Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat (ဖိထာ လင်ဂျာရွန်ရတ်) ကိုဝန်ကြီးချုပ်အဖြစ် ခန့်ရေး၊ မခန့်ရေးနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်က ဇူလိုင် ၁၃ ရက်မှာ မဲခွဲဆုံးဖြတ်မယ်လို့အောက်လွှတ်တော်ဥက္ကဋ္ဌသစ်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ဒီမိုကရေစီလိုလားတဲ့ ဖိထာ ဦးဆောင်တဲ့ Move Forward ပါတီဟာ ပြီးခဲ့တဲ့ မေလ၁၄ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး ရရှိထားပေမဲ့လည်း အစိုးရဖွဲ့နိုင်မယ်၊ဒါမှမဟုတ် နိုင်ငံကို ဦးဆောင်မယ်ဆိုတဲ့ အာမခံချက်တော့ မရှိသေးပါဘူး။
Move Forward ပါတီဟာ Pheu Thai (ဖုဝပ် ထိုင်း) ပါတီအပါအဝင် ပါတီ ၈ ခုနဲ့ မဟာမိတ်ဖွဲ့ထားပြီး၊ လက်ရှိမှာ စုစုပေါင်း အမတ်နေရာ ၃၁၂ နေရာကို ရရှိပေမဲ့လည်း ဖိထာ ကို ဝန်ကြီးချုပ်ရာထူးခန့်အပ်နိုင်ဖို့အတွက်ကတော့ လွှတ်တော် နှစ်ရပ်လုံးရဲ့ ထောက်ခံမဲ ၃၇၆ မဲရဖို့ လိုအပ်နေပါတယ်။
မနေ့ အင်္ဂါနေ့ကမှ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ခန့်အပ်ခံရတဲ့ ဝါရင့်လွှတ်တော်အမတ် Wan Muhamad Noor Matha (ဝန် မွတ်ဟာမတ် နူးရ် မာသာ) က ဝန်ကြီးချုပ်ရွေးချယ်ရေးအတွက် ဇူလိုင် ၁၃ ရက်မှာ ပူးတွဲလွှတ်တော်အစည်းအဝေး ကျင်းပဖို့ကို စီစဉ်ထားတာပါ။
သူက ဖိထာကို ဝန်ပြီးချုပ်အဖြစ်ရွေးချယ်ဖို့အတွက် လိုအးပ်တဲ့ “၃၇၆ မဲ မပြည့်ဘူးဆိုရင် နောက်ထပ် မဲပေးတဲ့အစီအစဥ◌်ကို ဆက်လုပ်သွားမယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဖိထာ ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက်ကြိုးပမ်းမှုမှာ လွှတ်တော်အပြင် တခြား စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဝန်ကြီးချုပ်ရာထူး အရွေးခံဖို့ အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေးဖို့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လကပဲ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့တာပါ။