သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ခင်ဦးမြို့နယ်တွင်း လက်နက်ကြီးကြောင့် ဒေသခံ ၆ ဦးသေဆုံး


ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင် ပြည်သူများ (photo: C J)
ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင် ပြည်သူများ (photo: C J)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လက်နက်ကြီးအစမှန်ပြီး အခု သီတင်းပတ်ထဲ ကလေးငယ်တွေအပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ခင်ဦးမြို့နယ်ထဲက စစ်ရေးတင်းမာမှုအခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

စစ်ကိုင်းတိုင်း ရေဦးမြို့ တိုင်းရင်းဆေးရုံနဲ့ မြို့အထွက် ကြာပန်းအဝိုင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ခင်ဦးမြို့နယ်ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အခု သီတင်းတပတ်အတွင်း ကလေးငယ်တွေ အပါအဝင် ဒေသခံ ၆ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇူလိုင် ၁၆ ရက်မှာ ဒေသခံ ၁ ဦး၊ ၁၉ ရက်မှာ ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၃ ဦးနဲ့ ဇူလိုင် ၂၀ မှာတော့ ဒေသခံ ၂ ဦး ၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးသမား တဦးက ပြောပါတယ်။ အရပ်သား သေဆုံးမှုတွေနဲ့ပတ်သက်လို့ နယ်မြေအခြေအနေကြောင့် ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

“ရေဦးကနေ တိုင်းရင်းဆေးရုံကနေ လက်နက်ကြီးနဲ့ထုတယ်။ မနေ့ကတော့ သက်ပေးရွာက လက်နက်ကြီးနဲ့ထုတာက ၆ နှစ်အရွယ် ကလေးလေးကတော့ ပွဲချင်းပြီးပေါ့။ ကျန်တဲ့ ၂ ယောက်ကတော့ ဆေးကုသရင်းနဲ့ မနေ့ကပဲ တခါတည်းဆုံးသွားတာပေါ့။ အဲ့ဒါက မနေ့က ၃ ယောက် ဒီကနေ့က မူးသာ ရွာထဲကျတာ။ ကျတာက ဒီကနေ့လည်း နောက်ထပ် ၂ ယောက်ပေါ့။ မနေ့ကနဲ့ဒီကနေ့ကဆို ၅ ယောက် ၁၆ ရက်နေ့က တယောက်ဆိုတော့ ၆ ယောက်ဖြစ်သွားမှာပေါ့။ ဒဏ်ရာရတာကလည်း ၁၆ ရက်နေ့က ၁ ဦး မနေ့က ၅ ဦး အားလုံးပေါင်း ၆ ဦး တိုက်ပွဲတွေက ဒီဘက်မှာ စစ်ကြောင်းလည်း မရှိသလို တိုက်ပွဲလည်း မရှိဘူး။”

စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ်ထဲမှာ တပ်စွဲထားပြီးနောက် ခင်ဦးမြို့နယ်ထဲ မကြာခဏ နယ်မြေရှင်းလင်းရေးတွေ လုပ်သလို၊ ရေဦးမြို့ တပ်စွဲထားတဲ့နေရာတွေကနေ ခင်ဦးမြို့နယ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ဒေသခံတွေရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်တာ မရှိပဲ၊ လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“စစ်ကြောင်းလာလို့ ပစ်တယ်ဆိုလည်း တမျိုးပေါ့။ ကျွန်တော်တို့က ပြီးတော့ ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ အပြန်အလှန် ပစ်ကျခတ်ကြ တိုက်ကျခိုက်ကြရင်းနဲ့ ထိခိုက်မှုဖြစ်တယ်ဆိုရင်လည်းတမျိုး အခုဟာက တိုက်ပွဲလည်း မရှိဘဲနဲ့ကို ပစ်နေတာ။ လှမ်းလှမ်းပစ်တဲ့ လက်နက်ကြီးတွေက ခင်ဦးမြို့နယ်ထဲက ရွာတွေက အကုန်ရောက်တာ။ လက်နက်ကြီးက ၁၂၀ တွေပစ်တယ်။ ၈၁ တွေပစ်တယ်။ အဲ့လက်နက်တွေက မပြတ်ပစ်နေတာဆိုတော့ တော်တော်လေးကို သုံးသပ်ရခက်နေတယ်။ ပြည်သူတွေနေတဲ့ ရွာထဲကိုပစ်တယ်။ ရွာထဲမှာကျတယ် ပြည်သူတွေက မှန်တယ်။ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးမှုတွေဖြစ်တယ်ဆိုတော့ တော်တော်လေးတော့ သုံးသပ်ရခက်တယ်။”

စစ်ကိုင်းတိုင်းအတွင်း PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေပြုပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့်၊ နယ်မြေရှင်းလင်းရေး စစ်ဆင်မှု‌တွေ လုပ်နေရတယ်လို့ စစ်ကောင်စီဘက်က မကြာမကြာ ရှင်းလင်းပြောဆိုလေ့ ရှိပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသတွင်း မူးသာ သက်ပေး ရွာသစ် ချမ်းသာကုန်း ညောင်ပင်ခြံ ဆည်ကြီး ကျေးရွာ ၆ ရွာက ဒေသခံ ၁ သောင်းနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ခင်ဦးမြို့နယ်ထဲမှာ နေအိမ် ၇ ထောင်နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး အကြောင်းအမျိုးမျိုးနဲ့ ဒေသခံ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG