သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးအနီးTNLA တပ်ဖွဲ့ရောက်၊ စစ်ရေး တင်းမာနေ


သီပေါ -နမ္မတူလမ်းပိုင်းဖျက်ဆီးထားသည်ကိုတွေ့ရစဉ် (ဇွန် ၁၂၊ ၂၀၂၄)
သီပေါ -နမ္မတူလမ်းပိုင်းဖျက်ဆီးထားသည်ကိုတွေ့ရစဉ် (ဇွန် ၁၂၊ ၂၀၂၄)

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အနီးတဝိုက်မှာ အင်အား အများအပြားနဲ့ စုဖွဲ့ဝိုင်းရံလာတဲ့ TNLA တပ်ဖွဲ့တွေကြောင့် လားရှိုးအခြေစိုက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နိုင်ခြေ အလားအလာများနေကြောင်း လားရှိုးဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာတော့ လားရှိုးမြို့ ပတ်ဝန်းကျင်က လမ်းပိုင်းတချို့ကို စစ်ကောင်စီဘက်က စက်ယန္တရားတွေနဲ့ ဖြိုဖျက်ထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ပတ်ဝန်းကျင်ကို တအာင်းလက်နက်ကိုင် TNLA တပ်တွေက ဝန်းရံပိတ်ဆို့နေပြီး မြို့ပေါ်မှာ စစ်ပွဲဖြစ်နိုင်ခြေ အလားအလာ များနေကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်နဲ့ နမ္မတူမြို့ကို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသလို လားရှိုး-သီပေါ-ကျောက်မဲ စတဲ့လမ်းတွေကိုလည်း ဇွန်လ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က စက်ယန္တရားနဲ့ ဖြိုချထားပါတယ်။

တကယ်လို့ လားရှိုးမြို့ပေါ်မှာ စစ်ဖြစ်လာပြီဆိုရင် အရေးပေါ်လူနာတွေကို သယ်နိုင်ဖို့အတွက် မြို့ထဲမှာရှိတဲ့ လူမှုကူညီရေးအသင်းအားလုံးကို စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်ခိုင်းထားကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ကြားသလောက်ကတော့ လားရှိုးမြို့ ပတ်ပတ်လည်လို့ ပြောတာပဲ၊ တော်တော်လေးကို အင်အားများနေပြီလို့ ပြောတာပဲ။ အဲဒါလည်း အတွင်းသတင်းနော်။ တကယ်လို့ ဖြစ်ခဲ့ရင်လည်း လားရှိုးမြို့ပေါ်မှာရှိတဲ့ ကူညီရေးအဖွဲ့တွေကို သူ (စစ်ကောင်စီ) က အခြားအသင်းအဖွဲ့တွေကို သူတို့က အဝင်မခံဘဲနဲ့ လားရှိုးမြို့ပေါ်မှာ Group ဖွဲ့ထားတဲ့အဖွဲ့ပဲ သူက တာဝန်ပေးဖို့က အလားအလာရှိတယ်။ မနေ့ကဆိုရင် အတော်အခြေအနေဆိုးတယ်။ ဖြစ်ဖို့ အလားအလာကတော့ ၇၅ ရာခိုင်နှုန်းလောက်ကတော့ သေချာတာပေါ့။"

မန္တလေးနဲ့ လားရှိုး လမ်းပန်းဆက်သွယ်ရေးကိုလည်း ဖြတ်တောက်ထားတယ်လို့ ပြောနေကြပေမဲ့ လက်တလောမှာတော့ လားရှိုးမြို့ပေါ်မှာ အသွားအလာ ရှိနေသေးကြောင်း ဒေသခံတဦးက ပြောပါတယ်။ လားရှိုးနဲ့ မိုင် ၄၀ လောက်ဝေးတဲ့ နမ္မတူမြို့ပေါ်မှာတော့ တိုက်ပွဲအခြေအနေ မစိုးရိမ်ရဘဲ သီပေါ-နမ္မတူလမ်းကို စစ်ကောင်စီဘက်က ဖျက်ဆီးထားလို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားကြောင်း ဒေသခံတချို့က ပြောပါတယ်။

" အခြေအနေကတော့ နမ္မတူနဲ့ မန္တလေးလမ်းပေါ့နော်၊ နမ္မတူကနေ သီပေါဖြတ်ရတယ်၊ သီပေါကတော့ ဖြတ်လို့မရတော့ဘူး။ ဘူဒိုဇာနဲ့ထိုးလိုက်တော့ မြောင်းတူးလိုက်တာပေါ့ ကားသွားလို့မရအောင်။ အဲဒါ မိန်းလမ်းကြီးပဲ။ အဲလမ်းပိတ်လိုက်တော့ နမ္မတူက အကုန်လုံး လမ်းပန်းဆက်သွယ်ရေးက အကုန်ပြတ်တောက်သွားတာ။ ကုန်စျေးနှုန်းတွေက တက်လာတာပဲ တောက်လျှောက်။"

ရှမ်းပြည်မြောက်ပိုင်းဒေသက စစ်ကောင်စီတပ်စခန်း အတော်များများကို သိမ်းပိုက်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ရေးအရ အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်မှုရနေချိန်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ လအတော်ကြာ အပစ်အခတ် ရပ်နားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးမိတ်မြို့နယ်မှာရှိတဲ့ တအာင်းလက်နက်ကိုင် TNLA ရဲ့ စခန်းတခုကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်မှု မရှိခဲ့ပါဘူး။ ရှမ်းမြောက်ဒေသမှာ ဒီပဋိပက္ခတွေကြောင့် နောက်တကျော့ စစ်ပွဲတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ အများစုက ခန့်မှန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG