂုတ်လ ၁၀၊ ၂၀၂၃/ ဓာတ်ပုံ-Aye Nyein Thu's FB)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ နေအိမ်ထဲဝင်ဓားပြတိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ပစ်ခတ်ခဲ့သူတွေဟာ မြို့ပြပြောက်ကျားအဖွဲ့တခုက ဖြစ်တယ်လို့ သူတို့ကိုဖမ်းဆီးထားတဲ့ မုံရွာ Guardian Force က ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာပါဝင်တဲ့ ကျူးလွန်သူ ၇ ဦးကိုဖမ်းဆီးထားပြီး အကျဉ်းထောင်ထဲပို့လိုက်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းက နေအိမ်တအိမ်ကို ဩဂုတ်လ ၁၀ ရက်၊ နေ့လယ် ၃ နာရီဝန်းကျင်မှာ လူတစုရောက်လာပြီး ပစ္စည်းလုယက်ရင်း နေအိမ်မှာရှိတဲ့ လူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီပစ်ခတ်မှုကြောင့် မွေးခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးသေဆုံးခဲ့ပြီး၊ ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစီးကိုလည်း ယူဆောင်သွားတယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

ကျူးလွန်သူတွေကို မုံရွာ Guardian Force က ဖမ်းဆီးရမိပြီး သူတို့ကို စစ်ဆေးနေတဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ယက်ကတဆင့် ဒီကနေ့ မနက်ပိုင်းမှာ ပျံ့နှံ့လာပါတယ်။ ကျူးလွန်သူ ၇ ဦးလုံးကို အကျဉ်းထောင်ထဲပို့ထားလိုက်ပြီလို့ သူတို့ကို စစ်ဆေးခဲ့တဲ့ မုံရွာ GF တာဝန်ရှိသူ ကိုအာကူးက ပြောပါတယ်။

"နောက်ဆုံး အခြေအနေကတော့ သူတို့ကို အကျဉ်းထောင် ပို့လိုက်ပါပြီ။ ကျနော်တို့ဘက်က အကျဉ်းထောင်ပါဗျ။"

မုံရွာ Guardian Force ဟာ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့ ဒေသခံအဖွဲ့တွေကြားက တိုက်ပွဲတွေမှာ ပူးပေါင်းမဟာမိတ်အနေနဲ့ ဝင်ရောက် ပါဝင်လေ့ ရှိပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ဖြစ်ပွားခဲ့တဲ့ ၆ ရက်ကြာတိုက်ပွဲမှာလည်း မုံရွာ Guardian Force အပါအဝင် ဒေသခံ တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့ထက်မနည်း ပူးပေါင်းပြီး၊ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ကြတာပါ။

နေအိမ်ထဲဝင် ပစ္စည်းတွေလုယက်ပြီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်နဲ့ ပစ်သတ်သွားသူတွေဟာ မုံရွာ Guardian Force ကဆိုပြီး အစောပိုင်းမှာ စွပ်စွဲတာတွေလည်း ရှိခဲ့ပါတယ်။ ကျူးလွန်သူတွေဟာ မုံရွာ GF က မဟုတ်ကြောင်း ငြင်းဆိုထားပြီး မြို့ပြပြောက်ကျားအဖွဲ့တခုက ဖြစ်တယ်လို့ ကိုအာကူးက ပြောပါတယ်။

"ကျနော်တို့ စစ်ကြောင်းက လူပေါ့၊ အချင်းချင်း ပြန်ဖမ်းတယ်ပေါ့၊ ကျနော်တို့လုပ်တယ် ထင်နေကြတာ။ အဲဒီကိစ္စကိုလည်း ခဏနေရင် ကျနော်တို့ တက်ရှင်းပေးပါမယ်။ ဒီကောင်တွေကလည်း လက်နက်ကိုင်တဲ့ အဖွဲ့အစည်းကပဲ။ UG အဖွဲ့ပေါ့။ လောလောဆယ်တော့ အဲဒီအဖွဲ့ကို အတည်ပြုဖို့ ကျနော်တို့ လိုက်နေတယ်ဗျ။"

မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ မနေ့ကဖြစ်ခဲ့တဲ့ပစ်ခတ်မှုကြောင့် အဲဒီအနီးတဝိုက်မှာ စစ်ကောင်စီအဖွဲ့တွေ ရှိနေတယ်လို့ သိရပါတယ်။ မြို့တွင်းအသွားအလာတော့ ပုံမှန်အတိုင်းရှိနေပြီး အရင်ရက်တွေကလို တချို့နေရာတွေမှာ စစ်ကောင်စီဘက်က တားဆီးစစ်ဆေးတာတော့ ဆက်ပြီးရှိနေတယ်လို့ မုံရွာဒေသခံ တဦးက ပြောပါတယ်။

"ဒီနေ့ ထူးထူးခြားခြား စစ်ဆေးတာတော့ မရှိပါဘူး။ မြို့ထဲကတော့ တချို့တလေ နေရာတွေကတော့ အစစ်အဆေး ရှိတော့ရှိတယ်။ သွားတော့ သွားလာနေကြပါတယ်။ တခါတလေတော့ လမ်းမှာ စစ်ဆေးတာမျိုးတော့ ရှိတယ်။"

သေဆုံးသူအမျိုးသမီးဟာ ဦးခေါင်းကိုကျည်ထိမှန်ခဲ့ပြီး မိခင်နဲ့အတူ ဗိုက်ထဲက ကလေးပါ သေဆုံးသွားခဲ့တာပါ။ ကျူးလွန်သူတွေဟာ မြို့ပြပြောက်ကျားအဖွဲ့ကဖြစ်တယ်လို့ သူတို့ကိုဖမ်းမိထားတဲ့ မုံရွာ Guardian Force က ပြောထားပေမယ့် VOA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ လှည့်လည်သွားလာပြီး လမ်းမပေါ်မှာ စစ်ဆေးတာတွေ ရှိနေတဲ့ကြားက ကျူးလွန်သူမသိတဲ့ လုယက်မှုတွေကလည်း ရှိနေတာပါ။ ပစ္စည်းဝင်လုသူတွေမှာ သေနတ်ပါလာတာမျိုးလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ပြပြီး အကြမ်းဖက် ဓားပြတိုက်၊ လုယက်တာတွေဟာ သင်္ကြန်ကာလပြီးနောက်ပိုင်း မုံရွာမြို့ပေါ်မှာ ခပ်စိပ်စိပ်ဖြစ်လာပေမယ့် ရဲစခန်းမှာ တိုင်ကြားတာမျိုး သိပ်မတွေ့ရဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဘယ်သူဘယ်ဝါ ကျူးလွန်တယ်ဆိုတာ မသိရတဲ့ ခိုးဆိုးလုယက်မှုတွေ၊ ပစ်ခတ်ခံရတာတွေက မကြာခဏ ဆိုသလို ရှိနေပြီး၊ နေ့ဘက်အချိန် မြို့ပြနေရာတွေမှာပါ လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG