သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘိုမြို့နယ်တွင်းလေကြောင်းတိုက်ခိုက်မှု ဒေသခံ နှစ်ထောင်ကျော်တိမ်းရှောင်


စစ်ရှောင်ဒုက္ခသည်များ (Photo: C J)
စစ်ရှောင်ဒုက္ခသည်များ (Photo: C J)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို ဇူလိုင် ၁၇ရက်နေ့က စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေ့ တရက်ထဲမှာပဲ ကောလင်းမြို့နယ်မှာလည်း ကျေးရွာတွေရှိရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းဘက်က အခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ ရွှေဘိုမြို့နယ်ထဲက တကန်သာကျေးရွာနဲ့ ညောင်ကန်ကျေးရွာနားမှာ အင်အား ၄၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ‌ဒေသကာကွယ်‌ရေး အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြပြီး နေ့လယ် ၂ နာရီ ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က Mi 35 စစ်လေယာဥ်နဲ့ တကန်သာကျေးရွာကို ၇ ကြိမ် လှည့်ပတ်ပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင် မျက်မြင် ကြုံခဲ့ရတဲ့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

"လေယာဥ်နဲ့ပဲ ဗုံးတွေချတာ၊ နေအိမ် ၄ အိမ် မီးလောင်ပြီး တစ်ဦးဒဏ်ရာရတယ်။ အကြိမ်ရေကတော့ ၇ ကြိမ် ၈ ကြိမ်လောက်ကို ရှိတယ်။ အောက်ကို စိုက်စိုက်ကျတဲ့အချိန် မြင်နေရတာပဲ။ တန်းပြီးတော့ ကျတဲ့အလုံးတွေရော။ အပတ်ရေ ပျံပြီး လှည့်လည်ပတ်တာကတော့ ၇ ပတ် ၈ ပတ်လောက်ပတ်တယ်။ တကြိမ်ပစ်ရင် ၁၈ လုံးလောက်နဲ့ ၇ ပတ် ၈ ပတ်လောက်ပစ်တာ။ ဒီနေ့မနက် ရဟတ်ယာဥ်က တကြိမ် လာသေးတယ်။"

ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲတွေကတော့ ဒီကနေ့မနက်ပိုင်းအထိ ဖြစ်နေကြတုန်းပဲလို့ လည်း ဒေသကာကွယ်ရေးအဖွဲ့တွေ ကရော ဒေသခံတွေကပါပြောပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ မနက်ပိုင်းက ရွှေဘို ဒီဂရီကောလိပ်ကနေ စစ်ကောင်စီ စစ်ကြောင်း ထွက်လာတာ ဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက တကန်သာကျေးရွာအပါအဝင် အနီးဝန်းကျင်ကကျေးရွာအနည်းဆုံး ၇ ရွာလောက် တောထဲမှာ စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က ခုမှရှောင်ကြရတာပါ။ မနေ့တုန်းက ဖြစ်တဲ့ ဖြစ်စဥ်က ဆည်ကြီး၊ ကြိုးကြာ၊ တကန်သာ၊ သပြေသစ်ချို၊ ကုန်းကြီး၊ ညောင်ကန်၊ ကျောက်မန်းကန်၊ သစ်ချိုပင် အဲ့ဒီက ဒေသခံတွေ အကုန်လုံး တိမ်းရှောင်နေရတာပေါ့။ အရှေ့ဘက်က တောတွေထဲ လုံး (ပြေး) နေကြရတာပေါ့။ တကန်သာက လူတွေက။ လူဦးရေခန့်မှန်းချက်ကတော့ စစ်ရှောင်လူဦးရေအရေအတွက်ဆိုရင် အတော်များမှာ။ လူဦးရေ ၂၀၀၀ ကျော်လောက် ရှိမယ်။ တောထဲမှာပဲ သစ်ပင်ရိပ် ကောင်းတာလေးတွေ ကပ်နေရတာ။"

လက်ရှိစစ်ရှောင်ကြရတဲ့ ကျေးရွာတွေက ဒေသခံတွေအတွက် စားသောက်နေထိုင်ရေးနဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ရှောင် ကူညီသူတွေကလည်း ပြောပါတယ်။

ဒီအတောအတွင်း စစ်ကိုင်းတိုင်းအတွင်းမှာပဲ ကောလင်းမြို့နယ်မှာတော့ ထွေအုပ်ရုံးဝင်းထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ အနီးဝန်းကျင် ကျေးရွာက ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကောလင်းမြို့နယ် ပ.က.ဖ အဖွဲ့ဝင် ကိုရောင်နီက ပြောပါတယ်။

"၁၇ ရက်နေ့က ည ၁၀ နာရီဝန်းကျင်လောက်မှာ ကောလင်းမြို့ ရုံးထဲကနေ လက်နက်ကြီးနဲ့ ရမ်းပစ်လိုက် တာဗျ။ အဲ့မှာကရာကုန်းကျေးရွာကိုကျပြီးတော့ အိမ်ပေါ်ကျပြီးတော့မှ ထိခိုက်တာက အားလုံးပေါင်း ၆ ယောက်ဖြစ်သွားတယ်ဗျ။ အဲ့နေ့က သူတို့ ထွေအုပ်ရုံးထဲကနေ ၈ လုံးလောက် ပစ်တယ်ဗျ။ တခြားအလုံး တွေကတော့ လွတ်တဲ့နေရာကျပြီးတော့မှာ တစ်လုံးက အဲ့အိမ်ကို သွားကျတယ်ဗျ။ ဒဏ်ရာက ကျတော့ အဲ့မှာ တစ်အိမ်တည်းနေတဲ့ မိသားစုက ဒေါ်ဝိုင်းရွှေဗျ သူက ညာလက် ညာပေါင် ထိတယ် နည်းနည်းတော့ စိုးရိမ်ရတယ်ဗျ။ ကျန်တဲ့သူတွေ ကတော့ အစအနလေး မှန်တဲ့ မစိုးရိမ်ရတဲ့ဒဏ်ရာပေါ့။”

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း အတွင်းမှာ စစ်ကောင်စီရဲ့ ခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက် တာတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ မကြာခန ရှိနေသလို၊ ကျေးရွာတွေ မီးရှို့ခံရပြီး စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံ အရေအတွက်ကလည်း တနေ့တခြား ပိုပြီးများလာနေပါ တယ်။ မြန်မာစစ်တပ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာဒီဒေသကျေးရွာတွကို အခြေစိုက် ပြီးအကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG