သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ရာထူးကအနားယူဖို့ကြေညာ


ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ

ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီး ၉ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဟာ ရာထူးက အနားယူတော့မယ်လို့ ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ ပရာယွတ်ရဲ့ စစ်တပ်ကျောထောက်နောက်ခံပြု United Thai Nation ပါတီဟာ အမတ်နေရာ ၅၀၀ မှာ ၃၆ နေရာသာ အနိုင်ရရှိခဲ့ပြီးနောက် အခုလို ကြေညာလိမ့်မယ်လို့လည်း အများက ခန့်မှန်းထားတာပါ။ဒါပေမဲ့ သူဟာ အစိုးရသစ်မဖွဲ့မချင်း အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် ယာယီ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဘုရင်ကို သစ္စာခံသူတဦးဖြစ်တဲ့ ထိုင်းစစ်တပ်ရဲ့အကြီးအကဲဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ စစ်အစိုးရကို ဦးဆောင်ခဲ့ပြီး၊ နောက်ထပ် ၄ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ဖို့ ပါလီမန်ကနေ ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ကတော့ သူအုပ်ချုပ်တဲ့ ကာလမှာ အောင်မြင်မှုတွေ ရခဲ့ကြောင်း ပြောဆိုခဲ့တာပါ။ သူဟာ ဝန်ကြီးချုပ်တယောက်အနေနဲ့ နိုင်ငံတော်၊ သာသနာ၊ ဘုရင်စနစ်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းနဲ့၊ ယခုရလဒ်ဟာ ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ဆောင်တာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၉ နှစ်တာ အုပ်ချုပ်မှုအတွင်း တရားဝင် ကိုယ်စားပြုမှု မရှိဘူးလို့ အတိုက်အခံတွေက မြင်ကြတဲ့ ဝန်ကြီးချုပ် ပရာရွတ်ဟာ အမှုအခင်းတွေ၊ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်ခံရတာတွေ၊ လမ်းပေါ် ဆန္ဒပြပွဲတွေကိုလည်း ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။

လာမယ့် ကြာသပတေးနေ့ကျရင် လွှတ်တော်သစ်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဝန်ကြီးချုပ် ပရာရွတ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်လာမလဲ ဆိုတာကတော့ အခုအချိန်အထိ မရေမရာ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG