သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး-ရွှေဘို-မြစ်ကြီးနား မီးရထားလမ်း ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်း


ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

မန္တလေး-ရွှေဘို-မြစ်ကြီးနား မီးရထားလမ်းတလျှောက်ကို စစ်ကောင်စီက ပြန်လည်စိုးမိုးနိုင်ဖို့ရည်ရွယ်ပြီး အဲ့ဒီနေရာတွမှာ နယ်မြေရှင်းလင်းရေးတွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကာဘိုး၊ ဇီးကုန်း စတဲ့ အဲ့ဒီမီးရထားလမ်းအနီးက စစ်ကောင်စီ စခန်းနေရာတွေမှာ အင်အား အလုံးအရင်းဖြည့်တင်းနေတာကြောင့် ဒေသခံတွေ စစ်ရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကြောင်းမကြီး ၄ ကြောင်းဖြန့်ထားပြီး ကန့်ဘလူတောင်ခြမ်းက စစ်ကောင်စီအထိုင်ချရာနေရာတွေမှာ အင်အားတွေ ရာနဲ့ချီဖြည့်တင်းနေတယ်လို့ ကန့်ဘလူကာကွယ်ရေး တပ်ဖွဲ့တွေကပြောပါတယ်။ ကာဘိုးနယ်ထဲက ဗောထိကုန်းရွာမှာ စစ်တပ်အထိုင်စခန်းလုပ်နိုင်ဖို့ ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ကန့်ဘလူနယ်ထဲမှာရှိတဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနား မီးရထားသံလမ်းတောက်လျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီဘက်က အင်အားတွေ ထပ်ဖြည့်နေတယ်လို့ ကန့်ဘလူ KB 3 အဖွဲ့က ကိုဇော်က ပြောပါတယ်။

“ခမရ ၃၆၃ တကြောင်းရယ်၊ ခမရ ၃၆၁ တကြောင်းရယ်၊ ကန့်ဘလူခရိုင်က ပျူကြောင်း ၂ ကြောင်းရယ်ပေါ့ ၄ ကြောင်းဗျ။ ခုလောလောဆယ် သူတို့က ကာဘိုးတိုက်နယ် ဗောထိကုန်းရွာသစ် အဲ့ဘက်ကို ရောက်နေတယ်ဗျ၊ ခင်ဦးနဲ့အစပ်ကို အဲ့ဒါက ၃၆၁ ဗျ။ လက်ရှိကတာ့ သူတို့က နယ်မြေတွေကိုရချင်တဲ့သဘောနဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး သူတို့ရချင်တဲ့ နယ်မြေတွေကျေးရွာတွေကို အထိုင်ချတဲ့သဘောလုပ်နေတယ်ဗျ။ ဗောထိကုန်းရွာကို သူတို့အထိုင်ချဖို့ရာ ကတုတ်ကျင်းတွေဘာတွေတူး၊ ဘန်ကာတွေဘာတွေ ဆောက်ဖို့လည်း စီမံနေတယ်။ နောက်ထပ်လည်း သူတို့ ထန်းကုန်းတိုက်နယ်ထဲကိုလည်း ဝင်သွားပြီးတော့ နေရာချဖို့တွေ စီစဥ်နေတယ်။ အဲ့တော့ သူတို့ဘာလုပ်နေလဲဆိုရင် ရထားသံလမ်းကို အရယူတဲ့ အနေအထားမျိုးဗျ။ ရထားသံလမ်းတလျှောက်ကို အထိုင်ချနေတဲ့ပုံစံရွှေ့နေတယ်ဗျ၊ ရထားသံလမ်းကို ရယူဖို့ပေါ့ အဲ့လိုလုပ်နေတယ်။”

ကာဘိုး၊ ဇီးကုန်း၊ ဗောထိကုန်းစတဲ့ စစ်ကောင်စီရဲံ အထိုင်စခန်းနေရာတွေမှာ အင်အား ရာနဲ့ချီဖြည့်တင်းနေတဲ့ အခြေအနေလို့ ကိုဇော်ကပြောပါတယ်။ ကာဘိုးစခန်းကို တနင်္လာနေ့မနက်၅ နာရီဝန်းကျင်လောက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အဖွဲ့ဝင်ရာကျော် ပို့ပြီး အင်အား ဖြည့်ထားတယ်လို့ ကိုဇော်က ပြောပါတယ်။

“အင်အားက ၁၁၀ လောက်က (ဇီးကုန်း)သကြားစက်ထဲမှာ ရှိနေတယ်။ ဗောထိကုန်းရွာသစ်ဘက်ကိုက အင်အား ၂၀၀ လောက် အဲ့ဘက်ကိုထိုးထားတယ်ဗျ။ ကာဘိုးမှာက အရင်က အင်အား ၅၀ လောက်ပဲရှိတယ်ဗျ။ ခုက ၁၃၀ လောက်ထပ်ဖြည့်ထားတော့ ခုက အင်အား ၂၃၀၊၂၄၀ လောက်တော့ ရှိတယ်ဗျ ခုက။ ကန့်ဘလူ ၆၀၀၆ ကနေမှ စစ်ကား ၃ စီးနဲ့၊ ထန်းကုန်းဘက်က ပျူအင်အားက light truck ကားတစီးရယ်၊ နောက်ကားတစီး၊ တိုက်ဖွန်းကားတစီး အဲ့မှာ ၃ စီး၊ ပေါင်း ကား ၆ စီးနဲ့ ကာဘိုးကိုအင်အားချပြီးတော့ ကားက ကာဘိုးက ပြန်သွားပြီ။ သူတို့က ကာဘိုးကနေမှ ဆက်ပြီးတော့ ဇီးကုန်းတိုက်နယ်ဘက်ကို သူတို့မှာရှိတဲ့အင်အားနဲ့ နယ်တွေကို ဝင်ဖို့ရာ ဗျူဟာခင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်ဗျ။”

စစ်ကောင်စီတပ်တွေ ကာဘိုးကို အင်အား လာဖြည့်တဲ့ စစ်ကား ၆ စီးထဲက ၃ စီးကို ကန့်ဘလူ ကာကွယ်ရေးတပ်ဖွဲ့ဘက်က တနင်္လာနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကိုဇော်က ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုကတော့ မသိရပါဘူး။ စစ်ကောင်စီတပ်က အင်အားဖြည့်ထားတဲ့အထဲမှာ စစ်သားတွေထက် ပျူစောထီးအရေအတွက်က ပိုများတယ်လို့ ကိုဇော်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်နေတာကြောင့် အဲ့ဒီဒေသက ဒေသခံတွေအနေနဲ့ စစ်ဘေးရှောင်ဖို့ အဆင်သင့်ပြင်နေကြသလို တချို့ကလည်း ကြိုတင် ရှောင်နေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကြောင်းက ဘယ်ဘက်ကို ဦးတည်ပြီး ထိုးမယ်ဆိုတာ မသိနိုင်သေးတဲ့အတွက် မရှောင်ကြသေးတာမျိုးလည်း ရှိတယ်လို့ ထန်းကုန်းတိုက်နယ် ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဒီကန့်ဘလူမှာတော့ ထန်းကုန်းတိုက်နယ်ထဲမှာတော့ လောလောဆယ် ထန်းကုန်းတိုက်နယ်ထဲကိုတော့ ဝင်မထိုးသေးဘူး။ ပြင်နေတာပဲရှိသေးတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ သတင်းကြားပြီးကတည်းက ပြင်တာဆင်တာတွေကတော့ လုပ်နေပြီ။ လုပ်သင့်တာလေးတွေ လုပ်နေကြတာပေါ့။ လောလောဆယ်က ကျနော်တို့လည်း ရှောင်ဖို့ ပြုဖို့ပဲ ပြင်တာဆင်တာရှိသေးတာ။ သူတို့လည်း ကာဘိုးမှာချထားပြီး ပြင်ဆင်နေတုန်းရှိသေးတော့ အဲ့တော့ စစ်ကြောင်းက တန့်ဆည်ဘက်ကို ရောက်သွားမယ်ဆိုရင် တန့်ဆည်ဘက်ကို တမျိုး ကျနော်တို့ စီစဥ်ရမှာပေါ့။ ကန့်ဘလူ တောင်ဖက်ခြမ်းကို ထိုးမယ်ဆိုရင်လည်း အဲ့ဒီထိုးတဲ့အချိန်ကျမှ ပြေးဖို့ရှောင်ဖို့က လုပ်ရမှာပေါ့။”

စစ်ကောင်စီတပ်တွေက ကန့်ဘလူတောင်ခြမ်းမှာ ကာဘိုး၊ ဇီးကုန်း စတဲ့ စစ်ကေင်စီတပ်စခန်းနဲ့ နီးတဲ့နေရာတွေက စစ်ဆေးရေးဂိတ်တွေဟာ အရင်ထက် ပိုပြီး စစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် ဒေသခံတွေ သွားလာရေး ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။ ကားတစီးဖြတ်ရင် ၅,၀၀၀ နဲ့ လူတယောက် ဖြတ်သန်းဖို့ ၈,၀၀၀ ငွေကြေးကောက်ခံတာမျိုး ရှိတဲ့အတွက် ကုန်သွယ်ရေးနဲ့ သွားလာရေးခက်ခဲရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး-ရွှေဘို-မြစ်ကြီးနား မီးရထားလမ်းတလျှောက်မှာ စစ်ကောင်စီဘက်နဲ့ ဒေသကာကွဘ်ရေး တပ်ဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်လေ့ရှိသလို ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်း ရှိပါတယ်။ ရွှေဘိုနဲ့ ဝက်လက်နယ်ထဲက မီးရထားသံလမ်းတလျှောက်ကျေးရွာတွေဟာလည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုကြောင့် စစ်ဘေးရှောင်နေကြရပါတယ်။ ဒီမီးရထားလမ်းတလျှောက်ကို ကာကွယ်ရေးဘက်က ဖောက်ခွဲမှုတွေ၊ ဖျက်ဆီးမှုတွေ လုပ်ထားခဲ့တာကြောင့်ရော ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးနိုင်ပြီး စစ်ကောင်စီဘက်က ရထားလမ်းတလျှောက် စိုးမိုးမှု အားနည်းတဲ့အတွက် စစ်လက်နက်နဲ့ ရိက္ခာပို့ဆောင်ရေးမှာ ထိခိုက်လာနေတဲ့အတွက် ပြန်လည်စိုးမိုးနိုင်ရေးကို ပိုဦးစားပေးပြီး လုပ်လာတာဖြစ်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ပျက်စီးနေတဲ့ ရထားသံလမ်းအပိုင်းတွေကိုလည်း စစ်ကောင်စီဘက်က ပြန်လည် ပြုပြင်နေတာတွေ ရှိပါတယ်။ အဲ့ဒီ ပြန်လည်ပြုပြင်ရာ နေရာတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းတာမျိုးတွေလုပ်ပြီး ကာကွယ်ရေး အဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေ ရှိကြပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ၊ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာတွေကြောင့် စစ်ကိုင်းတိုင်း အတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတာပါ။ စစ်ကောင်စီကတော့ ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်မှာ မြန်မာပြည်တစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးရှိလာပြီး စက်တင်ဘာ ၂၆ ရက်နေ့ကနေ အောက်တိုလာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ အနောက်ဘက်ရှိ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ လူဦးရေ ၁၃,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG