သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့မြန်မာ အာဏာသိမ်းတာ ဘာကွာသလဲ


ထိုင်းနဲ့မြန်မာ အာဏာသိမ်းတာ ဘာကွာသလဲ
please wait

No media source currently available

0:00 0:11:44 0:00

မြန်မာနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့ဟာ ယဉ်ကျေးမှု ဓလေ့ထုံးစံချင်း နီးစပ်ကြသလို၊ စစ်အာဏာသိမ်းမှု မကြာခဏကြုံ ရပုံချင်းလည်း တူညီကြပါတယ်။ စစ်အာဏာသိမ်းမှုရဲ့ဒဏ်ကို ထိုင်းက ပိုမိုခံနိုင်ရည်ရှိပြီး၊ မြန်မာကတော့ အဘက်ဘက်မှာ ဆုတ်ယုတ်ကျဆင်းခဲ့ရပါတယ်။ ဒီနှစ်နိုင်ငံအကြား ဘယ်လို ကွာဟမှုတွေ ရှိနေပါသလဲ။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့ဟာ ယဉ်ကျေးမှု ဓလေ့ထုံးစံချင်း နီးစပ်ကြသလို၊ စစ်အာဏာသိမ်းမှု မကြာခဏကြုံ ရပုံချင်းလည်း တူညီကြပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုရဲ့ ဒဏ်ကို ထိုင်းနိုင်ငံက ပိုမိုခံနိုင်ရည်ရှိပြီး၊ မြန်မာနိုင်ငံကတော့ အဘက်ဘက်မှာ ဆုတ်ယုတ်ကျဆင်းခဲ့ရပါတယ်။ ဒီနှစ်နိုင်ငံအကြား ဘယ်လို ကွာဟမှုတွေ ရှိနေပါသလဲ။ အခုတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ကိုဝင်းခန့်မောင်က ဦးကျော်ဇံသာနဲ့ ဆွေးနွေးတင်ပြထားပါတယ်။

မေး ။ ။ မင်္ဂလာပါ။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ ပြီးခဲ့တဲ့ မေလက မြန်မာ့အိမ်နီးချင်း ထိုင်းနိုုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားပါတယ်။ ဒီရွေးကောက်ပွဲမှာ လူငယ်တွေ ဦးဆောင်တဲ့ Move Forward Party က အနိုင်ရသွားပါတယ်။ ဆိုတော့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအစဉ်အလာ၊ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၄ ခုနှစ်ကနေ အာဏာသိမ်းထားတာကနေ အခုအချိန်မှာ အရပ်သားအစိုးရက ရွေးကောက်ပွဲနဲ့ ပြန်တက်လာတဲ့အခြေအနေအထိ ဖြစ်လာတယ်။ ဒီအခြေအနေကို ကျနော်တို့ ပြန်လည်ပြီးတော့ သုံးသပ်ကြည့်လိုပါတယ်။ ပထမဦးဆုံးမေးခွန်းအနေနဲ့ ထိုင်းနဲ့မြန်မာမှာ အာဏာသိမ်းတာခြင်းက ဘယ်လိုကွာခြားသလဲဆိုတဲ့ မေးခွန်းနဲ့ စချင်ပါတယ်။

ဖြေ ။ ။ အကြမ်းမျဉ်းကြည့်မယ်ဆိုရင်တော့ ထိုင်းမှာ အာဏာသိမ်းပေမယ့် တိုင်းပြည်ဟာ မြန်မာနိုင်ငံလောက် အရပ်စကားနဲ့ပြောရင် ဆုတ်ပျက်သတ်မသွားဘူးပေါ့။ မြန်မာနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က ချွတ်ခြုံကျသွားတယ်။ ထိုင်းမှာကြတော့ အဲဒီလို မဖြစ်ဘူးဆိုတော့ ထိုင်းစစ်တပ်က အာဏာသိမ်းပေမယ့် စီးပွားရေးတို့ကို ဝင်ရောက်စွက်ဖက်မှု မရှိဘူးလို့ အကြမ်းဖျဉ်းအားဖြင့် ဆိုကြတယ်။ ဒါက မြန်မာပြည်က ရှုထောင့်နဲ့ကြည့်တာသာ ဖြစ်ပါတယ်။ တကယ်တော့ တခြားနိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင် ထိုင်းလည်းပဲ အတော်အသင့် ဆုတ်ပျက်သတ်သွားတာပါပဲ။ စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါမှာ။ ထိုင်းမှာက အဓိက ဘာရှိလဲဆိုရင် ထိုင်းမှာ စီးပွားရေးမပျက်ဘူး။ စီးပွားရေးမှာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို မထိခိုက်ပါဘူး။ အဲဒါကြောင့် ထိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေးက ဆက်လက်ပြီးတော့ သွားနေတယ်လို့ ယူဆရပါတယ်။

သို့သော်လဲပဲ ၂၀၁၄ အာဏာသိမ်းပြီးနောက်မှာ စီးပွားရေးဖွံ့ဖြိုးမှုက ကျဆင်းသွားပါတယ်။ အခုနောက်ဆုံး ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးမှုက သုံးရာခိုင်နှုန်းပဲ ရှိတယ်။ သူ့အိမ်နီးချင်း ဗီယက်နမ်နိုင်ငံတောင် ခြောက်ရာခိုင်နှုန်းကနေ ရှစ်ရာခိုင်နှုန်းအထိ တိုးတက်လာတာကို တွေ့ရပါတယ်။ မြန်မာပြည်နဲ့စာရင်တော့ ထိုင်းမှာ အာဏာသိမ်းတာ သိပ်ဆုတ်ပျက်သတ်မသွားဘူး။ အဲဒါမှန်တယ်။ မြန်မာက ပိုဆုတ်ပျက်သတ်သွားတယ်။ သို့ပေမဲ့ အခြားနိုင်ငံတကာ အတိုင်းအတာနဲ့စာရင်တော့ ထိိုင်းမှာလည်း အာဏာသိမ်းတဲ့အတွက် ဆုတ်ပျက်သတ်သွားတာတွေ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာလည်း ဘာကြောင့် အဲဒီလို မဖြစ်နိုင်တာလဲ။ အာဏာသိမ်းတာကလည်း စစ်တပ်ပဲ။ ထိုင်းကလည်း စစ်တပ်ပဲ။ မြန်မာပြည်မှာလည်း စစ်တပ်ပဲဆိုတော့ အဲဒီအပေါ် အန်ကယ်အမြင်ကို တချက်ပြောပြပါအုံး။

ဖြေ ။ ။ နည်းနည်းသမိုင်းကြောင်းကို ပြောရမှာပါ။ ထိုင်းမှာက စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ မြန်မာစစ်တပ်အခန်းကဏ္ဍ ကွာပါတယ်။ ၁၉၃၂ မှာ ထိုင်းနိုင်ငံမှာ သက်ဦးစံပိုင်ဘုရင်စနစ်ကို ဖြုတ်ချပြီးတော့ Constitutional Monarchy စည်းမျဉ်းခံ ဘုရင်စနစ်ကို ပြောင်းခဲ့ပါတယ်။ အဲဒီနောက်ပ်ိုင်းမှာ ဘုရင်စနစ်ကို အဓိကဖြစ်စေဖို့အတွက် အင်အားဖြစ်လာတယ်။ အဲဒီအခါမှာ စစ်တပ်က ဘုရင်စနစ်ကို ကာကွယ်ထိန်းသိမ်းသူအဖြစ် အဲဒီ role ကို ယူလာခဲ့တယ်။ ဘုရင်ကို တကယ့် ဘုရားတပါးလို ကိုးကွယ်ကြအောင် ပြည်သူတွေကို ငယ်ငယ်ကတည်းက သွန်သင်ပြီး၊ လူတွေစိတ်ထဲ အဲဒီလိုဆွဲလာကြတယ်။

မြန်မာပြည်မှာတော့ မြန်မာစစ်တပ်ဟာ အဲဒီလိုမဟုတ်ဘဲ သူတို့အထက်မှာ ဘယ်သူမှ မရှိဘူး။ အာဏာသိမ်းလိုက်ပြီးရင် သူပဲ ဘုရင် ဖြစ်သွားတာပဲ။ စစ်တပ်က အကြီးအကဲပဲ။ ထိုင်းက စစ်တပ်က အဲဒီလို မဟုတ်ဘဲနဲ့ ပြည်တွင်းပြဿနာတွေ ဖြစ်ခဲ့တယ်။ ၁၉၅၀ နောက်ပိုင်းမှာ အဲဒီဟာတွေကို ဘုရင်နဲ့ စစ်တပ်နဲ့ ပူးတွဲပြီးတော့ ကာကွယ်ကြတယ်။ ဘုရင်စနစ် မပျက်သုန်းရေးအတွက်ဆိုပြီး ထိုင်းက လုပ်လာခဲ့ပါတယ်ဆိုတော့ ထိုင်းမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက မြန်မာနိုင်ငံ စစ်တပ်အခန်းကဏ္ဍထက် ပိုပြီးတော့ လူကြိုက်လက်ခံတယ်။ မြန်မာစစ်တပ်ကတော့ ဘုရင်စနစ်ကို အကြောင်းပြစရာ မရှိတော့ တိုင်းပြည်ရဲ့ လုံခြုံရေး၊ အမျိုးသားလုံခြုံရေး National security အရေးကြီးတယ်။ နောက်ပြီးတော့ သောင်းကျန်းမှုကို ကာကွယ်ထိန်းသိမ်းရမယ် အန္တရာယ်ဘာညာဆိုတာ ရမယ်ရှာအကြောင်းပြတယ်။ တချို့ကလည်း အဲဒီလိုဖြစ်အောင် စစ်တပ်ကိုယ်တိုင်က ဖန်တီးထားတာ၊ အကြောင်းပြပြီး အာဏာတည်မြဲအောင် လုပ်တယ်လို့ နှိုင်းယှဉ်သုံးသပ်ကြတာ ရှိတယ်ဆိုတော့ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးရင် လုံးလုံးအာဏာရှင် ဖြစ်သွားတယ်။ အကျဉ်းရုံးပြောရရင်တော့ ထိုင်းမှာတော့ ဘုရင်စနစ် ရှိတဲ့အတွက်ကြောင့် နည်းနည်းပါးပါး ခံသာတယ်လို့ ပြောရင်မှားမယ် မဟုတ်ပါဘူး။

မေး ။ ။ ဒါကတော့ သမိုင်းကြောင်းနဲ့ ယှဉ်ပြီးတော့ စစ်တပ်အခြေအနေကို ယှဉ်ကြည့်တာပေါ့။ ဒီခေတ်ကာလမှာ စစ်တပ်ချင်း - မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်နဲ့ ယှဉ်ကြည့်ရင် ဘယ်လိုများ ပြောလို့ရမလဲ။

ဖြေ ။ ။ စစ်တပ်ဆိုတာ လက်နက်ရှိတယ်၊ အာဏာမက်တယ်။ ငါတို့ လုပ်ချင်တာ လုပ်လို့ရမယ်ဆိုတဲ့ mentality က နှစ်နိင်ငံလုံးမှာ ရှိပါတယ်။ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ကို ပညာရှင်တချို့က ဘယ်လိုပြောသလဲဆိုရင် Predatory khaki capitalist ကာကီယူနီဖောင်း ဝတ်ထားတဲ့ အရင်းရှင်တွေ ဖြစ်တယ်။ တိုင်းပြည်စီးပွားရေးကို ချွတ်ခြုံကျအောင် လုပ်စားနေကြတာပဲ ဖြစ်တယ်။ တကယ့်စီးပွားရေး လုပ်ချင်တဲ့၊ တကယ့်အရင်းရှင်ကြီးတွေ ဖြစ်ပါတယ်။ စီးပွားရေးုလုပ်ငန်းကို နှစ်နိုင်ငံလုံးရဲ့ စစ်တပ်တွေက။ ဒီသဘောနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့အာဏာကို ထိပါးမယ်ဆိုရင် သူတို့ လက်မခံနိုင်ကြဘူး။ စစ်တပ်ရဲ့ အခန်းကဏ္ဍကို သိပ်ပြီးတော့ minimize လုပ်မယ်၊ sideline ဘေးဖယ်လိုက်မယ်ဆိုရင် သူတို့ မကြိုက်ဘူး။ သက်ဆင်လက်ထက်မှာ ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းတာက သက်ဆင်က တိုင်းပြည်ရဲ့ စီးပွားရေးကို သူကိုယ်တိုင် ဖန်တီးနိုင်တယ်။ ကျေးလက်ဖွံ့ဖြိုးရေးကို - ဒီခေတ်စကားနဲ့ပြောရင် populist politician လူကြိုက်များအောင် လုပ်တယ်။ သူက မက်လုံးပေးပြီး မဲဆွယ်တဲ့အခါမှာလည်း ပိုက်ဆံတွေ အများကြီးပေးပြီးတော့ မဲဆွယ်ခဲ့တယ်ဆိုတာကို ကြားဖူးမှာပါ။ ကျေးလက်တွေမှာ လူတယောက် ဆေးကုသတဲ့အခါ ဘတ်သုံးဆယ်နဲ့ ဆေးကုနိုင်အောင် လုပ်ပေးမယ်။ နောက် ရွာတရွာမှာ ထုတ်ကုန်တခု ရှိရမယ်ဆိုပြီးတော့ ဘတ်ငွေ ဘယ်နှစ်သန်းပေးတယ်။ အဲဒါမျိုးတွေက သိပ်ပြီးတော့ လူကြိုက်များတာတွေ လုပ်တော့ ကျေးလက်ပြည်သူတွေက အရင်တုန်းက ဘုရင်က ထိုင်းကျေးလက်တွေကို ကာကွယ်စောင့်ရှောက်ခဲ့တယ်။ Guardian of the rural Thai ဆိုပြီး လုပ်နေတဲ့နေရာမှာ သက်ဆင်က သူလုပ်နိုင်တယ်ဆိုတာကိုပြတော့ ဘုရင်စနစ်ကို ဘေးဖယ်သလိုရောက်တယ်။ ဒါကို စစ်တပ်က မြင်လာတယ်။ သူ့ကိုပယ်ချပြီးတော့ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ သက်ဆင်ကို ဖယ်ရှားပြီးတော့ အာဏာသိမ်းတဲ့အခါ ဘုရင်ကိုယ်တိုင်က စစ်အာဏာသိမ်းမှုကို တရားဝင် အသိအမှတ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ သူတို့နှစ်ခုက အတော်လေး ကွာတယ်လို့ ပြောရပါလိမ့်မယ်။ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်တို့ ကွာခြားချက်၊ သို့သော်လဲ အာဏာကို မက်တဲ့နေရာမှာ၊ သူတို့ရဲ့ ဘဏ္ဍာရေး အသုံးစရိတ်ကို ဖြတ်တောက်ဖို့လုပ်တယ်။ အဲဒါမျိုးတွေကြတော့ သူတို့က လုံးဝလက်မခံနိုင်ကြဘူး။ အတူတူပါပဲ။

မေး ။ ။ တဆက်တည်းမှာပဲ ဘုရင်စနစ်ကြောင့် ပြောရင်လည်း အခုနပြောတဲ့အထဲမှာပါပါတယ်။ မြန်မာမှာကြတော့ ဘုရင်စနစ် မရှိတော့ဘူး။ ထိုင်းမှာကြတော့ ဘုရင်စနစ် ရှိနေသေးတယ်။ ထိုင်းရဲ့ဘုရင်စနစ်က ထိုင်းမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက်ကို ဘယ်လောက် အထောက်အကူ ဖြစ်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ တကယ်တော့ ဘုရင်စနစ်၊ ဘုရင်ဆိုတာက တဦးတယောက်တည်း အာဏာပိုင်တဲ့လူဆိုတော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ပါ တနည်းအားဖြင့်တော့။ ဒါပေမဲ့ ထိုင်းဘုရင်ကို ဘယ်လိုသုံးသပ်ကြသလဲဆိုတော့ stablizing factor of the country တိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းတယ်။ သူကို sideline လုပ်တာ မကြိုက်ဘူး။ ဘုရင်စနစ်ကို ဘေးဖယ်ဖို့လုပ်တာကို သူလည်း မကြိုက်ဘူး။ ဘုရင်စနစ်ကို ကာကွယ်တယ်ဆိုတဲ့ စစ်တပ်ကလည်း မကြိုက်ဘူး။ သူတို့နှစ်ယောက်က ပူးတွဲပြီးတော့ ကာကွယ်ကြမှာပဲ။ ဒါပေမဲ့ စစ်တပ်လုပ်တာ လက်လွန်လာရင်တော့ ဘုရင်က ဆက်မလုပ်နဲ့ တော်တော့ဆိုပြီးတော့ ဆုံးမတယ်။ ဥပမာ ၁၉၉၂ အာဏာသိမ်းတုန်းက ဗိုလ်ချုပ်ကြီးဆူချင်ဒါကိုလည်း ခေါ်ပြီးတော့ ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင်တွေကိုလည်း ခေါ်ပြီးတော့ သူ့ရဲ့ရှေ့မှာ သြဝါဒပြောပြီးတော့ ပြန်လည်သင့်မြတ်စေတယ်။ တကယ်တော့ ဆန္ဒပြတဲ့လူကို သူက အပြစ်ဖို့ပြီးတော့ ပြောတာဆိုတယ်လို့ အထောက်အထားတွေက ပြောပါတယ်။ ဘုရင်က သူ့ကိုဘေးဖယ်ဖို့ ကြိုးစားတာကိုတော့ မကြိုက်ဘူး။ သို့ပေမဲ့ တိုင်းပြည်ကို တည်ငြိမ်အောင်၊ အခြေအနေ သိပ်ဆိုးမသွားအောင်လို့တော့ လုပ်ပြတယ်။ အဲဒါကတော့ ကွာပါတယ်။ ဒီမိုကရေစီကို ကာကွယ်သူတော့ မဟုတ်ဘူး။ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းသူသာ ဖြစ်ပါတယ်။ တကယ်တော့ သူလည်းပဲ သက်ဦးစံပိုင်စနစ်နဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ တိုင်းပြည်မှာ အချမ်းသာဆုံးက ဘုရင်ပါပဲ။ ဘုရင်ရဲ့ စီးပွားရေးကို ဘယ်သူမှ မဝေဖန်ရဲဘူး။ ထိုင်းနိုင်ငံရဲ့ ထူးခြားချက်မှာ Article 112 lese majeste ဆိုတဲ့ ဥပဒေ ရှိပါတယ်။ ဘုရင်စနစ်ကို စော်ကားပြီးတော့ မပြောရဘူး။ ပုတ်ခတ်ပြီးပြောရင်တောင် ရာဇဝတ်မှုမြောက်တယ်။ ထောင်ဒဏ် ဘယ်နှစ်နှစ် ကျခံရမယ်ဆိုတာကို အပြင်းအထန် ပြဌာန်းထားတယ်။ အခုထိလည်း ပြဌာန်းထားဆဲပါ။ အခု ရွေးကောက်ပွဲနိုင်တာကိုတောင် အဲဒီကိစ္စကို ဝေဖန်ကြလို့ မနည်းရှောင်တိမ်းပြီး လုပ်နေကြတာ ဖြစ်ပါတယ်။

မေး ။ ။ ဒီအထိ ခြုံပြောရမယ်ဆိုရင် မြန်မာမှာ စစ်အာဏာသိမ်းမှုမျိုးက ထိုင်းလိုမျိုး ဖြစ်မလာစရာ အကြောင်းမရှိဘူးဆိုတဲ့ သဘောမြောက်တာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီလို ဖြစ်မလာပါဘူး။ မြန်မာက အဲဒီလို ဖြစ်လာမယ့်အစား၊ ထိိုင်းနိုင်ငံမှာ တကယ်တော့ ဘုရင်စနစ်ကို ကန့်ကွက်တဲ့လူတွေ ပိုများလာတယ်။ နောက်ပြီး လက်ရှိဘုရင် ရာမ ၁၀၊ သူ့အဖေကတော့ ရာမ ၉ - သူ့အဖေလောက် လူကြိုက်မများဘူး။ သူ့ရဲ့ စာရိတ္တ ဘာညာကို ဝေဖန်ကြတယ်ဆိုတော့ တချိန်မှာ ဘုရင်စနစ် ပပျောက်သွားမယ်ဆိုရင်တောင် စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုက stablizing တည်ငြိမ်အောင် ထိန်းသိမ်းရေးထက် ပိုပြီးတော့ ပြင်းထန်လာမယ်လို့ ထင်ပါတယ်။ အဲဒီလိုဆိုရင် တနည်းအားဖြင့် မြန်မာပြည် ထိုင်းလိုဖြစ်မယ့်အစား၊ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းမှုက မြန်မာလိုပုံစံမျိုးတောင် ဖြစ်သွားနိုင်တယ်လို့ ထင်တယ်။ ဒါက အဆိုးမြင်တယ်လို့ ပြောရကြမယ်။ ဒါပေမဲ့ အင်ဒိုနီးရှားမှာကြတော့ စစ်တပ်မှာ ဗိုလ်ချုပ်ကြီးဆူဟာတိုက ပြန်ပြီးနောက်ဆုတ်သွားပြီးတော့ သူ့ရဲ့ ဒုတိယလူကို တင်ပေးခဲ့တယ်။ နောက် စစ်တပ် တဖြည်းဖြည်း ဆုတ်သွားတာကို တွေ့ရတယ်ဆိုတော့ အဲဒီအတိုင်းလည်း ဖြစ်သွားနိုင်တယ်။ သို့သော် အင်ဒိုနီးရှား ဒီမိုကရေစီကိုလည်း Perfect လို့ မပြောကြပါဘူး။ လူ့အခွင့်အရေး ဘာတွေမှာ အများကြီး အားနည်းသေးတာတွေ ရှိပါသေးတယ်။

မေး ။ ။ မြန်မာ့နိုင်ငံရဲ့နဲ့ ပြန်ချိတ်ပြောရင် အခု ထိုင်းမှာ ဝန်ကြီးချုပ် ဖြစ်နိုင်ချေရှိတဲ့ Move Forward Party ရဲ့ ခေါင်းဆောင် ဖိထာ လင်ဂျရွန်ရတ်က မြန်မာနိုင်ငံ တည်ငြိမ်ရေးကို သူက ဆောင်ကျဉ်ပေးနိုင်တယ်။ ဒီအတွက် အာဆီယံကို လမ်းညွှန်ပေးနိုင်မယ်ဆိုတာတွေကို သူက ပြောနေတာတွေကို ကြားရပါတယ်။ ဒီအပေါ်မှာ ဦးကျော်ဇံသာအနေနဲ့ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ မြန်မာပြည်ကို တည်ငြိမ်အောင် လုပ်မယ့်အစား ခင်များတို့ တိုင်းပြည်ကိုပဲ ခင်များ တည်ငြိမ်အောင် လုပ်ပါအုံးဗျာ။ ခင်များ အာဏာရအောင် တကယ်ခိုင်မာတဲ့ အစိုးရဖွဲ့နိုင်အောင် ကြိုးစားပါအုံးလို့ ပြောရမလို ဖြစ်နေပါတယ်။ တကယ်တော့ အာဆီယံနိုင်ငံတွေမှာ ထိုင်းက မြန်မာနဲ့ အရင်းနှီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ သူက စစ်တပ်ကို နည်းနည်းဖီဆန်တဲ့သဘော ရှိတဲ့အင်အားစု ဖြစ်တယ်။ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်တို့က အင်မတန်ရင်းနှီးကြတာ။ သူ့အစိုးရ တက်လာပြီး၊ သူသာ အစိုးရ ဖွဲ့ဖြစ်ခဲ့မယ်ဆိုရင် မြန်မာစစ်တပ်က ပျော်ရွှင်ပါမလား။ သိပ်ဘဝင်ကျပါ့မလား၊ ကြိုက်ပါ့မလားဆိုတာ ပြောစရာ ဖြစ်ပါတယ်။ သူက အဲဒီလိုပြောတယ် မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် ငါတို့ ကူညီနိုင်တယ်ပြောပြီး မကြာခင်မှာပဲ မြန်မာစစ်ကောင်စီက ဒုတိယအကြီးအကဲကလည်း နယ်စပ်ဒေသကလည်း သူ့တပ်တွေကို ညွှန်ကြားတယ်လို့ သတင်းရရှိတယ်။ ထိုင်းနယ်စပ်ကို အဓိကထားပြီကြည့်ကြဆိုပြီး သတိနဲ့ တုံ့ပြန်ထားတယ်လို့ သတင်းတွေကို ကြားရပါတယ်။ မြန်မာနိုင်ငံအရေးကို သူက ဆောင်ကျဉ်ပေးနိုင်ဆိုတာကတော့ သိပ်ဖြစ်နိုင်တဲ့ကိစ္စလို့ ကျနော် မမျှော်လင့်ပါဘူး။

ကိုဝင်းခန့်မောင် ။ ။ အခုလို ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်လို့ စစ်တပ်၊ ဘုရင်စနစ်တွေ၊ နောက်ဆုံး ရွေးကောက်ခံ ပါတီနဲ့ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ အခုလို အန်ကယ်ဦးကျော်ဇံသာရဲ့ အမြင်တွေကို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG