သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်နိုင်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့ကြေညာ


မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ထားသည့် မိုးမိတ်မြို့နယ်အတွင်းက ဆင်ကင်(ကျန်ကန်) စစ်ကောင်စီတပ်စခန်းကို TNLA တအောင်းအဖွဲ့က သိမ်းယူအပြီးဓါတ်ပုံ (ဇန်နဝါရီ ၅၊ ၂၀၂၄)
မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ထားသည့် မိုးမိတ်မြို့နယ်အတွင်းက ဆင်ကင်(ကျန်ကန်) စစ်ကောင်စီတပ်စခန်းကို TNLA တအောင်းအဖွဲ့က သိမ်းယူအပြီးဓါတ်ပုံ (ဇန်နဝါရီ ၅၊ ၂၀၂၄)

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ တပ်စခန်းတချို့ကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင် အင်အားစုတွေ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ တိုးလာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ ပြောပြပေးမှာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရက်ပေါင်း ၇၀ကျော် ကြာမြင့်လာချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ မနေ့တုန်းကတော့ စစ်ကောင်စီရဲ့ အဓိကတပ်စခန်း ၂ ခုကို သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာထားပါတယ်။ တနင်္ဂနွေနေ့မှာပဲ ကွတ်ခိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း PSLF / TNLA တအာင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက VOA က ပြောပါတယ်။

“ ကွတ်ခိုင်မြို့ကတော့ မနေ့ ညနေချိန်မှာ ကျမတို့ TNLA တပ်ဖွဲ့က ဝင်ရောက်ပြီးတော့မှ ရှင်းလင်းသိမ်းပိုက် နိုင်ခဲ့တယ်။ အသေးစိတ်ကိုတော့ ကျမတို့ ဆီ သတင်းမတက်လာသေးဘူး။ ဟုတ်ကဲ့ ဒီနေ့ တိုက်ပွဲကတော့ တက်လာတာ မတွေ့ရသေးဘူး။ ပြီးခဲ့တဲ့ ၂ရက်က ဆိုရင် မိုးမိတ်ဘက်မှာ ရှိမယ်။ နောင်ချိုဘက်မှာရှိမယ်။ ကျောက်မဲဘက်မှာ ရှိမယ်။”

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ သိန္နီအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ ၁၆ ကို တနင်္ဂနွေနေ့ မနက် ၁၀နာရီ နဲ့ ကွတ်ခိုင်အခြေစိုက်ဗျူဟာကုန်းကို ည ၁၁နာရီမှာ အပြီးသတ်ချေမှုန်းသိမ်းယူ ခဲ့ကြောင်း ဖော်ပြပါတယ်။ PSLF / TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက သိန္နီအခြေစိုက် စကခ ၁၆ ဌာနချုပ်ကို MNDAA က သိမ်းယူတာ ဖြစ်လို့ သတင်းအသေးစိတ် မသိရကြောင်း ပြောပါတယ်။

“ ဒီဟာကျတော့ ကျမတို့ အသေးစိတ် မသိရဘူးပေါ့နော်။ ဒီ မဟာမိတ် တပ်ဖွဲ့ MNDAA က သိမ်းတာဖြစ်ပြီး တော့မှ အသေးစိတ်ကိုတော့ သူတို့ကိုပဲ ဆက်သွယ်လိုက်ပါနော်။ ”

MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဇန်နဝါရီလ ၇ ရက်နေ့က နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းက ၂ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆရာ၊ ဆရာမ ၅ဦးသေဆုံးပြီး ကျောင်းသား ၃ယောက်အပါအဝင် ၆ယောက် ဒဏ်ရာရခဲ့ကြောင်းနဲ့ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာမှာလည်း လေကြောင်းက ဗုံးကြဲတာကြောင့် အမျိုးသမီး ၄ဦး ဗုံး ထိမှန်သေဆုံးကြောင်း PSLF/ TNLA က သတင်းထုတ်ပြန်ပါတယ်။

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ထားသည့် မိုးမိတ်မြို့နယ်အတွင်းက ဆင်ကင်(ကျန်ကန်) စစ်ကောင်စီတပ်စခန်းကို TNLA တအောင်းအဖွဲ့က သိမ်းယူအပြီးဓါတ်ပုံ (ဇန်နဝါရီ ၅၊ ၂၀၂၄)
မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ထားသည့် မိုးမိတ်မြို့နယ်အတွင်းက ဆင်ကင်(ကျန်ကန်) စစ်ကောင်စီတပ်စခန်းကို TNLA တအောင်းအဖွဲ့က သိမ်းယူအပြီးဓါတ်ပုံ (ဇန်နဝါရီ ၅၊ ၂၀၂၄)

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ဒေသခံ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှာလည်း စစ်ကောင်စီရဲ့ တပ်စခန်း ၂ခုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၆ရက်နေ့က သိမ်းယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တပ်စခန်းတွေ သိမ်းပိုက်တာနဲ့ပတ်သက်ပြီး မသိရသေးကြောင်းပြောဆိုပြီး ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာ ၃ရက်ခန့်ရှိပြီး၊ ဒီနေ့လည်း ဆက်လက်ဖြစ်ပွားနေကြောင်း ပြောပါတယ်။

“ အဲဒါတော့ သေချာ မသိဘူး။ တိုက်ပွဲဆက်ဖြစ်တယ်ဆိုတဲ့သတင်းလောက်ပဲ ကျနော်တို့ ကြားပါတယ်။ ဒီနေ့နဲ့ ဆိုရင်တော့ ၃ရက်လောက်ရှိပြီ။ သူတို့ ပြောတာကတော့ ဝှေခါပေါ့။ နမ့်ယား အဲဒီဘက်မှာ ဖြစ်ပါတယ်။ ”

ဒေသတွင်း သတင်းမီဒီယာတွေကတော့ ဝှေခါ တပ်စခန်းနဲ့ နမ့်ယားရွာအနီးက နမ့်တိန်တပ်စခန်း သိမ်းယူတာဖြစ်ကြောင်းဖော်ပြကြပါတယ်။ မနေ့ညပိုင်းက နမ့်မှော်ရွာအနီးနဲ့ ဒီကနေ့ မနက်မှာလည်း ဝှေခါနားမှာ တိုက်ပွဲထပ်မံဖြစ်ကြောင်းနဲ့ ဝှေခါရွာဘက်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေ ရှိကြောင်းလည်း ဖော်ပြပါတယ်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဝှေခါနဲ့နမ့်မှော်ရွာဘက်က ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ ဆိပ်မူရွာက ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေဆီကို တိမ်းရှောင်ခိုလှုံနေရပါတယ်။ ဖားကန့် ဒေသခံတဦးကတော့ စစ်ရှောင်တွေအခြေအနေကို အခုလို ပြောပါတယ်။

“ ဆိပ်မှုကတော့ဘုန်းကြီးကျောင်းပေါ့လေ။ ဘုန်းကြီးကျောင်းရယ်၊ ဘုရားကျောင်းရယ် ရောက်တယ်တဲ့။ အဲဒီမှာလည်း ပြည့်နေတာဆိုတော့ နေစရာမရှိလို့ ဆိုလို အခု မမုံကို ကူးခဲ့ကြတာတွေ။ ဆိပ်မူမှာကတော့ ထောင်ပိုင်းလောက်ရှိတယ် ပြောတယ်။”

ဆိပ်မူမှာရောက်ရှိနေတဲ့ စစ်ရှောင်တွေဟာ ဆွတ်ငိုင် ဘုရားကျောင်း၊ မှော်ရှန်ဘုန်းကြီးကျောင်း၊ တောင်ပေါ်ရှမ်းဘုန်းကြီးကျောင်း၊ စိန္တသုခ ဘုန်းကြီးကျောင်း ၄နေရာမှာ လူ ၂၅၀၀ခန့် ရောက်နေကြောင်း ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။ ၂၀၂၃ခုနှစ် သြဂုတ်လက ဖြစ်ပွားတဲ့ ကသိုဏ်းတောင်တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့စစ်ရှောင်တွေဟာ ဆိပ်မူဘက်ကို တိမ်းရှောင်ခဲ့ရဖူးပါတယ်။ ဖားကန့်ဒေသ တိုက်ပွဲတွေကြောင့် လောလောဆည်မှာ မြစ်ကြီးနား - ဖားကန့် လမ်းပေါ်ရှိ နမ့်ယားဂိတ်ကို ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG