သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမိတ်မှာ KIA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်


မိုးမိတ်မြို့
မိုးမိတ်မြို့

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ရဲစခန်းကို သိမ်းယူလိုက်သလို စစ်ကောင်စီဘက်ကတော့ လေကြောင်းကပါ တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က သူတို့ သိမ်းယူထားတဲ့မြို့တွေပေါ်မှာ အုပ်ချုပ်ရေးယန္တရားတွေကို စတင်ဖော်ဆောင်နေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက နောက်ဆုံးရ သတင်းတွေကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

မိုးမိတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက်သတ္တတပတ်ကျော်ကြာမြင့်ခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာတော့ မိုးမိတ်မြို့ပေါ်မှာပါ တိုက်ပွဲတွေဖြစ်ပွားလာနေတာပါ။ မိုးမိတ်မြို့တိုက်ပွဲအခြေအနေကို မိုးမိတ်မြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ မိုးမိတ်ဘက်မှာကတော့ ဒီနေ့က တိုက်ပွဲ မိုးလင်းကတည်းက တိုက်တာ အခု ရဲစခန်းတွေ ဘာတွေပါ သိမ်းပြီးပြီ အဲလိုတော့ ကြားတယ်။”

အခြားမြို့ခံတဦးကလည်း လေကြောင်းက အနည်းဆုံး ၂ ကြိမ် လာရောက်တိုက်ခိုက်ကြောင်း ပြောပါတယ်။

“ဗုံးကြဲတာတော့ စခန်း၊ မြို့မ ရဲစခန်းနားတွေပေါ့။ မြို့ထဲတွေ၊ မြောက်ပိုင်းတွေ၊ ရပ်ကွက်တွေ လိုက်ရှောက်ပြီးတော့ ပစ်တာ။ လေယာဉ်နဲ့ ပြန်သွား ပြန်လာနဲ့ နှစ်ခေါက်တော့ ရှိပြီဗျ။ အခုက ဈေးဘက်နားလေးတွေ မြောက်ပိုင်းတွေမှာ ချနေတာ။ ၄ နာရီလောက်တည်းက ဖြစ်တာ။ ၁၁ လောက် ခဏငြိမ်သွားပြီး ပြန်ဖြစ်နေပြန်ပြီ။ ”

လောလောဆည် အပြင်ထွက်မကြည့်နိုင်တာကြောင့် အရပ်သားတွေ ထိခိုက်တဲ့ အခြေအနေတော့ သေချာမသိရကြောင်းပြောပါတယ်။ ရှမ်းမြောက် ဒေသတွင်းသတင်းတွေကို အဓိက ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနကတော့ မိုးမိတ်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ကြောင်းနဲ့ နေ့ခင်း ၁၂နာရီလောက်က ရဲစခန်းက အလံဖြူထောင်ပြီး လက်နက်ချခဲ့ကြောင်း ဖော်ပြပါတယ်။

မိုးမိတ်တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာမှာတော့--

“ ကျနော်တို့က အတည်ပြုပေးနိုင်တဲ့ အချက်အလက်တွေ ဘာမှ မရှိဘူး။ ကျနော်တို့ ဖုန်းအဆက်အသွယ် လည်း မရဘူးဖြစ်နေတာ။ တိုက်ပွဲဖြစ်တယ်ဆိုတာကို လိုင်းပေါ်မှာ တက်သလောက်ပဲ ကျနော်တို့ ကြားရတာ။ ”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ မိုးမိတ်မြို့နယ် မန်ပတ်၊ မန်ဖွယ်၊ အုန်းချောနဲ့ ရွှေဇာလီဘက်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားကြောင်း မိုးမိတ်ခရိုင် KPDF အဖွဲ့ သတင်းထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLAက သူတို့ သိမ်းယူထားတဲ့ မြို့နယ်တွေမှာ ဒေသအုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ပြောပါတယ်။

“ မြို့တိုင်းမှာတော့ အုပ်ချုပ်ရေးတွေချပြီးမှ ကျနော်တို့ လုပ်ငန်းတွေ စပြီးမှ လုပ်နေပါတယ်ဗျ။ ကျနော်တို့ သိမ်းထားတဲ့ မြို့အားလုံး ပေါ့နော်။ ၇ မြို့ အကုန်လုံးမှာ ဆောင်ရွက်နေတယ်။”

PSLF/TNLA က နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ မိုင်းလုံမြို့တွေကို သိမ်းယူထားတာဖြစ်ပါတယ်။ ဒီလ ၁၁ရက်နေ့က စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့တို့ ယာယီအပစ်ရပ်ဖို့ သဘောတူပြီး နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသအတော်များများမှာ တိုက်ပွဲတွေ ရပ်ဆိုင်းနေခဲ့ပေမယ့်လည်း ဒီလ ၁၆ရက်နေ့က ကိုးကန့်ဒေသအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA အကြား တိုက်ပွဲဖြစ်ပွားကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ညီနောင် မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ တိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ ရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG