သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်အနီး တိုက်ပွဲပြင်းထန်နေ 


မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY-PDF
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY-PDF

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်က ကျောက်မဲလေး ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY-PDF နဲ့ တအာင်းတပ် TNLA တို့ ပူးပေါင်းတိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တချိန်တည်းမှာတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဝှေခါ နဲ့ နမ့်တိန် ဘက်မှာလည်းတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲသတင်းတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးဟာ ၂လခွဲနီးပါး ကြာမြင့်လာချိန်မှာတော့ တိုက်ပွဲတွေဟာ မန္တလေးတိုင်းဘက်အထိ ပျံနှံ လာနေတာဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ တအာင်းတပ် TNLA နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY-PDF ပူးပေါင်းတပ်တွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အစွန်က ကျောက်မဲလေး ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ လက်ရှိ တိုက်ပွဲအခြေအနေကို PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက VOA ကို အခုလို ပြောပါတယ်။

“မနေ့ကတော့ တိုက်ပွဲပြင်းထန်ပြီးတော့မှ ဒီညနေနဲ့ မနက်ကအထိကတော့ ဘာမှ တက်လာတာ မရှိသေးဘူး။ မနေ့ကျတော့ ဒီ မန္တလေး PDF နဲ့ ပူးပေါင်းပြီးတော့မှ ဒီ ကျောက်မဲလေး ကျေးရွာမှာ တိုက်ပွဲဖြစ်တယ်။ အခြားဟာတွေက တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ စစ်ကောင်စီက လေကြောင်းလိုင်း အသုံးပြုပြီးတော့မှ ဗုံးကြဲ တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ မနေ့က ဒီ ဗုံးကြဲတိုက်ခိုက်တဲ့နေရာက ကွတ်ခိုင်ဘက်မှာ ရှိမယ်။ ပြီးရင် လားရှိုးဘက်မှာ ရှိမယ်ပေါ့နော်။ ပြီးရင် နောင်ချိုဘက်မှာ လွိုင်ဆမ်ဆစ် ကျေးရွာမှာလည်း ရှိမယ်။ မြန်မာလို သုံးဆယ်ကျေးရွာပါ။”

TNLA သတင်းထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့နယ်၊ ကျောက်မဲလေး ကျေးရွာလို့ ဖော်ပြထားပြီး ဒီလ ၉ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ၈ကြိမ်၊ MI 35 ရဟတ်ယာဉ်နဲ့ ၃ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကျောက်မဲလေး ကျေးရွာ စခန်းတိုက်ပွဲဟာ ဒီလ ၆ ရက်နေ့က စတင်ခဲ့တာပါ။

ကျောက်မဲလေး ကျေးရွာဟာ ပြင်ဦးလွင်မြို့နဲ့ ၁၀ မိုင်ကျော်ခန့်သာကွာဝေးပြီး နောင်ချိုမြို့နယ် အစပ်မှာ တည်ရှိတာ ဖြစ်သလို ဒီလ ၃ရက်နေ့က TNLA နဲ့ MDY-PDF ပူးပေါင်းတပ်တွေ သိမ်းယူခဲ့တဲ့ သံဘို ကျေးရွာတပ်စခန်းနဲ့ အလှမ်းမကွာတဲ့နေရာမှာ တည်ရှိတာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဝှေခါ နဲ့ နန့်တိန်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာ ၅ရက်ခန့် ရှိနေပြီဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲအခြေအနေကိုတော့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်တာကတော့ အဓိကကတော့ အဲဒီ ဝှေခါ တို့၊ နန့်တိန် တို့ဘက်မှာ ဖြစ်ပါတယ်။”

အင်္ဂါနေ့ မနက်ပိုင်းက အရပ်ဝတ်နဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ဖမ်းဆီးတာတွေ ရှိခဲ့ကြောင်း ဆက်ပြောပါတယ်။

“ ဟုတ်ကဲ့၊ အဲဒါလည်း ပြောကြပါတယ်။ သူတို့ စစ်ကူလာတယ်တဲ့။ စစ်ကူလာတာ စစ်ယူနီဖောင်းနဲ့ မဟုတ်ဘဲနဲ့ အရပ်ဝတ်နဲ့ လာတယ်တဲ့။ သူတို့ရဲ့လက်နက်တွေဘာတွေလည်း ဒီ ခရမ်းချဉ်သီးတောင်းတို့ထဲမှာ ထည့်ပြီးမှ လာတယ်လို့ ပြောကြတယ်။ အဲဒါကို ကျနောတို့ KIA ဘက်က တားပြီးမှ စစ်ဆေးတော့ သေနတ်တွေလည်း မိတယ်။ သူတို့လည်း စစ်သားတွေဖြစ်နေလို့ ဖမ်းထားတယ်လို့တော့ ပြောတယ်။ နောက်ပိုင်းကတော့ ဆက်ပြီးတော့မှ မကြားတော့ဘူး။ ကားထဲမှာ ပါတာတော့ ၁၁ယောက်ဆိုလား အဲလိုတော့ ပြောကြတယ်။ ”

ဒေသတွင်း ကချင်သတင်းဌာနအချို့က KIA က ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တဦးသေဆုံးပြီး ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြပါတယ်။ ဖားကန့်မြို့နယ် ဝှေခါ မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံ ၂ထောင်ကျော်ဟာ ဆိပ်မူ ရွာကို တိမ်းရှောင်လာကြသလို နန့်တိန်ရွာက ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဒီလ ၉ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းဆွေးနွေးရေးအဖွဲ့နဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြောင်း ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒီဆွေးနွေးပွဲမှာ ရှေ့ဆက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းရပ်တွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG