သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရကြောင်း TNLA သတင်းထုတ်ပြန်


မိုးမိတ်မြို့နယ် အခြေစိုက် တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့ကြောင်း TNLA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၉၊ ၂၀၂၄)
မိုးမိတ်မြို့နယ် အခြေစိုက် တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့ကြောင်း TNLA ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၉၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ပြောလိုက်ပါတယ်။ TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲဖို့ သဘောတူထားပြီးနောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာလို့လည်း TNLA ကပြောပါတယ်။ တကျော့ပြန် စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေပါ တိမ်းရှောင်နေရတဲ့ မိုးမိတ်ဒေသ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

မိုးမိတ်မြို့နယ် အခြေစိုက် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့သလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြုပါတယ်။ တနင်္ဂနွေနေ့မှာ တပ်စခန်းကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်ခဲ့တာဟာ စစ်ရေးမဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ဇန်နဝါရီလကစ အပစ်အခတ်ရပ်စဲထားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်းTNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို ပြောပါတယ်။

“ မနေ့က ၄နာရီခွဲကနေ ၅နာရီ ဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ လက်နက်ကြီး လာပစ်သွား တယ်။ နောက်တစီးကတော့ ပေါင် ၅၀၀ ဗုံးကို လာကြဲသွားတာဖြစ်တယ်။ ၂ ကြိမ်က လက်နက်ကြီး ပစ်တယ်။ တကြိမ်က ပေါင် ၅၀၀ ဗုံးကြဲသွားတယ်။ ကျမတို့ဘက်က တပ်သား ၃ ဦးကတော့ ဒဏ်ရာ ပြင်းထန်ရသွားတယ်။ ကျန်တဲ့ဟာတော့ ထိခိုက်မှုတော့ မရှိဘူး။ ကျမတို့ကို ဦးတည်တိုက်ခိုက်တာ ကတော့ ဒါတော့ ပထမဆုံးအကြိမ် ပေါ့နော်။”

အဓိက ပစ်ခတ်ခံရတာကတော့ မိုးမိတ်မြို့နယ် ပန်းတင်ရွာနဲ့ မန်ပိန်းရွာအကြားရှိ စခန်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ဇန်နဝါရီလ ၁၁ရက်က ဟိုင်ဂင်သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတော့ TNLA တပ်တွေ လှုပ်ရှားရာ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီလ ၄ရက်နေ့ကလည်း မိုးမိတ်မြို့နယ် မန်ဖွယ်နဲ့ သရက်တောရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မိုးမိတ်မြို့နယ်က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။
ဒီရက်ပိုင်းတွေမှာတော့ မိုးမိတ်မြို့မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ဒေသခံအတော်များများဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြောင်းလည်း မိုးမိတ်ဒေသခံတဦးက ပြောပါတယ်။

“ မိုးမိတ်ထဲက အကုန်လုံးပြေးကြကုန်ပြီ။ ၈ ရက်နေ့လောက်က စပြေးတာ။ ၁၀ ရက်နေ့ ချမယ်လိုလို၊ ၁၁ ရက်နေ့ချမယ်လိုလို အဲလို ပြောနေတာ။ မြို့ထဲမှာက လူတွေ မရှိတော့ဘူး။ စစ်သားတွေတော့ ရောက်နေပြီ အခုလောလောဆည်က။ ”

အခြား မိုးမိတ်ဒေသခံတဦးကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အဖွဲ့ပေါင်းစုံရောက်ရှိနေတာ ကြောင့် အရင်လို တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေကြကြောင်း ပြောပါတယ်။

“ မိုးမိတ်ကတော့ အဖွဲ့အစုံရောက်နေပြီ။ အဲဒီ ဟိုဘက် ပန်းတင်ဘက်ကို လေယာဉ်နဲ့ မနေ့ညနေက လာထုသွားတယ်လို့တော့ ပြောတာပဲ။ မြို့ထဲက ဘယ်သူမှ မရှိကြတော့ဘူးဗျ။ အကုန်ရှောင်သွားပြီ။ ဒီတခါ တော်တော်ကို လန့်နေတာ။ ဘာလို့လဲဆိုတော့ အရင်တခါ ဖြစ်တုံးက လက်နက်တွေ လူတွေ ဘာမှ ကောင်းကောင်း မမြင်ရဘူးလေ။ တော်လှန်ရေးအဖွဲ့တွေကို မမြင်ရဘူး။ အခုဟာက မြင်နေရပြီ။ မြင်နေရတာကလည်း တဖွဲ့တည်းလည်း မဟုတ်ဘူး။ အဖွဲ့အစုံကို မြင်နေရတာဆိုတော့ တော်တော်လန့်တယ်။ တချို့လည်း ရှောင်ခိုင်းတယ်။ ”

ဒီရက်ပိုင်းမှာ တရက်၊ တရက်ကို ကားအစီး ၂၀ ကျော်လောက် မိုးမိတ်က ထွက်ခွာတိမ်းရှောင်နေသလို အချို့ကလည်း ဘေးလွတ်ရာ တောတောင်တွေဘက် တိမ်းရှောင်တာလည်း ရှိကြောင်း ပြောပါတယ်။

ဒီနှစ် ဇန်နဝါရီလကလည်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA ပူုးပေါင်းတပ်တွေ အကြား တိုက်ပွဲပြင်းထန် ခဲ့ပါတယ်။
ဒီတိုက်ပွဲကြောင့် မိုးမိတ်မြို့က ပြည်သူ ၆၀၀၀ကျော်လောက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရသလို တိုက်ပွဲအတွင်း လူ အနည်းဆုံး ၂၇ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၁၅၀ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်က လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဒီလ ၄ ရက်နေ့က မိုးမိတ်မြို့နယ်က သူတို့တပ်စခန်းကို စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်တာရှိခဲ့ပေမဲ့ ဒီရက်ပိုင်းမှာတော့ မိုးမိတ်ဘက်မှာ သူတို့တပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာ မရှိကြောင်း ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဘက်မှာတော့ မနေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ KIA တပ်စခန်းဘက်တွေကို ၂ကြိမ် ဗုံးကြဲတိုက်ခိုက်တာရှိကြောင်းနဲ့ ဒီနေ့တော့ တိုက်ပွဲဖြစ်ပွားတဲ့သတင်း မရသေးကြောင်း ပြောပါတယ်။
“ ဒီနေ့တော့ ဘာသတင်းထူးတာမှတော့ မတက်ဘူး။ မနေ့က ညနေပိုင်းကတော့ ဖားကန့်မြို့နယ်ပေါ့။ ကျနောတို့ တပ်မဟာ ၇နယ်မြေဘက် ဗုံးလာကြဲတာရှိတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာရှိတယ်။ နောက် ညမှာလည်း တပ်ရင်း ၆နယ်မြေဘက်မှာ ဗုံးလာကြဲတယ်။ အဲဒါကတော့ ရှိတယ် ဖြစ်စဉ်ကတော့။”
ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် မိုးမောက်၊ မန်စီနဲ့ ဗန်းမော်ဘက်တွေမှာ စစ်ရေးတင်းမာမှုတွေ ဆက် ရှိနေသလို ဝိုင်းမော်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG