သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံများ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံများ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီကနေ့ တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့သလို၊ ဒေသခံတွေ စစ်ဘေးရှောင်နေရတာ ကတော့ သီတင်း ၁ ပတ်ကျော် ရှိနေပြီလို့ စစ်ရှောင်နေသူတွေက ပြောပါတယ်။ ဒီအတောအတွင်း ယင်းမာပင်မြို့နယ် ထဲမှာလည်း တိုက်ပွဲတွေ ရှိခဲ့ပြီး အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ရေး အခြေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေကိုတော့ ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ နယ်မြေ ရှင်းလင်းနေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား ဒီကနေ့ သြဂုတ် ၇ ရက် မနက်ပိုင်းမှာ ကျေးနင်း ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့တော့ ပုလဲပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ နေရာကို ပစ်တာခင်ဗျ။ ရွာအနောက်ဘက်ကို။ ကျေးနင်း အနောက်ဘက်ကို ဒီဘက်က ပိတ်ထားတယ်။ အထိနာတဲ့အချိန်မှာ လေကြောင်းကနေ လှမ်းခေါ်လိုက်တဲ့အချိန် လေကြောင်းက ရောက်လာတယ်။ ဂျက်ဖိုက်တာ ရောက်လာပြီး ပစ်ခြင်း ခံလိုက်ရတယ်။ တော်တော်ပစ်သွားတယ် ပြောတယ်။ ထိခိုက်ကျဆုံး ဘာညာတော့ ဘာတခုမှ သတင်းမရသေးပါဘူး။”

ဆားလင်းကြီးမြို့နယ်ထဲမှာ နယ်မြေ ရှင်းလင်းရေးလုပ်ပြီး ထွက်ခွာလာတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကတည်းက ပုလဲမြို့နယ်ထဲကို ဝင်ရောက်ပြီး နယ်မြေ ရှင်းလင်းနေတာ ဖြစ်ပါတယ်။ ဒီလို နယ်မြေရှင်းလင်းတာတွေ လုပ်နေချိန်မှာပဲ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပုလဲမြို့နယ်ထဲကို စစ်တပ် ဝင်ရောက်လာတာ သီတင်းတပတ် နီးပါး ရှိနေပြီ ဖြစ်တဲ့အတွက် မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၁ သောင်းနီးပါး စစ်ဘေး တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“စစ်ဘေးရှောင်အနေနဲ့ကတော့ ပုလဲနယ်မှာက ကွေ့ပတ် ရှောင်နေတာဆိုတော့ များမှာ။ ခန့်မှန်းခြေဆိုရင် ၁၂ ရွာ ၁၃ ရွာ ဝန်းကျင်လောက်ရှိမှာ လူဦးရေက ရွာအနေနဲ့ ပြောရမယ်ဆိုရင် ၁ သောင်း ဝန်းကျင်တော့ ရှိမယ်။ အခက်အခဲက ရာသီဥတု အပူကြောင့်ဆိုတော့ ဖျားနာတာလည်း ရှိတာပေါ့ဗျာ။ ဖျားနာတာနဲ့ ပတ်သက်လို့ ကျန်းမာရေး ဆေးးဝါး ပစ္စည်းက အခက်အခဲရှိတယ်။ ကျန်တဲ့ စားဝတ်နေရေးကတော့ ရောက်တဲ့ရွာတွေ အကုန်လုံးက ဝိုင်းဝန်းကျွေးမွေးလို့ စားဝတ်နေရေးက အခက်ခဲကြီး မရှိလှဘူးပေါ့။ တောထဲမှာနေတဲ့သူတွေ အခက်အခဲရှိတာပေါ့။ တချို့က ဆိုင်ကယ်နဲ့ ထော်လာဂျီနဲ့ တိမ်းရှောင်ကြတာ ခြေလျင်တိမ်းရှောင်တဲ့သူတွေ တော်တော်ဒုက္ခရောက်တယ်။ သက်ကြီးရွယ်အိုတွေပေါ့။”

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံများ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံများ

တဆက်တည်းမှာပဲ ယင်းမာပင် မြို့နယ်ထဲမှာလည်း မနေ့ သြဂုတ်လ ၆ ရက်က စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် ၂၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီး တဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ထဲက သစ်တွေထားရှိတဲ့ နေရာကနေ သစ်တွေ သယ်ဆောင်ဖို့ လာရောက်ရာကနေ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“သူတို့က စေသူသစ်ကွင်း သစ်ကွင်းရှိတယ်လေ။ စေသူ သစ်ကွင်း ပတိန်ပြင်သစ်ကွင်း ရှိတယ်လေ။ အဲ့ထဲကို နေရာလာယူတာ အဲ့မှာ သစ်တွေကို သယ်ဖို့ လာသယ်တာပေါ့ အဲ့ဒါကို ကာကွယ်ရင်း တိုက်ပွဲဖြစ်တာ။ သံဘို ပတိန်ပြင် အင်းဖျားပေါ့ အဲ့နားတဝိုက်။ ၁၀ နာရီ ၁၁ နာရီလောက်ကနေ နားလိုက်ဖြစ်လိုက်ပဲ။ ညနေပိုင်း ၃ နာရီလောက်အထိဖြစ်တာ။ လက်နက်ကြီးနဲ့ထုလို့ စစ်ဘေးရှောင် မိန်းကလေး တယောက် ကျဆုံးတယ်။ ဒီနေ့ကတော့ အခုက ငြိမ်နေတယ်။ ၈ နာရီလောက်က သူတို့ဘာသာသူတို့ စေသူ သံဘို အင်းဖျားနားတဝိုက်ကနေ ရမ်းသမ်းပစ်နေတာ။ ကျေးရွာက စုန်းချောင်း၊ သံဘို၊ စေသူ၊ အင်းဖျား၊ ပတိန်ပြင်၊ နဘူးတော၊ ကျောက်ကုန်း၊ နှောပင်အင်းပက်။ အဲ့ရွာတွေ ပြေးနေရတယ်။ လူဦးရေ ကတော့ ခန့်မှန်းခြေ ၃ ထောင်ကျော် ၄ ထောင်လောက်နေမှာပေါ့။”

စစ်တပ်ဟာ မုံရွာတဘက်ကမ်းကနေ ယင်းမာပင်ဘက်ကို စက်လှေတွေနဲ့ ကူးပြီး သစ်ကွင်းမှာ ပုံထားတဲ့ သစ်တွေကို သယ်ယူဖို့ ကြိုးစားရာကနေ တိုက်ပွဲစဖြစ်တာလို့ ဒေသခံတွေက ပြောဆိုကြတာပါ။ ဇူလိုင် ၂၁ ရက်နေ့ ကလည်း အခုတိုက်ပွဲ ဖြစ်နေတဲ့ ကျေးရွာတွေ အနီးမှာရှိတဲ့ စုန်းချောင်း ကျေးရွာကို စစ်တပ်က ညအချိန် ဝင်ရောက်ပြီး နယ်မြေ ရှင်းလင်းတာတွေ လုပ်ခဲ့တာကြောင့် ပြည်သူ့အုပ်ချုပ်ရေး ကာကွယ်ရေးနဲ့ ဒေသခံ အပါအဝင် ၁၄ ဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG