သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ခရိုင်နှစ်ခုမှာ မြန်မာ ၂၀ ကျော် တနေ့တည်း ဖမ်းဆီးခံရ


တရားမဝင်မြန်မာတွေပါတဲ့ကား စစ်ဆေးရေးဖြတ်ကျော်ပြီး ယာဉ်တိုက်မိလို့ မီးလောင် (ဇူလိုင် ၅၊ ၂၀၂၃)
တရားမဝင်မြန်မာတွေပါတဲ့ကား စစ်ဆေးရေးဖြတ်ကျော်ပြီး ယာဉ်တိုက်မိလို့ မီးလောင် (ဇူလိုင် ၅၊ ၂၀၂၃)

ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖွန်ခရိုင် နဲ့ ဆူဖန်ဘူရီ ခရိုင်တွေထဲမှာ ဇူလိုင်လ ၃ ရက်နေ့ တနေ့တည်း တရားမဝင် မြန်မာ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ မြန်မာ အလုပ်သမား တွေကို သယ်ဆောင်လာတဲ့ ကားတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမခံဘဲ အရှိန်မြှင့် မောင်းပြေးတာကြောင့် ကားတစင်းကတော့ ယာဥ်တိုက်မှုဖြစ်ပြီး ကားမီးလောင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖွန်ခရိုင်မှာ ဒီလ ၃ ရက်နေ့က တရားဝင် အထောက်အထားမပါတဲ့ မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစင်းဟာ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတာကို မခံဘဲ မောင်းပြေးခဲ့ရာက တခြား ကားတစင်းကို တိုက်မိပြီး ကားမီးလောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ကားပေါ်ပါလာတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက ဗွီအိုအေကို ပြောပြပါတယ်။

"ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖွန် ပြည်နယ်မင်မြို့ ဘန့်နာကျေးရွာ အုပ်စု ဖက်ကစင်အဝေးပြေးလမ်းမကြီး ပေါ်မှာ ဇူလိုင်လ ၃ရက်နေ့က တာဝန်ကျစစ်ဆေးရေး ရဲတွေ စစ်ဆေးမှု ပြုလုပ်နေတုန်းမှာ သံသယဖြစ်ဖွယ်အဖြူရောင် ပစ်ကပ်ကားတစီးကို ရပ်တန့်စစ်ဆေးဖို့ အချက်ပြတားဆီးခဲ့တာကို တားဆီးစစ်ဆေးမခံဘဲ ဒီပစ်ကပ်ကားက အရှိန်မြှင့်ပြီးမောင်းနှင်ခဲ့တာကြောင့် ဒီကားနောက်ကို တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးပါတယ် ။ ဒီလို လိုက်လံဖမ်းဆီးခဲ့ရာမှာတော့ ဒီကားက တခြား ဒေသခံရွာသားတဦးရဲ့ကားတစီးကို ဝင်တိုက်မိပြီး ကားအရှေ့ပိုင်းမီးလောင်ပြီး ပျက်ဆီးသွားတယ် "

ဒီအမူမှာတော့ ကားသမားအပါအဝင် မြန်မာ၁၃ဦးကို ဖမ်းမိခဲ့ပါတယ်။ ကာသမားဟာ ထိုင်းနိုင်ငံထဲကို တောလမ်းကတဆင့် ဒီအလုပ်သမားတွေကို သွားခေါ်လာခဲ့ပြီး ထိုင်းတောင်ပိုင်း ဆုန်ခလာ ခရိုင် ဟတ်ရိုင်မြို့ကို ပို့ပေးရမှာဖြစ်ပြီး ပို့ဆောင်ခအဖြစ် လူကုန်ကူးသူတွေက ငွေကြေးပေးခဲ့တယ်လို့ ဝန်ခံ ထွက်ဆိုခဲ့ပါတယ်။

အလားတူ ဇူလှိုင်လ ၃ ရက် တနေ့တည်းမှာပဲ ဆူဖန်ဘူရီခရိုင်က အဝေးပြေးလမ်းမမှာ တရားမဝင် မြန်မာ ၁၂ ဦး သယ်ဆောင်လာတဲ့ ကားငယ်တစ်စီးဟာလည်း စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော် မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီနောက် လမ်းခုလတ်မှာပဲ ကားကိုရပ်ပြီး ကားမောင်းသူ ထွက်ပြေးသွားခဲ့ပေမဲ့၊ ကားပေါ်ပါတဲ့ မြန်မာ ၁၂ ဦး ကတော့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဟာ မြဝတီကနေ မဲဆောက်ဘက် ကူးလာပြီး လူကုန်ကူးသူတွေက ကားနဲ့ တင်ဆောင် ခေါ်ယူလာတာဖြစ်ပြီး ဆူဖန်ဘူရီခရိုင်မှာ ခုလို အဖမ်းခံရတာဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရားမဝင်မြန်မာအလုပ်သမားတွေထိုင်းမှာ ဖမ်းဆီးခံရ
တရားမဝင်မြန်မာအလုပ်သမားတွေထိုင်းမှာ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ လတုန်းကလည်း ထိုင်းနိုင်ငံထဲမှာ တရားမဝင်မြန်မာ ၂၀၀ လောက် အဖမ်းခံရပြီး စစ်ဆေးရေးဂိတ်တွေက စစ်ဆေးတာကိုမခံဘဲ ထွက်ပြေးတာကြောင့် ယာဉ်တိုက်တာ မီးလောင်တာတွေ ဖြစ်ခဲ့ပြီး သေဆုံးသူ ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

"ပြီးခဲ့တဲ့ဇွန်လထဲမှာ ဖမ်းမိတဲ့တရားမဝင်မြန်မာပေါင်း ၂၀၀လောက်ရှိတယ် အခုလိုမော်တော်ယာဉ်တိမ်းမှောက်တာ မီးလောင်တာတွေကြောင့်သေဆုံးသူက ၅ယောက်ရှိပါတယ်"

မြန်မာနိုင်ငံတွင်း စားဝတ်နေရေး အကျပ်အတည်းတွေ ပိုမို ကြုံတွေ့လာရတာနဲ့အမျှ အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့ မြန်မာတွေ နေ့စဥ်ဆိုသလို ဝင်ရောက်လာနေကြတာပါ။ အလုပ်အကိုင် ရှာဖွေဖို့အတွက် လာကြရင်း မကြာခနဆိုသလို လူကုန်ကူးသူတွေရဲ့ သားကောင်တွေ ဖြစ်ကြရသလို၊ ခုလို လမ်းခရီးမှာ ယာဉ် မတော်တဆမှု တွေ ကြုံရပြီး ထိခိုက် သေဆုံးရတာ၊ ဖမ်းဆီးခံရတာတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG