သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်ရွာသားတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရ (ဒေသခံများ)


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျီးကန် တောင်ရွာနဲ့ မြောက်ရွာပြ မြေပုံ။ (Crd to MIMU)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျီးကန် တောင်ရွာနဲ့ မြောက်ရွာပြ မြေပုံ။ (Crd to MIMU)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကျီးကန်မြောက်ရွာနဲ့ တောင်ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး လူလေးဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ အသတ်ခံရသူတွေဟာ ကျီးကန်မြောက်ရွာ ဘုန်းကြီးကျောင်းထဲမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဖြစ်တယ်လို့လည်း ပြောကြကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ဝက်လက်မြို့နယ် ရွှေဘို-မန္တလေး ကားလမ်းပေါ်က ကျီးကန်မြောက်ရွာကို သြဂုတ်လ ၂၆ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်တွေ ရှိနေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၃၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီထဲက ဒေသခံ ၆ ယောက်ကို ဖမ်းဆီးပြီး ၂ ယောက်ကို ပြန်လွတ်ပေးခဲ့ပေမဲ့ ၄ ယောက်ကိုတော့ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၂၀ အရွယ် အမျိုးသမီးတဦးကို အဓ္ဓမ္မ ပြုကျင့် သတ်ဖြတ်သွားတာဖြစ်ပြီး ကျန် အမျိုးသာား ၃ ဦးကိုတော့ လည်ပင်းကို လှီးဖြတ်ပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကျီးကန်မြောက်ရွာကချည်းပဲ ၅ ယောက်၊ အဲ့ ၅ ယောက်ထဲမှာမှ သားဖ ၄ ယောက်ပါတယ်။ ကျီးကန်တောင်ရွာက စိတ်မနှံ့တဲ့ ကလေးတယောက်ပါတယ်။ အဲ့ ၆ ယောက်ပေါ့ (ဖမ်းခံရတာ)။ မနေ့က မနက် ၈ နာရီခွဲလောက်မှာ အဖမ်းခံရတာပါ။ အဲ့ ၆ ယောက်ထဲက သားဖ ၄ ယောက်ပါတဲ့ အတိုင်းအတာမှာ ချွေးမဖြစ်သူနဲ့ မိန်းမဖြစ်သူကို ပြန်လွှတ်ထားခဲ့ပါတယ်။ သမီးဖြစ်သူနဲ့ ဖအေဖြစ်သူကိုတော့ သတ်သွားပါတယ်။ ဒီမနက် သဂြိုဟ်လိုက်ပါပြီဗျ။ ပြီးတော့ ကျီးကန်တောင်ရွာက ကလေးတယောက်ကိုလည်း သတ်သွားတယ်။ တခြားသော ကျီးကန်မြောက်ရွာသား အသက် ၅၆ နှစ်အရွယ် ဦးဟန်ရွှေအေးကိုလည်း သတ်သွားပါတယ်။”

ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို ကျီးကန်မြောက်ရွာနဲ့ လှတောရွာကြားက သရက်ခြံအတွင်းမှာ သတ်ဖြတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၀ အရွယ်အမျိုးသမီးကို စစ်ကောင်စီတပ်တွေက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။ ကျီးကန်တောင်ရွာက စပါးပွဲစားတဦးဆီက ငွေကျပ်သိန်း ၅၁၅ သိန်းကို အတင်းအကြပ် ယူဆောင်သွားသလို ဘုန်းကြီးကျောင်းအတွင်းမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေရဲ့ ငွေကြေး၊ ရွှေတွေနဲ့ ဖုန်းတွေကိုပါ သိမ်းဆည်းယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျီးကန်တောင်ရွာနဲ့ မြောက်ရွာက ရွှေဘို-မန္တလေး ကားလမ်းမပေါ်က ကျေးရွာဖြစ်ပြီး စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ကျေးရွာဖြစ်တဲ့အတွက် မကြာခဏ စစ်ကြောင်းဝင်ရောက်လေ့ရှိပြီးတော့ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာဖြစ်ပါတယ်။ ကျီကန်တောင်ရွာနဲ့ မြောက်ရွာဟာ ဒီသြဂုတ်လထဲမှာ စစ်ကြောင်း ၃ ကြိမ် ဝင်ရောက်ခံခဲ့ရတယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ဒီလအတွင်းမှာတင် ကျနော်တို့ စစ်ဘေးရှောာင်ရတာ ဒါနဲ့ဆိုရင် ၃ ခါမြောက် ပေါ့။ အရှေ့ခေါက်တွေက ဖမ်းဆီးတာတော့ရှိတယ်၊ သတ်ဖြတ်တာတော့ မရှိဘူးဗျ။ ဓားစာခံအဖြစ်ခေါ်သွားတာမျိုး ရှိမယ်၊ ရွာထဲမှာ အရက်သမား ဘာညာလောက်ကျန်ခဲ့ရင် ရိုက်နှက်ထားခဲ့တာမျိုးလောက် အဲ့လိုအတိုင်းအတာမျိုးလေးတွေတော့ ရှိပါတယ်။ သတ်ထားခဲ့တဲ့အတိုင်းအတာဆိုတာကတော့ ဒါပထမဆုံးပါပဲ။ ကျနော်တို့ ကျီးကန်ကတော့။”

ဒီကနေ့မှာတော့ ဒေသခံတချို့က ကျေးရွာတွေကို ပြန်ဝင်လာကြပြီဆိုပေမယ့် တချို့ကတော့ ပြန်မဝင်ကြသေးဘဲ ဆက်ပြီး စစ်ဘေးရှောင်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG