သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအနိုင်ရပါတီနဲ့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတွေ တွေ့ဆုံမည်


Move Forward Party ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဖြစ်လာနိုင်တဲ့ ဖီထာ လင်ဂျာရွန်ရတ်(Pita Limjaroenrat) ထိုင်းရွေးကောက်ပွဲရလဒ်ကို လူထုအကြားမှာ အောင်ပွဲခံနေစဉ် (ဘန်ကောက်၊ မေ ၁၅၊ ၂၀၂၃)
Move Forward Party ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဖြစ်လာနိုင်တဲ့ ဖီထာ လင်ဂျာရွန်ရတ်(Pita Limjaroenrat) ထိုင်းရွေးကောက်ပွဲရလဒ်ကို လူထုအကြားမှာ အောင်ပွဲခံနေစဉ် (ဘန်ကောက်၊ မေ ၁၅၊ ၂၀၂၃)

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအရေး လုပ်ဆောင်နေတဲ့ ကွန်ရက်တချို့နဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု နိုင်ရထားတဲ့ပါတီတို့ မနက်ဖြန်တွေ့ဆုံပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိစ္စကို ဆွေးနွေးဖို့ရှိပါတယ်။ ထိုင်းအစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံသားတွေအပေါ် ထားရှိမဲ့မူဝါဒ၊ မြန်မာ ဒုက္ခသည်အခြေအနေ စတာတွေကို အဓိကထားပြီး ဆွေးနွေးကြမှာပါ။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က ပြောပြမှာပါ။

စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချို့ဖောက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို အများအပြားရောက်ရှိလာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေရဲ့ အရေးကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ အများစုအနိုင်ရထားတဲ့ Move Forward ပါတီနဲ့ မြန်မာအလုပ်သမားရေးအဖွဲ့တွေ မနက်ဖြန် သောကြာနေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။

အစိုးရသစ်လက်ထက်မှာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ထားရှိမဲ့မူဝါဒ၊ မြန်မာ့နိုင်ငံရေး အခြေအနေ၊ ဒုက္ခသည်အရေးနဲ့ နိုင်ငံရေးကြောင့် ခိုလှုံဝင်ရောက်လာသူတွေ စတဲ့ အချက် သုံးချက်ကို အဓိကထား ဆွေးနွေးသွားမယ်လို့ ထိုင်းအခြေစိုက် ရခိုင်အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးနိုင်အောင်အောင်က ပြောပါတယ်။

" ဒီမှာက အများကြီးရှိတယ်။ MoU သက်တမ်းအုပ်စု၊ ၆နှစ်သက်တမ်းအုပ်စု၊ နယ်စပ်မှာဆိုလည်း အပြာရောင်စာအုပ်ဆိုတဲ့ ပုဒ်မ ၆၄စာအုပ် ကိုင်တဲ့သူတွေကလည်း များစွာရှိသေးတယ်။ ကျနော်တို့ကတော့ သူတို့အတွက် ဖွင့်ပေးလာလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာဆိုတာ မသေချာသေးဘူး။ ကျနော်တို့ ထိုင်းနိုင်ငံမှာရှိတဲ့ အစုအဖွဲ့တွေလည်း ဒါကိုကြိုးစားနေတယ်။ မနက်ဖြန်ဆို လက်ရှိအာဏာရ ဝန်ကြီးချုပ်ဖြစ်မယ်ဆိုတဲ့ Forward ပါတီနဲ့ ဘန်ကောက်မှာ ဆွေးနွေးဖို့ရှိတယ်။ အခြေအနေကတော့ ကိုယ့်အလုပ်သမားအတွက် အကျိုးရှိလာမှာပါ။"

ကော့သောင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင် (ဧပြီ ၁၆၊ ၂၀၂၃)b
ကော့သောင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင် (ဧပြီ ၁၆၊ ၂၀၂၃)b

ထိုင်းနိုင်ငံရေး အစုအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာမှာ အောက်ခြေမှာဖြစ်နေတဲ့ အလုပ်သမားရေးရာ ကိစ္စတွေကို ထင်ဟပ်နိုင်တဲ့ မူဝါဒတွေကို အကြမ်းဖျင်း ဆွေးနွေးထားကြောင်း ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ ဦးမိုးကျော်က ဗွီအိုအေကို ပြောပါတယ်။

ထိုင်းအလုပ်သမားရေး ဌာနကလည်း ကိုဗစ်အလွန်မှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ်ထားတဲ့ မူဝါဒတွေ အများကြီး ဖြေလျှော့သွားမယ်လို့ ၂၀၂၂ နိုဝင်ဘာလထဲမှာ ပြောခဲ့ပါတယ်။ မြန်မာအလုပ်သမား ၉သိန်းလောက် ခေါ်ယူသွားမယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်လို့ ဆက်တိုက်ဝင်လာတဲ့ မြန်မာနိုင်ငံသား အများအပြားအတွက် လူဝင်မှုစည်းကမ်းတွေ ဘယ်လိုချမှတ်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အဆင်ပြေအောင် လုပ်ပေးနိုင်ရင်တော့ နှစ်ဖက်လုံးအတွက် အကျိုးရှိနိုင်သလို၊ ထိုင်းအတွက် ပုံရိပ်ကောင်းတခုလည်း ဖြစ်လာနိုင်ကြောင်း ဦးမိုးကျော်က ပြောပါတယ်။

"ထိုင်းရှေ့နေ အဖွဲ့တွေကတော့ သေချာစနစ်တကျ စာတမ်းတွေ ကျနော်တို့နဲ့အတူတွေ့ပြီး ဆွေးနွေးရယူပြီး ထိုင်းနိုင်ငံရေး အပြောင်းအလဲ အောက်မှာပဲ ဒီ ပြောင်းလဲလာနိုင်တဲ့ ဖြစ်စဉ်မှာ၊ အစိုးရသစ်တရပ် ပေါ်ပေါက်လာတဲ့အခါမှာ ပေါ်လစီအရ ချိန်းနိုင်အောင်၊ အပြောင်းအလဲတွေ ဖြစ်နိုင်အောင်လုပ်ဖို့ ရှိတယ်ဆိုပြီး သူတို့ပြောထားတာ ရှိပါတယ်။ အဲဒီ ဘန်ကောက်မှာရှိတဲ့ လွှတ်တော်ကိုဝင်ရောက်ပြီး ဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးရောက်အောင် ကြိုးစား ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။ အရင်တုန်းကလည်း အောင်မြင်ခဲ့တာမျိုးတွေ ရှိပါတယ်။"

MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေ
MOU နဲ့လာရောက်တဲ့ မြန်မာအလုပ်သမားတွေ

မြန်မာအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာမှာ ထိုင်း ရွေးကောက်ခံပါတီတွေလည်း ပါလိမ့်မယ်လို့ တချို့ကပြောပါတယ်။ Asylum Access Thailand တို့ Rights Beyond Borders (RBB) တို့လို လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တချို့လည်း ပါဝင်နိုင်ကြောင်း ပြောပါတယ်။

လက်ရှိ အိမ်စောင့်အစိုးရလက်ထက်မှာ ရွှေ့ပြောင်း အလုပ်သမားကိစ္စတွေ ဖြေရှင်းတာမှာ အကန့်အသတ်တွေ ရှိပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့ကလည်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အလုပ်သမား ကိုယ်စားလှယ်အဖွဲ့တွေ၊ နိုင်ငံတကာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မဲဆောက်မြို့မှာ တွေ့ခဲ့ကြပါတယ်။ မြန်မာနိုင်ငံသားတွေ ကလေးမွေးဖွားပြီး မွေးစာရင်းလုပ်ရတဲ့ အခက်အခဲ၊ ယာဉ်မောင်းလိုင်စင်နဲ့ ဘဏ်ကတ်အခက်အခဲ၊ အထောက်အထားမဲ့တွေအတွက် ပန်းရောင်ကတ်ထုတ်ပေးဖို့ ရှိ၊ မရှိနဲ့ နေထိုင်ခွင့် သက်တမ်းလွန်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း သူတို့က ပြောပါတယ်။ ထိုင်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားဦးရေက လက်ရှိမှာ ၆သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး နောက်ထပ်လည်း တိုးနေဦးမယ်လို့ အလုပ်သမားရေး အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG