ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် အဝေးပြေး လမ်းမကြီးပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ် တစ်စီးနဲ့ ကုန်တင်ကား တစီး ဒီကနေ့ မနက်ပိုင်းက မျက်နှာချင်းဆိုင်တိုက်မိပြီး ကားမောင်းသူနဲ့ မြန်မာ ၄ ဦးသေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ကားပေါ်ပါလာသူ နောက်ထပ် ၁၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရခဲ့တာကြောင့် နီးစပ်ရာဆေးရုံမှာ ဆေးဝါးကုသနေရတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် အဝေးပြေးလမ်းမကြီးပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ် တစီးဟာ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့အချိန်၊ မျက်နှာချင်းဆိုင်က ကုန်တင်ကားတစီးကို ဝင်တိုက်မိခဲ့ရာက ကားပေါ်ပါလာတဲ့ တရားမဝင် မြန်မာအားလုံး သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
"ဒီနေ့ ၂၀ ရက်နေ့မနက် အစောပိုင်း ၄ နာရီလောက်မှာ ထိုင်းနယ်စပ်တာ့ခ်ပြည်နယ် တာခ့်မြို့အဝေးပြေးလမ်းမကြီးရဲ့မြို့ အဝင်မီးပွိုင့်မှာ ကုန်တင်ယဉ်တစင်းနဲ့ တခြားတဘက်က အရှိန်ပြင်းပြင်းမောင်းလာတဲ့ တရားမဝင်မြန်မာတွေ သယ်လာတဲ့ ပစ်ကပ်ယာဉ်ငယ် တစင်းကို မျက်နှာချင်းဆိုင်ဝင်တိုက်ခဲ့တယ် ပစ်ကပ်ယာဉ်ငယ်က အရှိန်ပြင်းပြင်းမောင်းလာတဲ့အတွက် သူရှေ့က မျက်နှာချင်းဆိုင်က ကုန်တင်ယာဉ်ကို သူကပဲ ဝင်တိုက်ခဲ့တယ် ။ အဲဒီပစ်ကပ်ကားပေါ်က သူတွေက လွင့်စင်ပြုတ်ကျတာတွေ တချို့ကတော့မှောက်နေတဲ့ကားထဲမှာပိတ်မိတာတွေဖြစ်တယ် အဲဒီဖြစ်စဉ်မှာ ၅ ဦး သေဆုံးပြီး ၁၂ ဦးက ဒဏ်ရာရတယ်"
အခင်းဖြစ်ပွားတဲ့ နေရာမှာ ကားမောင်းသူနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ဦးကတော့ ဒဏ်ရာ ရခဲ့တာလို့ တာ့ခ် လူမှုကယ်ဆယ်ရေး အဖွဲ့တွေကလည်း သတင်းထုတ်ပြန် ထားပါတယ်။ ကားပေါ် ပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲ အထောက်အထားမရှိ ဝင်ရောက်လာသူတွေလို့ သိရပြီး ဒဏ်ရာရတဲ့ လူနာအားလုံးကို တာခ့် ခရိုင်အတွင်းက ဆေးရုံကိုပို့ပြီး ကုသနေရတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
"တာခ့်ပြည်နယ်မှာရှိတဲ့ တာ့ခ်မဟာရတ် ဆေးရုံကြီးမှာ ဆက်လက် ဆေးကုသပေးနေဆဲ ဖြစ်ပြီး ဒီလူကုန်ကူးမှာ ပါဝင်ဖြစ်စဉ်မှာ ပတ်သက်နေသူတွေ အားလုံးဖမ်းမိဖို့ တာ့ခ်ပြည်နယ်ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းနေတယ်။ ဒီလိုဖြစ်စဉ်မျိုးကတော့ ၂၀၂၃ ခုနှစ်ထဲမှာ ၃ ကြိမ်လောက် ဖြစ်ခဲ့ပါတယ်"
ဇွန်လအတွင်းကလည်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယ ခရိုင် နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာတွေ သယ်လာတဲ့ယာဉ်တွေ တိမ်းမှောက်ပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ တုန်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပြည်နယ် ရင်ငေါ့ မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား တဒါဇင်ကျော် လိုက်ပါလာတဲ့ ကားတစီး မေလ ၅ ရက်နေ့က တိမ်းမှောက်ပြီး ၂ ဦးကတော့ သေဆုံးသွားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ ပိုမို ဆိုးရွားလာတာနဲ့အမျှ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေသလို၊ လူကုန်ကူးခံရတဲ့ ဖြစ်ရပ်တွေလည်း သိသိသာသာ ပိုဆိုးလာနေတာပါ။ လူကုန်ကူးခံရသူတွေကို သယ်ဆောင်လာတဲ့ကားတွေဟာ ထိုင်းစစ်ဆေးရေးဂိတ်တွေမှာ မရပ်ဘဲ ထွက်ပြေးမောင်းနင်တာ၊ ရှောင်ကွင်း သွားလာတာတွေကြောင့် ယာဥ်မတော်တဆမှု ဖြစ်ပြီး ကားပေါ်ပါလာတဲ့ မြန်မာတွေ သေဆုံးရတဲ့ ဖြစ်ရပ်တွေလည်း အခုနောက်ပိုင်း မကြာခဏ ကြုံလာနေရတာ ဖြစ်ပါတယ်။