သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့တို့ကြား ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲ


ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည့် ပလက်ဝမြို့နယ်တခုလုံးကို သိမ်းပိုက်ပြီးနောက် ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့မှာ ရိုက်ကူးထားသည့် AA တပ်သားများရဲ့ ဓါတ်ပုံ (ဇန်နဝါရီ ၁၄၊ ၂၀၂၄)
ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည့် ပလက်ဝမြို့နယ်တခုလုံးကို သိမ်းပိုက်ပြီးနောက် ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့မှာ ရိုက်ကူးထားသည့် AA တပ်သားများရဲ့ ဓါတ်ပုံ (ဇန်နဝါရီ ၁၄၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့တို့ကြား ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲ

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသား ညီနောင် မဟာမိတ် (၃) ဖွဲ့ ကြား ယာယီ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်ရှိနေတယ်လို့ ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ ဇန်နဝါရီ (၂၀) ရက်နေ့ စနေညပိုင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လားရှိုးမြို့နယ်၊ နမ့်တွန်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ နယ်စပ်တံတားဘက်ကို လက်နက်ကြီးနဲ့ (၃) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို ညီနောင် (၃) ဖွဲ့က ထိုးစစ် စတင်ခဲ့တာက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ၈၆ ရက် ရှိလာပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောနဲ့ မင်းပြားမြို့နယ်တွေဘက်မှာတော့ မဟာမိတ် အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား မြို့တွင်းတိုက်ပွဲတွေ နေ့စဉ်နီးပါး ဆက်ဖြစ်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းနဲ့ ရေကြောင်းကနေ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ညီနောင် (၃) ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

AA ကတော့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခ-မ-ရ တပ်ရင်းတွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်နေပြီး ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည်ကျေးရွာအနီးက စစ်ကောင်စီအခြေစိုက်တပ်စခန်းနဲ့ ထီးစွဲကျေးရွာအနီးက စခန်းနှစ်ခုကိုတော့ အခုရက်ပိုင်းထဲ သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အရင် ရက်ပိုင်းက မီဒီယာတွေမှာ ဖော်ပြကြတဲ့ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာ လက်နက်ကြီး ပစ်ခတ်မှု အတွင်း ခြောက်နှစ် အရွယ် ကလေး တဦးအပါအဝင် ပြည်သူ နှစ်ဦး သေဆုံးခဲ့တဲ့ သတင်းကို ငြင်းဆိုပြီး မမှန်သတင်း အဖြစ် သူတို့ ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ ဒီနေ့ (ဇန်နဝါရီ ၂၁ ရက်) ထုတ်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရှမ်းမြောက်က မိုးမိတ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့မ ဈေးတခုလုံး မီးလောင်ခဲ့တဲ့ သတင်းကိုလည်း သတင်းတု အဖြစ် ထုတ်ပြန်ပါတယ်။

မိုးမိတ်မြိုခံတွေရဲ့ ဗွီအိုအေကို ဇန်နဝါရီ ၁၉ ရက်နေ့က ပြောကြားချက်မှာတော့ မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ တိုက်ပွဲ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေလို့ လူ‌သေဆုံး ထိခိုက်မှုနဲ့ အဆောက်အအုံတွေ ပျက်စီးမှု ရှိတယ်လို့ ဖြေကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG