သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတည်ငြိမ်တဲ့စစ်ကိုင်းတိုင်းထဲက ဝက်လက်နဲ့ ယင်းမာပင်အခြေအနေ


ယင်းမာပင် စစ်တိမ်းရှောင်ရွာသားများ (ယခင်မှတ်တမ်းဓာတ်ပုံ)
ယင်းမာပင် စစ်တိမ်းရှောင်ရွာသားများ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကိုင်းတိုင်းထဲမှာ နယ်မြေရှင်းနေတဲ့စစ်တပ်ဟာ ဗုဒ္ဓဟူးနေ့မှာ ဝက်လက်မြို့နယ်ထဲရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒေသခံတွေဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ယင်းမာပင် မြို့နယ်ထဲမှာလည်း စစ်တပ်က သစ်ကွင်းတွေကနေ သစ်တွေသယ်ယူနေပြီး အနီးနားမှာတပ်စွဲထားတာကြောင့် ဒေသခံတွေ နေအိမ်မပြန်ရဲကြဘဲ ရက်အတော်ကြာ တိမ်းရှောင်နေကြရင်း အခက် ကြုံနေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲက နောက်ဆုံး အခြေအနေတွေကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းမြို့နယ်ထဲကကျေးရွာတွေကို နယ်မြေရှင်းနေတဲ့စစ်တပ်ဟာ သြဂုတ်လ ၂၃ ရက်နေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ်အစပ်က ထန်းကြီးကျေးရွာကို ရောက်လာပြီးတပ်စွဲထားပါတယ်။ ဒီလိုရောက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်စစ်ရေးတင်းမာနေတယ်လို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“စစ်ကိုင်းမြို့နယ် ကျွန်းဦးတောကျေးရွာကိုရောက်နေတဲ့စစ်ကြောင်းက ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာမှာ တပ်စွဲထားပြီ။ ဒီနေ့ နေ့လယ် ၁၂ နာရီခန့်လောက်က သူတို့တပ်စွဲတဲ့စစ်ကြောင်းမှာကို ကျနော်တို့ဘက်က မိုင်းတော့ ဆွဲလိုက်တယ်။ မိုင်းဆွဲတဲ့အခြေအနေကို သတင်းကတော့မသိရသေးဘူး။ တိုက်ပွဲတွေဖြစ်မယ်လို့ ယူဆထားတယ်။ လာမယ့်ရက်အတွင်းမှာကို စစ်ရေးက တင်းမာလာတော့မှာ။”

မန္တလေး−မြစ်ကြီးနား ရထားလမ်းဘေးမှာရှိတဲ့ ထန်းကြီးကျေးရွာမှာ စစ်တပ်က တပ်စွဲနေတာကြောင့် ရထားလမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၅ ရွာခန့်က ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။ စစ်တပ်ဟာ ဝက်လက်မြို့နယ်ထဲကို မဝင်ရောက်ခင် စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဒီအတောအတွင်း စစ်တပ်ဟာ ယင်းမာပင်မြို့နယ်ထဲမှာရှိတဲ့ စေသူ သစ်ကွင်းနဲ့ ပတိန်ပြင် သစ်ကွင်းတွေက သစ်တွေကို သြဂုတ်လ ၆ ရက်ကနေ ဒီကနေ့အထိ ရေလမ်းကြောင်းကနေ သင်္ဘောတွေနဲ့ မုံရွာမြို့ကို သယ်ဆောင်နေပါတယ်။ ဒီလို သယ်ယူနိုင်ဖို့အတွက် ဒေသတွင်းမှာ တပ်စွဲ နေရာယူ ထားတာကြောင့် သစ်ကွင်းအနီးနားက ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၃ ထောင်ကျော် စစ်ဘေးတိမ်း ရှောင်နေရတာ အခုဆိုရင် ရက် ၂၀ နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်တွေအတွက် အစား အသောက်ရိက္ခာ အကူအညီတွေ လိုအပ်နေပြီး ဖျားနာသူတွေလည်းရှိနေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“အခုရှောင်နေရတာက ကျောက်မှော်၊ ပတိန်ပြင်၊ အင်းဖျား၊ သံပို၊ စေသူ...။ဖြစ်သလို ရုန်းကန်နေရတာ။ အခြားရွာတွေကနေ လာကူညီတာလေးတွေ အဲ့လိုစားသောက်နေကြရတာလေ။ 'ပြည်သူမှပြည်သူ' အဲ့လိုကူညီနေကြရတာပေါ့။ ရှားပါးလာတာပေါ့။ ပြည်သူကပြည်သူကို ကူညီနေရတာဆိုတော့ မိုးကလည်း ရွာနေတာဆိုတော့ အခက်အခဲတွေ တွေ့နေကြရတာ။ လိုအပ်တာ စားနပ်ရိက္ခာလိုမယ် ဆေးဝါးတွေလိုမယ်။ ဖျားနာတွေရှိတယ်။ မိုးရွာနေချိန် ပြေးလွှားရဖို့ မိုးကာအကျီတွေ လိုမှာပေါ့။”

စစ်ဘေးတိမ်းရှောင်နေရတာ ရက်ကြာမြင့်လာတဲ့အတွက် ကွမ်းခြံတွေပျက်စီးတာအပြင် အစာမကျွေးမွေးနိုင်တဲ့အတွက် အိမ်မွေးတိရစ္ဆာန် သေဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာထဲ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားတဲ့ဒေသခံတွေကို စစ်တပ်ကပစ်ခတ်တာတွေရှိလို့ နေရပ်မပြန်ရဲဘဲ အခုလို ရက်တွေကြာလာတဲ့အထိ စစ်ဘေး တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG