သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ဝက်လက်တောင်ခြမ်း စစ်ဆင်ရေးကြောင့် ဒေသခံ ၅,၀၀၀ ဝန်းကျင် စစ်ရှောင်


စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း မီးရှို့ခံရတဲ့ ဝက်လက်မြို့နယ်ထဲက ကျေးရွာ။ (photo: Wetlet Info Network)
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း မီးရှို့ခံရတဲ့ ဝက်လက်မြို့နယ်ထဲက ကျေးရွာ။ (photo: Wetlet Info Network)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တောင်ခြမ်းကို စစ်ကောင်စီတပ်တွေက အင်အား ၇၀ လောက်နဲ့ ဝင်ရောက် နယ်မြေရှင်းရာမှာ ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးပြီး၊ ကျေးရွာသား ၂ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးစစ်ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် မသိင်္ဂီထိုက် ပြောပြပါမယ်။

ဝက်လက်မြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၂ ရက်နေ့က ဝင်ရောက်လာရာမှာ သာလိုင်းကျေးရွာက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး အသတ်ခံရသလို၊ ဇူလိုင် ၁၃ ရက်နေ့မှာလည်း သုံးဆင့်ကန်ကျေးရွာက နေအိမ် ၁၈၀ ဝန်းကျင်လောက် မီးရှို့ခံရပြီး အသက် ၆၀ အရွယ်အမျိုးသားတဦးလည်း မီးရှို့သတ်ဖြတ်ခံရတယ်လို့ Wetlet Informational network ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနဂါလေးက VOA ကို ပြောပါတယ်။

“၁၂ ရက်နေ့က ကျွန်တော်တို့ ဝက်လက်မြို့ထဲကနေမှ ရထားသံလမ်းရဲ့ အရှေ့ဖက်ကနေပြီးတော့ အနောက်ဖက်ကို ခြေလျင်စစ်ကြောင်း ထိုးတာပေါ့။ အင်အားကတော့ ၇၀ လောက်ရှိတယ်ဗျ၊ စစ်ကြောင်းကတော့ ဒီဝက်လက်မြို့နယ်တောင်ဖက်ကိုထွက်ရင် သာလိုင်းရွာတို့ ဘာတို့ ရှိတယ်ဗျ၊ အဲ့ဒီကိုဝင်တယ်။ သာလိုင်းရွာက အသက် ၆၀ အရွယ် ဦးသံချောင်းဆိုတဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ် ပစ်သတ်သွားပြီးတော့မှ သုံးဆင့်ကန်ရွာကို စစ်ကြောင်း ထပ်ထိုးတယ်။ အဲ့ဒီ ၁၂ ရက်နေ့ပေါ့နော် သုံးဆင့်ကန်ရွာမှာ တပ်စွဲသွားပြီးတော့မှ ဒီ ၁၃ ရက်နေ့မနက်က သုံးဆင့်ကန်ရွာကို မီးရှို့တဲ့ထဲမှာ ကျွန်တော်တို့ ပင်စင်စား ကျောင်းဆရာ ဦးခင်မောင်ဌေးဆိုတဲ့ အမျိုးသားတစ်ယောက်ရော မီးရှို့ပြီးတော့ သတ်ထား ခဲ့သေးတယ်။ အိမ်ခြေကတော့ ၁၈၀ ဝန်းကျင်လောက် ပါသွားတယ်ဗျ၊ နောက်တိုးအိမ်တွေရောဆိုတော့ ၁၈၀ လောက် ဖြစ်သွားတယ်ဗျ။ အိမ်က ၃ ပုံပုံရင် ၁ ပုံတောင် မရှိတော့ပါဘူးဗျ၊ တော်တော်ကုန်သွားပါတယ် တစ်ရွာလုံး နီးပါးပါပဲ။”

သုံးဆင့်ကန်ကျေးရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၈၀ ဝန်းကျင် မီးရှို့ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့ တရက်တည်းမှာပဲ ပေါက်ကန်ကျေးရွာက အိမ်ခြေ ၁၂ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ကိုနဂါးလေးက ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ နယ်မြေအခြေအနေကြောင့် သီးခြားအတည်ပြုဖို့ ခက်ခဲသလို၊ စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီ စစ်ကြောင်းဝင်လာလို့ ဝက်လက်မြို့နယ် တောင်ခြမ်းကကျေးရွာ အနည်းဆုံး ၁၀ ရွာလောက်က ဒေသခံ ၅,၀၀၀ ဝန်းကျင်လောက်ဟာ ဝက်လက်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက ကျေးရွာတွေဆီကို စစ်ဘေးရှောင်နေကြရတယ်လို့ အကူအညီပေးနေသူတဦးက ပြောပါတယ်။

“အခု အနေအထားနဲ့ဆိုရင်တော့ ၁၀ ရွာလောက်တော့ ရှိသွားပြီဗျ။ သာလိုင်း၊ သုံးဆင့်ကန်၊ အဲ့ဒီရှေ့နားက ရွာလေးတွေ ရှိမယ်၊ ပေါက်ကန်၊ ပေါက်ကန်ဘူတာ၊ ပေါက်ကန်ရွာမ၊ ပြီးတော့ ထန်းကြီး အဲဖက်က ရွာတွေ စစ်ရှောင်နေရတယ်ဗျ။ စစ်ရှောင်အရေအတွက်က မနေ့က ခန့်မှန်းထားတာကကို မနေ့က ရှောင်ရတာက ၆ ရွာလောက်ဆိုတော့ ၃,၀၀၀ လောက်ပေါ့။ ခု မရှိဘူးဆို ၅,၀၀၀၊ ၆,၀၀၀ လောက်တော့ ရှိမယ်ဗျ။ အခု သူတို့(စစ်ကြောင်း)က တောင်ဘက်ကို ဦးတည်နေတော့ အနောက်ဘက်နဲ့ အရှေ့ဘက်ကိုပဲ ပြေးနေကြရတယ်ဗျ။”

စစ်ဘေးရှောင်တွေဟာ စစ်ကြောင်းနဲ့ဝေးတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြပြီး ရွာခံတွေက စစ်ရှောင်တွေအတွက် နေထိုင်စားသောက်ရေး ကူညီပေးနေကြတယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဥ် ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်က တဖြည်းဖြည်း ပိုတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေရတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG