သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမိတ်တိုက်ပွဲအတွင်း မြို့ခံအများအပြားသေဆုံး


ယခင်မှတ်တမ်းရုပ်ပုံ | လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ ပျက်စီးသွားတဲ့ လူနေအိမ်များ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ ပျက်စီးသွားတဲ့ လူနေအိမ်များ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မိုးမိတ်မြို့ တိုက်ပွဲမှာ အရပ်သား ၄၀ ခန့်သေဆုံးရပြီး မဘိမ်းမြို့တိုက်ပွဲမှာတော့ အရပ်သားတွေ အထိအခိုက်သိပ်မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က နောက်ဆုံးရ သတင်းတွေကို ကိုစည်သူက တင်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၂မြို့နဲ့ ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းယူခဲ့တာပါ။ တနင်္ဂနွေနေ့မနက်က ခရိုင်အဆင့် မြို့ဖြစ်တဲ့ မိုးမိတ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ မိုးမိတ်က မနေ့က မနက် အဲဒီအချိန်မှာ သိမ်းလိုက်ပြီ။ မိုးမိတ် ရဲစခန်း၊ မြို့မ ရဲစခန်းတို့၊ စစ်တပ်ကုန်းတို့၊ အကုန်လုံး သိမ်းလိုက်ပြီး အဲဒီဘက်မှာ။ တိုက်တာကတော့ ၃ရက်လောက်ရှိတာပေါ့။ ဒါပေမဲ့ သိမ်းတာကတော့ မနေ့က အစောကြီး သိမ်းလိုက်တာ။ အဲဒီနေရာမှာလည်း ကျနော်တို့ KIA တို့ ၊ ABSDF တို့၊ NUG – PDF တို့ အားလုံး တပ်ပေါင်းစုတွေက သိမ်းပိုက်တာဖြစ်ပါတယ်။ ”

မိုးမိတ်မြို့ ဝန်းကျင်မှာ လွန်ခဲ့တဲ့ ၁၀ရက်ကျော်ခန့်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး ဒီလ ၁၈ရက်နေ့မှာ မြို့တွင်းတိုက်ပွဲတွေ စတင်ခဲ့ရာက ၂၁ရက်နေ့မနက်မှာ သိမ်းယူခဲ့တာပါ။ မိုးမိတ်မြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်သလို လေကြောင်းကနေလည်း တိုက်ခိုက်တာကြောင့် ဒေသခံတွေ အသေအပျောက်များခဲ့ကြောင်း မိုးမိတ်မြို့ခံ တဦးက ပြောပါတယ်။

“ အထိများတာကတော့ဗျာ ရှင်းရှင်းပြောရရင် တပ်က အမြောက်နဲ့ လှမ်းပစ်တာ။ အိမ်တွေ ထိတော့ အဲဒီမှာ အိမ်ထဲ သေတဲ့လူတွေကော ဘာတွေကောပေါ့ဗျာ။ အဲဒါ ကျချင်တဲ့နေရာကျ၊ သေချင်တဲ့ကောင်သေ အဲလိုဖြစ် တာ၊ လေကြောင်းကတော့ အကြိမ်ရေတော့ ပြောမနေနဲ့ အကြိမ်ရေတောင် မမှန်းနိုင်တော့ဘူး။ မနေ့ကဆိုရင် မနက်ကြီး မိုးတောင်မလင်းသေးဘူး။ မှောင်မှောင်ကြီး ရှိသေးတယ်။ ၅နာရီလောက်ကို လာကြဲတယ်။ ဈေးထဲတွေ၊ မြို့ထဲတွေ အကုန်ချတာပေါ့ဗျာ။ ဈေးမီးလောင်သွားပြီ။ သူတို့က ဒီလိုဗျ။ နည်းနည်းလေး လူတွေများရင်ကို အသွားအလာများရင်ကို ချတော့တာ။ အသေအပျောက် ကျနော်တို့ ခန့်မှန်းတာကတော့ ၄၀လောက်တော့ရှိပြီဗျ။ ပက်ပက်စက်စက်ဆိုးတယ်။”

လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ နေအိမ်တွေပျက်စီးခဲ့ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ နေအိမ်တွေပျက်စီးခဲ့ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

မိုးမိတ်မြို့မှာ ဈေး၊ဌာနဆိုင်ရာရုံးတွေနဲ့ လူနေအဆောက်အုံအများအပြားပျက်စီးခဲ့ကြောင်းနဲ့ ဒေသခံပြည်သူတွေဟာ မန္တလေး၊ မိုးကုတ်နဲ့ အနီးအနားဝန်းကျင်က ကျေးရွာတွေဆီကို ထွက်ပြေး တိမ်းရှောင်ကုန်တာကြောင့် မြို့တွင်းမှာ လူကုန်သလောက်ရှိနေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မန္တလေး မြစ်ကြီးနားလမ်းပေါ်က မဘိမ်းမြို့ကိုလည်း မနေ့ မနက်က သိမ်းယူခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ ဟုတ်ကဲ့။ မဘိမ်းကလည်း မနေ့က မနက်က သိမ်းလိုက်ပြီ။ ကျနော်တို့ KIA တို့၊ နောက် AA တို့၊ PDF တို့ အားလုံး ပူးပေါင်းပြီးမှ ဝင်စီးပြီးမှ မနေ့က သိမ်းလိုက်ပြီ။ အပြီးအစီး သိမ်းလိုက်ပြီ ။ အဲဒီ မဘိမ်းမြို့မှာလည်း။ ”

မဘိမ်းမြို့ကို ဒီလ ၂၀ရက်နေ့က စတင်တိုက်ခိုက်ပြီး ၂၁ရက်နေ့ မနက်ပိုင်းမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၉ရက်နဲ့ ၂၀ရက်နေ့ကလည်း ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးအနီးရှိ ခမရ ၄၂၄ စခန်းနဲ့ ဖားကန့်မြို့နယ် ဝှေခါက ခမရ ၄၂ တပ်စခန်း ၂ခုကို သိမ်းယူခဲ့ကြောင်းလည်း အတည်ပြု ပြောပါတယ်။ မဘိမ်းတိုက်ပွဲမှာတော့ အရပ်သားတွေ အထိအခိုက်သတင်း မကြားသိရကြောင်း မဘိမ်းဒေသခံက ပြောပါတယ်။

“ အရပ်သားတွေ ထိခိုက်တာတော့ မကြားဘူးဗျ။ ”

မဘိမ်းမြို့ခံအများစုဟာ တိုက်ပွဲစတင်ချိန် ၂၀ရက်နေ့တည်းက အနီးအနားကျေးရွာတွေမှာ တိမ်းရှောင် နေကြကြောင်းနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုလည်း နည်းပါးကြောင်း ပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေက မိုးမိတ်နဲ့ မဘိမ်းမြို့ကို သိမ်းယူခဲ့တဲ့ ဒီလ ၂၁ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ မိုးကုတ်နဲ့ မိုးမိတ်အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ကျောက်မဲမြို့နယ်ရှိ သူတို့တပ်စခန်းကိုလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့ကြောင်း တအာင်းတပ် TNLA သတင်းထုတ်ပြန်ပါတယ်။ လက်ရှိ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အတွင်းတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG