သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတို့စခန်းတွေအပေါ် စစ်တပ်တိုက်ခိုက်လို့ TNLA ပြော


စစ်ကောင်စီက ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်သေဆုံးရှိခဲ့ကြောင်းထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၂၀၊ ၂၀၂၄)
စစ်ကောင်စီက ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်သေဆုံးရှိခဲ့ကြောင်းထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၂၀၊ ၂၀၂၄)

စစ်တပ်နဲ့ ယာယီအပစ်အခတ်ရပ်ထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့ထဲက တအာင်း TNLA တပ်တွေရှိတဲ့ မြို့နယ် ၃ ခုအပေါ် စစ်တပ်ဘက်က တိုက်ခိုက်နေတယ်လို့ TNLA ကပြောပါတယ်။ ဇွန်လဆန်းထဲက စလို့ ၂ ဘက် စစ်ရေးတင်းမာနေတာဖြစ်ပြီး အခုလို သူတို့ တပ်စခန်းတွေအပေါ် လာတိုက်တာဖြစ်တယ်လို့ TNLA က VOA ကိုပြောပါတယ်။ ဇွန်လ ၁၈ ရက်နေ့ထဲက စတင်ဖြစ်နေတဲ့ တိုက်ခိုက်မှုအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့ကြား ၂၀၂၄ နှစ်ဆန်းပိုင်းက တရုတ်ရဲ့ကြားဝင်ပေးမှုနဲ့ ယာယီအပစ်အခတ်ရပ်စဲထားခဲ့ပေမဲ့ အခုဇွန်လထဲမှာတော့ ညီနောင်မဟာမိတ်အဖွဲ့ထဲမှာပါတဲ့ TNLA တအာင်းတပ်တွေအပေါ် စစ်တပ်ဘက်က တိုက်ခိုက်နေတယ်လို့ TNLA ကပြောပါတယ်။ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၂ ခုမှာရှိနေတဲ့ သူတို့တပ်စခန်းတွေအပေါ် တိုက်ခိုက်တာလို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီက ကျမတို့ဒီ တပ်စခန်း ရှိရာ နောင်ချိုမြို့ရယ်၊ မိုးမိတ်မြို့ရယ်၊ ပြီးရင် မိုးကုတ်မြို့ရယ် အဲဒီနေရာ ၃ခုကို ဦးတည်ပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီ ၂ ရက်၊ ၃ ရက်အတွင်းမှာ ကျမတို့ ရင်ဆိုင်နေရတာက လေကြောင်းပေါ့နော်၊ ဂျက်ဖိုက်တာ သုံးပြီးတော့ တိုက်ခိုက်တာမျိုးလည်း ရှိသလို နောက်တခုက ဒရုန်းပေါ့နော်။ ဒရုန်းက တရက်ကို ၂ ကြိမ်နဲ့ လာကြဲတိုက်ခိုက်တာမျိုးတွေ ရှိတယ်။ နောက်တခုက လက်နက်ကြီးပေါ့နော်။ သူတို့ မြို့တွင်းမှာနေပြီးတော့မှ လက်နက်ကြီးတွေ ပစ်နေတာမျိုးတွေလည်း ရှိပါတယ်။”

TNLA တပ်တွေရော စစ်တပ်တွေပါ အခုဇွန်လဆန်းပိုင်းထဲက စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး စစ်ရေးတင်းမာနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် TNLA ဘက်က သေဆုံး ဒဏ်ရာရမှုတွေရှိတယ်လို့ ပြောခွင့်ရက VOA ကိုပြောပြပါတယ်။

“မနေ့ အချိန်ထိပေါ့။ ကျမတို့ဆီမှာ ကျမတို့ တပ်သား ၃ဦး အသက်ပေးလှုသွားပြီးတော့မှ ၆ဦး ဒဏ်ရာရသွားတာမျိုးတွေ ရှိပါတယ်။”

စစ်တပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား ဇန်နဝါရီလက ဟိုင်ဂင်သဘောတူညီချက်ရခဲ့ပြီးနောက် တိုက်ပွဲတွေ ငြိမ်တွေခဲ့ပေမဲ့ ဒီလအတွင်းမှာ သူတို့ကို ဦးတည်တိုက်ခိုက်လာတာ ၁၀ ကြိမ်လောက်ရှိပြီလို့ လွေးယေဦးက ပြောပါတယ်။

“ ဒီ ဟိုင်ဂင် သဘောတူညီမှုနောက်ပိုင်းမှာတော့ ကျမတို့ကို ဦးတည်ပြီးတော့ တိုက်ခိုက်တာက အဲလိုမျိုးတော့ မရှိသေးဘူးပေါ့နော်။ ဒီလအတွင်းမှာက ကျမတို့ကို ပိုပြီးတော့မှ ဦးတည်တိုက်ခိုက်တယ်ပေါ့နော်။ နောက်တခုက အရပ်သားကို ဦးတည် တိုက်ခိုက်တာလည်း ဖြစ်တယ်။ ဒီလ ပြန်ချုပ်မယ်ဆို ၁၀ကြိမ်ရှိလောက်ပြီပေါ့လေ။ ”

ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေမှာ အရပ်သား သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ ရှိခဲ့သလို နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေ ပျက်ဆီးတာတွေရှိကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ အခုလို TNLA တပ်စခန်းတွေအပေါ် စစ်တပ်က တိုက်ခိုက်နေတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

TNLA တအာင်းတပ်၊ MNDAA ကိုးကန့်တပ်နဲ့ AA အာရက္ခတပ်တွေပါတဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးတွေထိခိုက်ခဲ့သလို တရုတ်နိုင်ငံ နယ်စပ်အထိ တိုက်ပွဲဂယက်တွေ ရိုက်ခတ်ခဲ့တာကြောင့် တရုတ်အစိုးရ ကြားဝင်ပေးမှုနဲ့ တရုတ်နယ်စပ် ဟိုင်ဂင်ဟိုတယ်မှာ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက် ဆွေးနွေးခဲ့ကြပြီး ယာယီအပစ်ရပ်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG