သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမှာ စစ်ရေးတင်းမာနေတဲ့ သတင်းတွေထွက်ပေါ် 


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင်း တနေရာ (နိုဝင်ဘာ ၇၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင်း တနေရာ (နိုဝင်ဘာ ၇၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်တင်းမာတာတွေမြင့်တက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီကနေ့အထိကတော့ လားရှိုး- မန္တလေးလမ်းဟာ အသွားအလာတွေ ဆက်လက် ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေ အကြား တိုက်ပွဲဖြစ်မှာကို စိုးရိမ်တဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကတော့ တစုံတရာ သတိပေးပြောကြားတာမရှိဘူးလို့လည်း ပြောကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ လားရှိုးမြို့က နောက်ဆုံး အခြေအနေကို ကိုစံကျော် တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်က လားရှိုးမြို့မှာ စစ်အင်အားဖြည့်တင်းတာနဲ့ ညီနောင် မဟာမိတ်တပ်တွေက လားရှိုးအနီးကို အင်အားအများအပြားရောက်လာနေပြီး စစ်ရေးတင်းမာနေတယ်ဆိုတဲ့ သတင်းနဲ့ အတူ လားရှိုးမြို့ အဝင်အထွက်ကို စစ်ကောင်စီဘက်က ပိတ်လိုက်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ လားရှိုးမြို့ခံတွေကတော့ ဒီကနေ့အထိ လားရှိုး- မန္တလေးလမ်းဟာ ယခင်အတိုင်း အသွားအလာရှိနေကြောင်း အခုလို ပြောပါတယ်။

“ ကျနော်တို့ ဒီမှာက မြို့ဝင်မြို့ထွက်လမ်းဆိုရင် ၂လမ်းရှိတာပေါ့။ အဓိကကတော့ နမ္မတူမြို့ ရှောင်လမ်းနဲ့ မယ်ဟန် လမ်းဆုံပေါ့။ ညအဲဒီနှစ်ပေါက်ပေါ့။ နမ္မတူလမ်းဆုံက သွားမယ်ဆိုရင်တော့ ညာဖက်ကို တက်သွားမယ်ဆိုရင် သိန္နီဘက်သွားတဲ့လမ်းကတော့ နဂိုတည်းက ပိတ်ထားတာ။ တိုက်ပွဲတွေ ဖြစ်တုံးကပေါ့နော်။ ကျနော်တို့ ဒီ မန္တလေး ကားတွေ ပြေးဆွဲနေတဲ့ ကုန်စည်စီးဆင်းမှုသွားရာ လမ်းကြောင်းကတော့ ပုံမှန်အတိုင်းပဲ မပိတ်ထားဘူး။ ခရီးသည်ကားတွေလည်း ဝင်တယ်။ ကုန်ကားတွေလည်း ဝင်တယ်။ ပုံမှန်အတိုင်းပဲ ပေါ့နော်။ "

အခြားလားရှိုးမြို့ခံတဦးကလည်း လားရှိုး- မန္တလေး လမ်းအခြေအနေကို အခုလို ပြောပါတယ်။

“ ကျနော်လည်း မနေ့ကမှာ လားရှိုးက ဆင်းလာတာ။ လားရှိုးရောက်တာ။ လမ်းတွေကတော့ လားရှိုးကနေ တန့်ယန်းဘက် ထွက်တဲ့ဘက်လည်း ထွက်လို့ ရတယ်။ သီပေါဘက်လည်း လာလို့ရတယ်။ မန္တလေး- လားရှိုးလမ်းမကြီးကတော့ သုံးလို့ ရနေဆဲပဲပေါ့။”

လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေအနက်မှာ လားရှိုး - သိန္နီလမ်း၊ လားရှိုး - နမ္မတူလမ်းက အသွားအလာ ပိတ်နေတာဖြစ်ပါတယ်။ တချိန်တည်းမှာတော့ လားရှိုးမြို့ကို ဒီရက်ပိုင်းအတွင်း ဝင်ရောက် တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒေသခံအမျိုးသမီးတဦးက ဒီလို သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက တစုံတရာ သတိပေး ပြောဆိုတာတော့ မရှိကြောင်း ပြောပါတယ်။

“ လားရှိုးအခြေအနေကလည်း မျိုးစုံပဲ။ တယောက်တမျိုးနဲ့ ဘယ်ဟာယုံရမလဲမသိဘူး။ အဲလို ဖြစ်နေတာ။ တချို့ ပြောတာကျတော့ ၂၀ရက်နေ့ကျရင် အပြီးတိုက်မယ် ဘာညာ အဲလိုမျိုးတွေပေါ့။ ပြီးခဲ့တဲ့ ဆိုရင်တော့ ၁၆ရက်နေ့ ဖြစ်မယ် ပြောတာလေ။ မဖြစ်သွားဘူးလေ။ အခုက ၂၀ရက်နေ့ကျရင် ဖြစ်မယ် အဲလို ပြန်ပြောတာ။ ပြည်သူက ပြေးရမလိုလို၊ ဘာပဲ ပြင်ဆင်ရမလိုလို။ ဒါပေမဲ့ ကျမတို့ကျတော့ ဒေသအုပ်ချုပ်ရေးမှူးပေါ့နော်။ အုပ်ချုပ်ရေးမှူးတို့ ရွာသူကြီးတို့ သူတို့က ရွှေ့ပြောင်းဖို့ ပြောလာပြီဆိုရင် ကျမတို့က ရွှေ့ပြောင်းရမှာပေါ့။ အခုလောလောဆည်တော့ ပြောင်းဖို့ဘာညာ အဲလိုမျိုး ရွှေပြောင်းဖို့တော့ မပြောသေးဘူး။ ”

လားရှိုးမြို့ အဝင်အထွက်လမ်းတွေ ပိတ်တဲ့ သတင်းနဲ့ပတ်သက်ပြီး တောင်ကြီးမြို့ရှိ ရှမ်းပြည်အစိုးရအဖွဲ့နဲ့ လားရှိုးမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြောရေးဆိုခွင့်မရှိကြောင်းသာ တုံပြန်ခဲ့ပါတယ်။ ဒီနှစ်ဆန်းပိုင်းကလည်း အလားတူ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လားရှိုးမြို့ခံအတော်များများ တိမ်းရှောင်တာတွေ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ လားရှိုးမြို့အဝင်အထွက်ကို လုံခြုံရေးပိုမိုတင်းကျပ်ထားသလို တယ်လီဖုန်းစစ်ဆေးတာတွေ ရှိပြီး VPN အသုံးပြုသူတွေကို ဒဏ်ရိုက်တာတွေ ရှိကြောင်းလည်း ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ တအာန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်တို့ပါဝင်တဲ့ညီနောင်မဟာမိတ် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တဲ့နောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။၂၀၂၄ခုနှစ် ဇန်နဝါရီလ မှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုနဲ့ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒီလ ၉ရက်နေ့မှာတော့ မိုးမိတ်မြို့နယ်အတွင်းက TNLA တပ်စခန်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG