သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ အရပ်သားသေဆုံးမှုတွေရှိ


လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ နေအိမ်တွေပျက်စီးခဲ့ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ နေအိမ်တွေပျက်စီးခဲ့ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဒီကနေ့လည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးတာတွေရှိသလို ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေပါ ထိခိုက်ပျက်ဆီးမှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ၂ရက်ကြာ ဖြစ်ပွားနေတဲ့ မိုးမိတ်တိုက်ပွဲအခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဒီလ ၁၈ရက်နေ့ကစတင်တိုက်ပွဲဖြစ်ပွားနေပြီး ဒီကနေ့မှာလည်း ဒုတိယမြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။ ၂ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေကြောင်း မိုးမိတ်ဒေသခံ တဦးက VOA ကို အခုလို ပြောပါတယ်။

“ ဖြစ်နေတုံးဗျ။ အခုလည်း ဖြစ်နေတုံးဗျ။ ရဲစခန်းမှာဖြစ်တာဗျ။ အခု တမနက်ခင်းလုံးအဲဒီကနေ ပစ်နေတာဗျ။ စခန်းထဲကနေပြီး ပစ်နေတာကြတာ။ လေယာဉ် ဗုံးတွေနဲ့လည်း ကြဲနေတာ တမနက်ခင်းလုံးပဲဗျ။ မနေ့ကလည်း မနက် ၉နာရီလောက်ကနေ ညနေ ၃နာရီလောက်ထိဗျ။ အနည်းဆုံးတော့ ၄- ၅- ၆ကြိမ် မကဘူးဗျ။ မနေ့ ကပိုပြီးတော့ ပြင်းတယ်ဗျ။ တနေကုန်၊ ဒီနေ့က လေယာဉ်နဲ့ ပိုကြဲတော့ ဒီနေ့က တော်တော်လေး များတယ်ဗျ။”

မနေ့တုန်းကတော့ ရဲစခန်းက အလံဖြူထောင်ပြီး လက်နက်ချခဲ့ကြောင်းနဲ့ ဗျူဟာကုန်းမှာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ အရပ်သားတွေ ထိခိုက်မှုအခြေနေကို မေးမြန်းရာမှာတော့ ဗုံးခိုကျင်းထဲက မထွက်နိုင်တာကြောင့် သေချာ မသိရကြောင်းနဲ့ မြို့ခံတွေအတော်များများကတော့ ဘေးလွတ်ရာကို တိမ်းရှောင်ကုန်ကြကြောင်း ဆက်ပြောပါတယ်။

“အဲလောက်ထိတော့ မသိရသေးဘူးဗျ။ ကျနော်တို့လည်း ဗုံးကျင်းထဲမှာပဲ နေနေရတာမို့၊ တမြို့လုံးနီးပါးတော့ ရှောင်ကုန်ကြပြီဗျ။ ”

အခြားဒေသခံတဦးကတော့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်ဆီးသလို အရပ်သား သေဆုံးတာတွေလည်း ရှိကြောင်း ပြောပါတယ်။

“ ဘုန်းကြီးကျောင်းက ရွှေဇာလီ ဘုန်းကြီးကျောင်းပါတယ်။ အာသံရွာထဲက နည်းနည်းပါးပါး ထိတယ်။ အဲဒီမှာလည်း သေတဲ့ဟာ နောက်ထပ် ၃လောင်းတောင်ထိထားတာ။ ဘယ်ကဟာတွေလဲတော့ မသိဘူး။ ဘယ်သူမှလည်း မရှိဘူး။ သွားလဲ မကြည့်ရဲဘူး။ ကျနော်တို့ရွာထဲက ထိတဲ့ဟာတွေကတော့ ထိတယ်။ အိမ်တွေ မီးလောင်တဲ့ဟာတွေ လောင်တယ်။ မြို့ထဲကဟာတွေကတော့ အခုလောလောတည် ရွာထဲကို ထွက်ပြေးကြတာ။ ပွဲကျနေတာပဲလို့ ပြောတယ်။ မနက်က ၈နာရီ၊ ၉နာရီ အချိန်မှာ။ မနေ့ညကလည်း ပိန်းပျစ်မှာ လက်နက်ကြီး ထိတာ မိသားစု ၄ယောက်ဟာ သေတဲ့ဟာသေ၊ အူတွေ ထွက်တဲ့ဟာထွက်၊ အဝေးကနေ လှမ်းထုတာပေါ့။ အဲလိုမျိုး။”

မနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ခုပ်တန်းရပ်မှာ လူတဦးသေဆုံးပြီး ကလေး ၆ယောက် ထိခိုက်ခဲ့ကြောင်းလည်း မိုးမိတ်မြို့ခံတွေက ပြောပါတယ်။ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA-KPDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ခန့်ရှိနေပါပြီ။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဆက်သွယ်ရေးအခြေအနေအရ မိုးမိတ်တိုက်ပွဲအခြေအနေကို သေချာ မသိရကြောင်းနဲ့ လက်ရှိ ဒေသတွင်း တိုက်ပွဲအခြေအနေတွေကို အခုလို ပြောပါတယ်။

“ အဲဒီဘက်က အခြေအနေကတော့ မရဘူးခင်ဗျ။ မိုးမိတ်ကတော့။ ဖားကန့်ဘက်ကတိုက်ပွဲကတော့ ခါတိုင်းလိုပေါ့ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်တယ်။ ဒါပေမဲ့ စခန်းသိမ်းတာတွေကတော့ အခုထက်ထိ မကြားရသေးပါဘူး။ မနေ့ကတော့ လေကြောင်းနဲ့လာပြီး ပစ်တယ်လို့ ပြောတယ်။ ဒီနေ့ကလေကြောင်းလာတာလည်း ဘယ်လိုလဲတော့ မသိဘူး။ အဲဒီဘက်က ဒါပေမဲ့ တိုက်ပွဲက ဆက်ရှိပါတယ်။ မန်စီမြို့နယ်ဘက်ကတော့ မန်ဝိန်းကြီးရဲ့ အနောက်တောင်ဘက်ကျမှာပါ ။ စခန်းတခု ခမရ ၄၂၄လား မသိဘူး။ တခု သိမ်းတယ်ဆိုတဲ့ သတင်းထွက်ပါတယ်။ ဒါပေမဲ့ မြေပြင်သတင်းတွေ အတိအကျ ပြည့်ပြည့်စုံစုံကတော့ မရသေးဘူး။ ဒါပေမဲ့ စခန်းသိမ်းတယ်ဆိုတာကတော့ ကြားရပါတယ်။ ”

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ဘက်မှာလည်း တိုက်ပွဲဆက်ဖြစ်ပွားနေကြောင်းနဲ့ မြေပြင် အဆက်အသွယ်တော့ မရသေးကြောင်း ပြောပါတယ်။ ကချင်သတင်းမီဒီယာအချို့မှာတော့ ရွှေကူမြို့နယ်မှာလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းအပါအဝင် စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းနေရာ ၄နေရာလောက်ကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြကြပါတယ်။ ဗိုလ်မှုးကြီးနော်ဘူကတော့ အောက်ခြေက သတင်းပေးပို့တာမရှိကြောင်း ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီ နဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ အကြားမှာတော့ ဒီလ ၁၁ရက်နေ့က ယာယီ အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးနောက်မှာ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပေမဲ့ ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ရှိ ရှမ်းနဲ့ ကချင်ဒေသတွင်း တိုက်ပွဲတွေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG